Tuesday, January 12, 2010

ကိုအမောင်ပခန်း အတွက် တားရော့ တစ်သက်စာ

ကျွန်တော့်နာမည် ကိုပခန်းလို့ ခေါ်ပါတယ်။ တားရော့ပညာကို စိတ်ဝင်စားပါတယ်။ လေးလည်းလေးစားပါတယ် ခင်ဗျာ။ ကျွန်တော့် အနာဂတ် ဘ၀ရပ်တည်မှု အတွက် တားရော့ပညာရပ်အရ အမြင်လေးကို သိချင်ပါတယ် ခင်ဗျာ။ လိုအပ်တဲ့ Data အချက်အလက်ကိုလည်း တောင်းခံနိုင်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုပခန်း


လွန်ခဲ့တဲ့ လေးလလောက်က ဗေဒင်ဟောဖို့ တောင်းဆိုထားတဲ့ email တွေထဲမှာ နက္ခတ်ဗေဒင်မှတ်စုများ ကို စိတ်ရှည်လက်ရှည် ရေးသားတင်ဆက်နေသူ ကိုပခန်းဆီက စာတစ်စောင် ပါပါတယ်။

အရင်က တားရော့ အတွေ့အကြုံကို ပြောပြတဲ့ post တစ်ခုမှာ ရေးခဲ့ဖူးပါတယ်။ ဝေးကွာလွန်းတဲ့ အနာဂတ်ကို တားရော့နဲ့ သိပ်မခန်းမှန်းချင်ဘူးဆိုတာပါ။ နောက်တစ်ချက်က ကိုယ်တိုင် စနစ်တကျတွက်ချက်လေ့လာနေတဲ့ နက္ခတ်ဗေဒင် ဆရာတစ်ယောက်ကို မဟောရဲတာကိုပါ ရောချပြီး ‘ကိုပခန်းရေ.. နောက်မှ.. နောက်မှ’ လို့သာ စကားပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်တော့ ဇွတ်မေ့ချင်ယောင်ဆောင်ထားပြီး ရေးပေးမယ် ပြောထားတဲ့ သူ့ဘ၀ အနာဂတ်ရေးကို သူ့မွေးနေ့နဲ့ ကြုံကြိုက်တာနဲ့ပဲ ရေးဖို့စဉ်းစားမိပါတယ်။ သူငယ်ချင်း ကိုအုပ်စိုးကလည်း `တားရော့ဟာ မှန်တယ်ဆိုရင် ဝေးဝေးနီးနီး မှန်ကို မှန်ရမှာပဲလေ... ကိုယ့်ပညာကို ယုံကြည်စမ်းပါ...´ ဆိုတာနဲ့။

ဒီတော့ ကိုပခန်းရေ... ဇွတ်တိုက်တွန်းလို့သာ ရေးရပါတယ်။ တခါမှကို တစ်သက်တာအတွက် မဟောကြည့်ဘူးလို့ စမ်းဟောသလို ဖြစ်သွားခဲ့တယ်ဆိုရင် ကိုအမောင်ပခန်းနှင့်တကွ စာဖတ်သူများအား တောင်းပန်ပါတယ်လို့...။

ဒီနေရာမှာ ကျမ အသုံးပြုတဲ့နည်း ကတော့ တစ်သက်တာလို့ အဆုံးသတ် ရည်မှန်းယူဆထားတဲ့ နောက်ဆုံးကဒ်အထိ တကဒ်ပြီးတကဒ် စီသွားတာပါပဲ။ အဲဒီမှာ စုစုပေါင်း 12 ကဒ်တိတိ ပဲသုံးပြီး မှန်းဆထားပါတယ်။


1) 2 of Pentacles - ကိုပခန်းဟာ ၀င်ငွေ ၂ ခု ရှိသူလို့ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ အဲ့ဒီဝင်ငွေ ၂ မျိုးကို လှည့်ပတ် သုံးစွဲနေရမယ့် သဘောမှာရှိပါတယ်။










2) Lover - ဒီကဒ်ကတော့ ချစ်သူရခြင်း... အလုပ်နေရာငှာနမှာ ရာထူးနဲ့ ချစ်သူကို ရွေးချယ်ရခြင်းကို ဆိုလိုပါတယ်။











3) Page of Cup - စိတ်ကူးဥာဏ်ထက်မြက်သူ... အကူအညီ ပေးလိုသူ သာရေးနာရေး တွေမှာ ပါဝင်ကူညီ ရတတ်သူလို့ ဆိုနိုင်ပါတယ်။











4) 3 of Pentacles - ကတော့ အပေးအကမ်း ရက်ရောသူ၊ သင်ကြားပြသပေးရသူ အပြောထက် အလုပ်နဲ့ သက်သေပြတတ်သူ၊ လက်စွမ်းပြတတ်သူလို့ သဘောရပါတယ်။










5) Knight of Pentacles - ကတော့ ငွေရေးကြေးရေးမှာ တာဝန်ယူရသူ အများ ယုံကြည်ခံရသူ နောက်တခုကတော့ မိမိ အလုပ်ရှုပ်နေချိန်မှာ သူများခံစားချက်ကို ဥပေက္ခာ ပြုတတ်သူလို့ ဆိုလိုပါတယ်။









6) 7 of Swords - ကတော့ ရှေ့တမျိုးနောက်တမျိုး ဆက်ဆံတတ်သူ၊ ပါးနပ်သူ၊ အလစ်အငိုက်ဖမ်းပီး တိုက်ခိုက် တတ်သူလို့ ပြဆိုပါတယ် (ဒါပေမယ့် သူများကို အဆုံးအထိ ဒုက္ခပေးတတ်သူတော့ မဟုတ်ပြန်ပါဘူး။)









7) 2 of Wands - အမြဲပဲ ရှေ့ရေးကို စူးစမ်းတတ်သူ ပညာအသစ်များကို လေ့လာတတ်သူ ခေတ်မှီပေ့ ဆိုတဲ့ နောက်ဆုံးပေါ် ပညာရပ်ကို သင်ချင်တတ်ချင်သူဖြစ်ပါတယ်။ လက်ရှိ တတ်မြောက်နေတဲ့ ပညာနဲ့ ဘယ်တော့မှ တင်းတိမ်တတ်သူ မဟုတ်ပါဘူး။









8) 6 of Swords - ကတော့ ဘေးကင်းရာကို ရွှေ့ပြောင်းရခြင်း၊ သို့တည်းမဟုတ် မလုပ်ချင်တာကို လုပ်သင့်လို့ လုပ်ရခြင်းကို ပြဆိုပါတယ်။











9) Knight of cups - သူတပါးဖိတ်ခေါ်ခံရခြင်း ချီးမွန်းခံရခြင်း၊ အချစ်ရေးမှာ စိတ်ပါလက်ပါရှိခြင်းကို ပြဆိုပါတယ် ။











10) Wheel of Fortune - အပြောင်းအလဲ တခုခုကို ဆိုလိုပါတယ်။












11) 10 of Pentacles - ပြည့်စုံကြွယ်ဝတဲ့မိသားစု ဘ၀ကို ပြောပါတယ်။












12) Death - ဒါကတော့ ဘ၀အဆုံးသတ် နေ၀င်ချိန်ဖြစ်ပါတယ် ။











ဒီတော့ ကိုပခန်းမေးတဲ့ ဘ၀အနာဂတ်ကို ချုံပြောရရင်တော့ဖြင့်... နောက်ဆုံး ကတ်ပြား ၃ချပ်အရ... ရုတ်တရက် အိမ်ထောင်ကျ ပါလိမ့်မယ်။ ပြည့်စုံကြွယ်ဝတဲ့ မိသားစုဘ၀ကို တည်ဆောက်နိုင်ပါလိမ့်မယ်။ အမွေ အနှစ်များလည်း ရပါလိမ့်မယ်။ ဘ၀နေ၀င်ချိန်အထိ အေးချမ်းမယ်လို့ ယူဆပါတယ်။


ကိုပခန်းမေးရေ... အမေးရှိလို့ အဖြေပြုလိုက်ပါပြီ။ ကိုပခန်းရဲ့ နက္ခတ်အမြင်လေးနဲ့ ဆန်းစစ်ပြီး သုံးသပ် ကြည့်ပါဦးလို့...။

မေတ္တာဖြင့်
မိုးသူ

+++++++++++++

1- 2 of Pentacles အဟောက ၀င်ငွေ ၂ ခုဆိုတာကိုလက်ခံပါတယ်ခင်ဗျာ။
ကျွန်တော့်အတိတ်ကာလတွေမှာ ပုံမှန်လစာငွေအပြင် အခြား ၀င်ငွေတစ်ခုကို အမြဲလိုလို ဖန်တီးထားခဲ့ပါတယ်ခင်ဗျ။ ဒါကလည်း လိုအပ်တယ်လို့ ထင်လို့ကြိုးစားခဲ့ရတာပါခင်ဗျာ။

9- Knight of cups အဟောကလို ချစ်ရေးကိစ္စတွေကြုံပါတယ်။

2- Lover ကဒ်အဟောမှာ ချစ်သူကို ရွေးချယ်မယ်ဆိုပေမယ့် Knight of Pentacles အရ ပြင်းထန်တဲ့ ရည်ရွယ်ချက်ရှိချိန်မှာတော့ ကျွန်တော်ဟာ အချစ်ရေးကို လျစ်လျှူရှုမိခဲ့ရပါတယ်။ (သုံးခုပေါင်း)

3 of Pentacles အဟောလိုကြောင့် ထင်ပါရဲ့ဗျာ အမြဲလိုလို ပင်ပမ်းပါတယ်။ သူငယ်ချင်း တစ်ယောက်ကို မယ်ဒလင်ကို တစ်ပတ်နဲ့တတ်တယ် ဇွတ်မှိတ်ငြင်းခဲ့မှုကြောင့် လက်ဖျားမှာ သွေးချေဥ သွေးထွက်သည်ထိ တစ်ပတ်တွင်း မယ်ဒလင်ကျင့်ပြီး သက်သေပြဖူးပါတယ်။

7 of Swords အဟောထဲကလို လူလည်တစ်ယောက် ဖြစ်တာလည်း လက်ခံပါတယ်။ ပခန်းသားကိုးဗျ။ ဒါပေမယ့် လူယုတ်မာတစ်ယောက် မဖြစ်အောင် ထိန်းပါတယ်ဗျာ။
`
2 of Wands ပညာဆိုတာနဲ့ ခုံမင်ပါတယ်။ တစ်ဦးဟာ တစ်ဦးအတွက်ဆရာပါပဲလို့ ခံယူပြီး ပညာအားလုံးကို ခုံမင်ပါတယ်။ လေ့လာဆဲပါပဲခင်ဗျ

6 of Swords ထဲကပြောသလို မလုပ်ချင်တာကို လုပ်သင့်လို့ လုပ်ရတာကတော့ ထူးပြောနေစရာမလိုပါဘူးဗျာ။ ဒီနေ့ ဒီအချိန် ဒီမှာနေရတာနဲ့ အိမ်ထောင်မကျသေးတာသာကြည့်ပါတော့ဗျာ။

Wheel of Fortune နဲ့ 10 of Pentacles ကတော့ ကျွန်တော်စော့်မျှော်ကြည့်ရဦးမယ့် အနာဂတ်ပေါ့ဗျာ။

Death ကတော့ တွေးနေကျပါ။

ကိုပခန်း

5 comments:

  1. အပေါ်က ဖေါ်ပြထားတဲ့ ကားချပ်တွေနဲ့ ရာသီစက် ဆက်စပ်ပုံတစိတ်တဒေသ ဖေါ်ပြကြည့်လိုက်ပါတယ်ခင်ဗျ။

    2 of Pentacles အဟောဟာ ကျွန်တော့်ဇာတာက ၀င်ငွေတန့်ဖြစ်တဲ့ ၁၁ တန့်က ၃င်္ဂါနဲ့ ၀နေပူး စုံတွဲက တိုက်ရိုက်ဖေါ်ပြဟန်ရှိပါတယ်။
    အလွယ်မြင်နိုင်တဲ့ ပင်မ အသက်မွေးဝမ်းကျောင်းကိုယ်စားပြု ဥစ်ဂြိုလ် ၀နေနဲ့ ယှဉ်ပြိုင်ရတဲ့ ၃ င်္ဂါသဘောက ပေါ်ပင်ပင်ပေါက် လုပ်ငန်းမျိုးကို ပြတာပါပဲခင်ဗျ။

    Lover ကဒ်ကတော့ ကျွန်တော့်ဇာတာက လဂ်နဲ့ပူးတဲ့ ၇ တန့်အိမ်ရှင်နဲ့ ဆင်တူပါတယ်။ နီးစပ်မှုက လွှမ်းမိုးတဲ့ သဘောကိုပြပါတယ်။
    သံယောဇဉ်ကြီးတတ်တယ်ပေါ့ဗျာ ဟီး

    Page of Cup အဟောအရ ပရဟိတလုပ်ငန်းမျိုး လုပ်တတ်တာမျိုးကလည်း လဂ်နဲ့အတူ ဂြိုလ်တော်တော်များများကို ၀နေမြင်ရာက ပဗ္ဗဇ္ဇယုဂ်လိုမျိုး ကူညီတတ်စေတာမျိုးပါ။

    3 of Pentacles သဘောကတော့ လဂ်နဲ့လဂ်အိမ်ရှင် ၅တေးတို့ပူးတာက ဆိုလိုမယ်ထင်ပါတယ်။ ၅ တေးဟာ ၄ တန့်အိမ်ရှင်လည်းဖြစ်တာရယ် သူနဲ့အတူ ၁ နွေနဲ့ ၂ လာတို့ အတူရှိတာကြောင့် ပိုင်ဆိုင်လိုစိတ်နည်းတာမျိုး လှူဒါန်းချင်တာမျိုး ဖြစ်တတ်ပါတယ်။

    Knight of Pentacles အဟောက ကိုးတန့်အိမ်ရှင်နဲ့ လဂ်ဆက်သွယ်တာမျိုးက ပြမယ်ထင်ပါတယ်။ ကျွန်တော့်ဇာတာမှာက ကိုးတန့်အိမ်ရှင်က လဂ်ကိုလာပူးပါတယ်။

    7 of Swords အဟောက ပါးနပ်သူ လူလည် ဆိုရာမှာ ကျွန်တော်ကြည့်ဖူးသမျှလေးတွေထဲက မှတ်သားမိသမျှမှာ
    ဂြိုလ် ၄ လုံးလောက်ပူးသူတွေဟာ ဒီ အမူအကျင့်မျိုးရှိတာတွေ့ရပါတယ်။

    2 of Wands အဟောအရ ပညာလိုတာကတော့ ကျွန်တော့်ဇာတာက ၅ တေးအရေးပါမှု လွမ်းမိုးမှုနဲ့ ဆက်စပ်လို့ရပါတယ်။

    6 of Swords အရ မလုပ်ချင်တာလုပ်ရတာကတော့ ၁၂ တန့်မှာ ပါပ ကတ္တရီမိတဲ့ ၆ ကြာက ပြဆိုပါတယ်။

    Wheel of Fortune အပြောင်းအလဲဆိုတာကတော့ ၁၂ တန့်မှာ ၉ ကိတ်ဂြိုလ်ရပ်တာနဲ့ တင် မခန့်မှန်းနိုင်ဖြစ်ရပါတယ်။ ဘ၀အလှ အိမ်ထောင်သည် ဘ၀ ချစ်မှုရေးရာ ၆ ကြာကို ရာဟု မြင်ထားတော့ ကျွန်တော့်ကိုကျွန်တော်လည်း မခန့်မှန်းနိုင်ပါဘူး။

    ကိုယ့်ဖက်ကတော့ အကောင်းဆုံးကို ပြင်ဆင်လျှက်ပေါ့ခင်ဗျာ။

    အောက်ကလင့်မှာ ဇာတာက ရာသီစက်ကို ဖေါ်ပြပေးထားပါတယ်ခင်ဗျ။
    http://img96.imageshack.us/img96/9921/222bci.jpg

    မှတ်ချက်။ ။ကဒ်တွေရဲ့ သဘောကို ကိုယ်တိုင်မတတ်မြောက်တာရယ် နက္ခတ်နဲ့ ဆက်စပ်ပုံကို တိကျစွာမသိတာရယ်ကြောင့် စိတ်ထဲရှိတဲ့အတိုင်း မတင်ပြနိုင်ဖြစ်ရပါတယ်။
    လက်တွေ့မှာ လုံးဝဆက်စပ်တယ်ဆိုတာကို မိုးသူနဲ့ ပေါင်းဟောခဲ့တဲ့ ဟောကွက်တွေမှာ ထပ်တူတူခဲ့တာတွေအရ သိထားပါတယ်ခင်ဗျာ။
    တားရော့နဲ့ ပတ်သတ်လို့ ကိုယ်တွေ့ကြုံခဲ့တာလေးတွေကိုလည်း ပိုစ့်တစ်ခုအဖြစ်တင်ပြချင်ပါသေးတယ်ခင်ဗျာ။
    ကျွန်တော်လေ့လာချင်တဲ့ ပညာရပ်ထဲမှာ တားရော့ဟာလည်း တစ်ခုအပါအ၀င်ဖြစ်တာမို့ တပည့်အဖြစ်လက်ခံပေးဖို့ တောင်းဆိုပါတယ်။ ဟောပြပေးတဲ့ မိုးသူကို ကျေးဇူးတင်လျှက် ...

    ကိုပခန်း

    ReplyDelete
  2. လာရောက် ဖတ်ရှု အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုပခန်းခင်ဗျား။ ကျွန်တော်ကတော့ လီနော်မန် ကတ်တွေကို ပိုစိတ်ဝင်စားပါတယ်။ Astrological Lenormand ဆိုပြီး ကတ်ပြားတွေ ရှိပါတယ်။ ကိုပခန်းဆိုရင်တော့ အလွယ်တကူ လေ့လာနိုင်မယ်လို့ ထင်ပါတယ်။ ဒီလင့်ခ်မှာပါ...

    http://www.lenormand.eu/meaning-lenormand-astrological.php

    ခင်မင်စွာဖြင့်
    အုပ်စိုး

    ReplyDelete
  3. အဆိုပါလီနော်မန် ကဒ်တွေနဲ့ ကြည့်ပေးပါလား ကိုအုပ်စိုးခင်ဗျား။ အစ်ကိုပေးတဲ့ link ကိုလည်း သွားကြည့်လိုက်ပါ့မယ်ခင်ဗျာ။
    လေးစားလျှက်
    ကိုပခန်း

    ReplyDelete
  4. မှန်တယ်..ညီမရေ...
    အမလက်ခံတယ်။ နောင်ဖြစ်မဲ့ပခန်းရဲ့ ဘဝအဆုံးထိမခန့်မှန်းနိုင်သေးပေမဲ့
    အခုထိေ
    သူ့ရဲ့ ပုံစံကိုတော့ အမလဲအဲလိုပဲ ခန့်မှန်းမိတယ်။
    ဆရာမ..တော်ပါ၏ ..
    သူက..သူ့ပညာကိုဆုံးခန်းတိုင်တယ်လို့ထင်မှာမဟုတ်ဘူးလို့အမတော့ထင်တယ်။

    ReplyDelete
  5. ညီမ..ပညာကိုလေးစားပါတယ်။

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။