Friday, January 22, 2010

လီနော်မန် တစ်ထုပ် လက်ဆောင်ရခြင်း



အင်မတန်မှ ပျော်ပါသည်။ ကျွန်တော် အရူးအမူးလိုချင်နေသော Mystical Lenormad ဆိုသည့် ကတ်ပြားထုပ်လေး လက်ဆောင်ရခြင်းကြောင့်ဖြစ်သည်။ လက်ဆောင်ပေးသူမှာ အခြားသူဟုတ် ဤဘလော့ဂ်ကို ကျွန်တော်နှင့်အတူ ပါဝင် ရေးသားနေသူ... သူငယ်ချင်း မိုးသူဖြစ်သည်။ တားရော့၊ လီနော်မန် ကတ်ပြားများကို မြတ်နိုးသော ကျွန်တော့်အတွက် ဖော်မပြတတ်သော ကြည်နူးမှု ဖြစ်ရပါသည်။ ယခု ကျွန်တော်ရောက်နေသော နိုင်ငံသည် ဗေဒင် အစရှိသည်တို့ ယုံကြည်သော်လည်း လီနော်မန် ကတ်ပြားများကို ၀ယ်၍မရပါ။ တားရော့သာ လူသိပါသည်။ အင်္ဂလိပ် စာအုပ်အဟောင်း ရောင်းသော ဆိုင်များသို့ သွားရောက် မေးမြန်းသည့်တိုင်... လီနော်မန်ကတ်ပြားများကို ဘယ်သူမှ မသိကြပါ။ လီနော်မန်ကတ်ဟု မေးသောသူသည် သဲကန္တာရမှာ ရေရှိမရှိမေးသကဲ့သို့ပင်။ မတွေ့လျှင် လိုချင်လေ ဖြစ်သည်မှာလည်း လူတို့ သဘာဝပေတည်း။

ဆရာမင်းသိင်္ခက သူတို့ခေတ်မှာ အဲလို ကတ်ပြားထုပ် လက်ဝယ် မရမီ မဂ္ဂဇင်း စာအုပ်ထဲက ပုံတွေကို မိတ္တူဆွဲ၊ ကစားတဲ့ ဖဲချပ်မှာ ကော်နဲ့ကပ်ပြီး ခနော်ခနဲ့ သုံးကာ ဟောခဲ့ရသည်ဟု ဆိုသည်။ ကျွန်တော့်အခု သုံးပြီး ဟောနေသော လီနော်မန် ကတ်ပြားများမှာ ဆိုင်မှ ၀ယ်ယူထားတာ မဟုတ်ဘဲ အင်တာနက်မှ ရှာတွေ့သော ပုံတွေကို Name Card ရိုက်သော လိပ်စာ ကတ်ပြားလေးများကို ၀ယ်ပြီး သူငယ်ချင်း တစ်ယောက်၏ Printer ဖြင့် ထုတ်ထားခြင်း ဖြစ်သဖြင့် ဆရာမင်းသိင်္ခ၏ တားရော့ထက်တော့ ပိုသပ်ရပ်မည်ဟု ထင်သည်။



ဆရာ မင်းသိင်္ခက တားရော့ တစ်ထုပ် လက်ဆောင်ရတာကို `တားရော့ အစစ် တစ်ထုပ် ရောက်လာခြင်း´ ဟု ဆောင်းပါး တစ်ပုဒ် ရေးသည်။ ကျွန်တော်ကတော့ ထိုသို့ မဆိုချင်ပါ။ လီနော်မန် အစစ်တစ်ထုပ် ရောက်လာခြင်း ဆိုလျှင် လောလောဆယ် လက်ထဲမှာ အသုံးပြုနေသော လီနော်မန်က အတုလိုလို မစစ်သလိုလို ဖြစ်နေမည်။ ထို့ကြောင့် ဒီတိုင်းပဲ လက်ဆောင်ရသည်ဟု ခေါင်းစဉ် တပ်လိုက်ပါသည်။ လီနော်မန် ဖဲထုပ်အမျိုးအစား မျိုးစုံ ရှိသည့်အထဲတွင် Blue Owl Lenormand နှင့် ယခု ရသော Mystical Lenormand တို့ကို လှပပြီး တိကျလွယ်ကူမှု ရှိသဖြင့် လီနော်မန် ဟောသူအများစု အသုံးပြုကြတာများပါသည်။



အဆိုပါ ဆရာမင်းသိင်္ခစာအုပ် ထဲမှာပဲ သူဟာ မိတ်ဆွေတစ်ယောက်က တားရော့ တစ်ထုပ် လက်ဆောင်ပို့လိုက်သဖြင့် အပျော်လွန်ပြီး ရန်ကုန်မြို့တစ်ပတ် ဆိုက်ကားပတ်စီး လက်ဘက်ရည် သောက်သည်ဟု ဆိုသည်။ ပြီးနောက် အပူရှပ်သဖြင့် ဆိုက်ကား ဆရာကော သူပါ သုံးရက်ခန့် အလုပ်နားရသည်ဟု ရေးထားလေ၏။ ကျွန်တော် ယခု ရောက်နေသော နိုင်ငံမှာ ဆိုက်ကားမရှိ သုံးဘီးကားသာ ရှိသည်။ အဲဒီ သုံးဘီးကား မြို့တစ်ပတ် ငှားစီးလျှင် ကျွန်တော် တစ်လလောက် ဗိုက်မှောက်ပြီး ထမင်းငတ်ဖို့သာ ရှိတော့သဖြင့် သူ့လိုလည်း မလုပ်နိုင်ချေ။ ထို့ကြောင့် ကျွန်တော့်အပျော်ကို အလွယ်ဆုံး နည်းလမ်းဖြင့် ဝေငှရန် ဘလော့ဂ် ပို့စ်တစ်ခု ရေးဖို့ ဆုံးဖြတ် လိုက်တော့သည်။ ဤပို့စ်နှင့် အတူ စာဖတ်သူများလည်း ပျော်ရွှင် ချမ်းမြေ့ပါစေသတည်း။

Mystical Lenormand ကတ်ပြားများကို စိတ်ဝင်စား၍ သိမ်းဆည်းလိုပါလျှင် >>ဤလင့်ခ်တွင်<< တွေ့ရှိနိုင်ပါသည်။

လေးစားခင်မင်စွာဖြင့်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။