Friday, February 19, 2010

Tarot နှင့် သူ၏ရုပ်ပုံများ (၁)

(Source: http://www.tarotteachings.com/images/TarotSymbols.jpg)

အခုတလော ခြေလှမ်းသွက်နေတဲ့ ကိုအုပ်စိုးတစ်ယောက် ကျွန်မ မမိုးသူ ကို Symbol Meanings of the Tarot ( A to Z ) ကို အားရင် အားသလို ဘာသာပြန်ဖို့ ထပ်မံ တောင်းဆို တာကြောင့် သူစိတ်ကျေနပ်အောင် စိတ်မပါ့တပါနဲ့ ဘာသာပြန်အလုပ်ကို နည်းနည်းလောက် စရပါတော့တယ်။ အဆိုပါ ရုပ်ပုံများမှာ Rider Waite တားရော့ပေါ်မှာ တွေ့ရှိနိုင်တဲ့ သင်္ကေတများပဲ ဖြစ်ပါတယ်။ တားရော့ကို တကယ်လေ့လာမယ်ဆိုရင် ဒီ သင်္ကေတတွေကို သိရှိဖို့ လိုပါလိမ့်မယ်။ ဒီသင်္ကေတွေဟာ ကောင်းကင်ဘုံ၊ စကြဝဠာ၊ မြင့်မြတ်တဲ့ အလွှာ စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အလကား ပရမ်းပတာ ထည့်သွင်းထားတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အဆိုပါ သင်္ကေတတွေနဲ့ ဖွဲ့စည်းထားတဲ့ တားရော့ ကတ်တွေဟာ အင်မတန်အစွမ်းထက်တဲ့ ကံကြမ္မာဖတ် ကိရိယာတွေ ဖြစ်နေရတာပါပဲ။

ဒီသင်္ကေတတွေကို လေ့လာခြင်းဖြင့် တားရော့ကို အပေါ်ယံ မဟုတ်ဘဲ နက်နက်နဲနဲကို နားလည်လာပါလိမ့်မယ်။ တားရော့စာအုပ်တွေမှာ ရေးသားထားတဲ့ စာများကို အလွတ်ဖတ်ပြီး ဟောကြားခြင်းထက်စာလျှင် အဆိုပါ သင်္ကေတတွေကို လေ့လာခြင်းဟာ စစ်စစ်ပေါက်ပေါက် နိုင်သလို စစ်စစ်ပေါက်ပေါက် မေးတတ်သူများကို စစ်စစ်ပေါက်ပေါက် ဖြေကြားပေးဖို့လည်း အလွန်ကို အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ A ကနေ Z အထိ အချိန်ရရင် ရသလို ဘာသာပြန်ပေးသွားမှာ ဖြစ်သလို... မပြည့်စုံခြင်း လိုအပ်ခြင်း စာဖတ်ရာ၌ ချောမွေ့မှု မရှိခဲ့ခြင်း စသည်တို့ ရှိခဲ့လျှင် ခွင့်လွတ်ဖို့ ကြိုတင် တောင်းပန်အပ်ပါတယ်။ (လိုအပ်သော Sketch ပုံများကို ကိုအုပ်စိုးမှ ရေးဆွဲပေးထားပါသည်)

+ + + + + + +


Angel

အိန်ဂျယ်လို့ ခေါ်တဲ့ နတ်သမီးတွေဟာ မြင့်မြတ်တဲ့ သတင်းစကားကို သယ်ဆောင်လာတဲ့ သင်္ကေတပါပဲ။ နတ်သမီးပုံ ကျလာခြင်းဟာ မေးမြန်းသူအတွက် မြင့်မားတဲ့ စိတ်ကူးစိတ်သန်းတွေ အဆင့်မြင့်တဲ့ အတွေးအခေါ်တွေ လာရောက်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

Angel ဆိုတဲ့ စကားလုံးဟာ ဂရိဝေါဟာရ Angelos ကနေ ဆင်းသက်လာပြီး Messangers သတင်းစကားသယ်ဆောင်သူလို့ အဓိပ္ပာယ် ရပါတယ်။ ယေဘုယျအားဖြင့် အိန်ဂျယ်တွေဟာ communication ဆိုတဲ့ ဆက်သွယ်မှုရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနတ်သမီးပုံ ကျလာရင်ဖြင့် ကျွန်ုပ်တို့ တခြား ဘယ်လို ဆက်သွယ်တယ်ဆိုတာကို ကြည့်သင့်တယ် ဆိုတဲ့ နိမိတ် လက္ခဏာလည်း ဖြစ်ပါတယ်။ အဲဒီတော့ အနားမှာ ရှိနေတဲ့ ကတ်တွေကို လေ့လာပြီး ဘယ်လို ဆက်သွယ်မှုဆိုတာ အဖြေထုတ် ဟောကြားရပါမယ်။

ဒါ့အပြင် အိန်ဂျယ်တွေဟာ ကျွန်ုပ်တို့ရဲ့ စွမ်းအင်တွေကို မျှတအောင် နေထိုင်ဖို့ ပြောကြားလာတာလည်း ဖြစ်ပါတယ်။ အိန်ဂျယ်တွေမှာ human + spirit ဆိုတဲ့ လူနဲ့ စိတ်ဝိဉာဉ် ဆိုင်ရာ စွမ်းအင်တွေ ပေါင်း စီးဆင်းနေတာကိုက ထူးခြားတဲ့ ရှုထောင့်တစ်ခုအနေနဲ့ မှတ်ယူလို့ရပါတယ်။

အနှစ်ချုပ် ပြောမယ်ဆိုရင် အိန်ဂျယ်သင်္ကေတေက ပြဆိုတာကတော့...

  • ရှင်းလင်းပြတ်သားမှု (Clarity)
  • သတင်းစကား (Messages)
  • ဆက်သွယ်မှု(Communication)
  • အဆင့်မြင့်တဲ့ တွေးခေါ်မှု(Higher Thinking)
  • ရည်ရွယ်ချက် (Purpose)
  • အသိစိတ်အား ဖွင့်လှစ်ခြင်း (Opening Awareness)
  • ပေါင်းစပ်ခြင်း (Combination)

Rider Waite တားရော့ ဖဲထုပ်မှာ အိန်ဂျယ် သင်္ကေတပါတဲ့ ကတ်ပြားတွေကတော့... Lovers, Wheel, Temperance, Judgment, Queen of Swords ကတ်တွေပဲ ဖြစ်ပါတယ်။



+ + + + + + +


Ankh

အီဂျစ်လူမျိုးတွေ အသုံးများတဲ့ Ankh ဆိုတဲ့ သင်္ကေတဟာ မျှတခြင်းနဲ့ မသေဆုံးခြင်းကို ကိုယ်စားပြုတာပါ။ ဒီသင်္ကေတဟာ “Life” ဆိုတဲ့ အသက်ဇီဝကို ပြဆိုပါတယ်။ ပုံထဲမှာ ပါတဲ့ ထိပ်က ကွင်းကလေးဟာ မိုးကုတ်စက်ဝိုင်းကနေ ထွက်ပြူလာတဲ့ နေမင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီပုံအရ နေမင်းဟာ အမြဲတမ်း ထွန်းလင်းနေပြီး ဘယ်တော့မှ မသေဆုံးခြင်း၊ မျှတနေခြင်းဆိုတဲ့ (Immortality & Balance) ကို ပြဆိုပါတယ်။

ဒီသင်္ကေတဟာ အမြင်သစ်ကို ထွင်းဖောက်ပြီး မြင်ခြင်းလို့လည်း ဆိုလိုပါတယ်။ ကျွန်ုပ်တို့ ဘဝတိုးတက်ဖြစ်တည် ရွေ့လျားနေခြင်းကို အတွက် အမြင်လို့လည်း ဆိုနိုင်သလို ကျွန်ုပ်တို့ရဲ့ သာမန်ပကတိ အခြေအနေကို ကျော်လွန်ပြီး တစ်ဆင့်တက်ခြင်းအတွက် အမြင်ဆိုင်ရာ တံခါးပေါက်လို့လည်း ဆိုနိုင်ပါတယ်။

ဒီသင်္ကေတ အရ နေမင်းနဲ့ ကမ္ဘာမြေပြင်ရဲ့ ဆက်သွယ်ထိစပ်နေခြင်းဟာ မြင့်မြတ်တယ် လို့လည်း ဆိုလိုပါတယ်။ အီဂျစ်လူမျိုးတွေ နေထိုင်ခဲ့တဲ့ နိုင်းမြစ်ဝှမ်း တစ်လျှောက်မှာ ရှိတဲ့ သီးပင်စားပင်တွေကို ဖြစ်တည်စေခြင်းဖြင့် ရှင်နေမင်းဟာ ကမ္ဘာမြေပြင်မှာ ရှိတဲ့ အသက်ဓာတ်ကို ပြုစုပျိုးထောင်ပေးသူ အဖြစ်လည်း မှတ်ယူကြပါတယ်။

ဒါ့အပြင် ဒီသင်္ကေတဟာ အခြားရှုထောင့် တမျိုးမျိုးကနေ ကြည့်မြင်ဖို့အတွက် မုခ်ဝတစ်ခုလို့လည်း ယူဆကြပါတယ်။ အီဂျစ်တွေဟာ ဒီသင်္ကေတကို သေခြင်းလောကကို ဖွင့်ဆိုသော သော့တံ အဖြစ်လည်း ယူဆကြပါတယ်။ ဒါကြောင့်လည်း ဒီသင်္ကေတကို အီဂျစ်တွေရဲ့ ခေါင်းတလားတွေမှာ ဆင်ယင်ရေးဆွဲကြတာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင် Ankh သင်္ကေတဟာ...

  • အကာအကွယ် (Protection)
  • မြင့်မြတ်မှု (Royalty)
  • ဂုဏ်ကျက်သရေ (Honor)
  • အလေးမြတ်ထားမှု (Sacred)
  • ဖုန်းကွယ်ထားသော ဉာဏ်ပညာ (Hidden Wisdom)
  • လိုက်လျောပြောင်းလဲခြင်း (Covenant)
  • စွမ်းအား (Power)
  • အခွင့်အာဏာ (Authority)

Rider Waite တားရော့ထုပ်မှာ Ankh သင်္ကေတပါတဲ့ ကတ်ကတော့ Emperor ကတ်ပြားဖြစ်ပါတယ်။



+ + + + + + +


Arch

Arch ဆိုတဲ့ အခုံးသဏ္ဍန် အဆောက်အဦပုံဟာ ဖွင့်လှစ်ခြင်း၊ ပေါင်းကူးပေးခြင်း၊ စတင်ခြင်းတို့ရဲ့ သင်္ကေတ ဖြစ်ပါတယ်။ တားရော့ဟောတဲ့အခါ ဒီ သင်္ကေတ ကျခြင်းဟာ မေးမြန်းသူအတွက် ဦးတည်ရာ အသစ်ဖြစ်လာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။

ဒီအဆောက်အဦတွေဟာ ဖွင့်လှစ်ခြင်း စတင်ခြင်းတို့နှင့်အတူ အခြားတစ်ဘက်ခြမ်းက အမြင်သစ်တွေကို ပြဆိုတဲ့အတွက် ယဉ်ကျေးမှု တော်တော်များများမှာ အခမ်းအနားတွေ၊ အသစ်ပြုပြင်တဲ့ ကိစ္စတွေမှာ အသုံးပြုတာကို တွေ့ရပါမယ်။ အမိုးခုံးအောက်မှ ဖြတ်သန်းသွားခြင်းဟာ အဟောင်းတွေကနေ သစ်လွင်တဲ့ ဘဝအခြေအနေဘက်ကို ကူးသန်းခြင်းလို့လည်း ယူဆနိုင်ပါတယ်။

ဒီအခုံးသဏ္ဍာန်ဟာ ကောင်းကင်ရဲ့ ကျယ်ပြောမှုကို ရည်ညွန်းတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဂရိ၊ ရောမတွေရဲ့ ကောင်းကင်နတ်ဘုရားတွေ ဖြစ်တဲ့ Zeus နဲ့ Jupiter တို့ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

တားရော့ကတ်မှာ ပါတဲ့ အမိုးခုံးတွေမှာ တိုင်၂လုံးစီပါတာကို တွေ့ရမှာဖြစ်တဲ့အတွက် ဒွိဆိုတဲ့ ၂ စုံ ၂ ခုကိုလည်း ကိုယ်စားပြုပြန်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ရွေးချယ်မှု ပြုလုပ်ရမှာကို ရည်ညွှန်းပါတယ်။

အဆောက်အဦတွေ ဆောက်တဲ့အခါ ဒီ အခုံးတွေကို အောက်ခံ Foundation အဖြစ်အသုံးချကြတဲ့အတွက် ဒီသင်္ကေတဟာ Protection ဆိုတဲ့ အကာအကွယ်ကိုလည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် “ရှေ့တိုးသွားလိုက်ပါ သင့်ကမ္ဘာကြီး ပြိုကျမလာပါဘူး၊ ထပ်ချဲ့ကားသွားတာပါ” ဆိုတဲ့ အဓိပ္ပာယ်လည်း ရပါတယ်။

အချိန်အနည်းငယ် ယူပြီး ဒီ အမိုးခုံး သင်္ကေတက ဘာကို ဆိုလိုလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။ တကယ်လို့ ဒီကတ်ကျလာရင် ဘာဖြစ်မှာလဲ... ဒီတော့ ဟောကြားတဲ့အခါ ရှင်းလင်းမှု ရှိစေဖို့ ဒီကတ်ဟာ သင့်ဘဝအတွက် ကျလာတယ်လို့ ယူဆပြီး ဒီမေးခွန်းတွေကို သင့်ကိုသင် အရင်ဆုံး မေးကြည့်ပါလား။

  • တကယ်လို့ ဒီကိစ္စကို အနှစ်ချုပ်လိုက်လို့ နောက်ဆုံး ရွေးချယ်စရာ နှစ်ခု ဖြစ်လာတယ် ဆိုရင် အဲဒါ ဘာပါလိမ့်။
  • ကျွန်ုပ်ဘဝအတွက် ဘယ်လို အခွင့်အလမ်းမျိုးကို ဖွင့်လှစ်လာမှာကို တွေ့မြင်ရမှာ ပါလိမ့်။
  • အမြဲတမ်း အခြားနည်းလမ်း ရှိတယ်ဆိုရင် တခြားဘာနည်းလမ်းကို ကျွန်ုပ် တွေ့နိုင်မှာပါလိမ့်။
  • ကျွန်ုပ်ဟာ အလင်းရောင်သစ်၊ နေရာသစ် ရှိတဲ့နေရာကို သွားဖို့ အသင့်ဖြစ်နေပြီလား။
  • ကျွန်ုပ်ဘဝ အနေနဲ့ တစ်နေရာက တစ်နေရာကို ဖြတ်သန်းသွားဖို့ အဆင်သင့် ဖြစ်နေပြီလား။

အခုံးသဏ္ဍာန် Arch ပါတဲ့ တားရော့ကတ်တွေကတော့... 4 of Wands, 3 of Pentacles, 10 of Pentacles ကတ်တွေပဲ ဖြစ်ပါတယ်။



+ + + + + + +


Armor

သံချပ်ကာဝတ်စုံ (Armor) ဆိုတာဟာ အကာကွယ်ပေးမှု၊ ပြင်ဆင်ထားမှုနဲ့ စွမ်းအားကြီးခြင်းတို့ကို ပြဆိုပါတယ်။ တားရော့မှာ ပါတဲ့ Knight ဆိုတဲ့ မြင်းစီးကတ်ပြားတွေ အကုန်လုံးဟာ သံချပ်ကာ အပြည့်နဲ့ ဆင်ယင်ထားတာကို တွေ့ရပါမယ်။ ဒါကြောင့် Knight ကတ်တွေဟာ လှုပ်ရှားမှုနဲ့ ခွန်အားကြီးခြင်းကို ပြဆိုပါတယ်။

ကိစ္စတစ်ရပ်ကို တားရော့နဲ့ ဖြန့်ခင်းလို့ ဒီသံချပ်ကာဝတ်စုံ ပါတဲ့ကတ် ကျလာခြင်းဟာ ကျွန်ုပ်တို့ အကာအကွယ် လိုအပ်တယ်ဆိုတာကိုလည်း ပြဆိုပါတယ်။ အခြားတစ်ဘက်မှာ မိမိကိုယ်ကိုယ် ကာကွယ်ထိန်းသိမ်းခြင်းလို့လည်း ယူဆနိုင်ပါတယ်။

တချို့တားရော့ ကတ်တွေမှာ ပြောင်လက်နေတဲ့ သံချပ်ကာဝတ်စုံတွေဟာ ကြေးမုံပြင်သဖွယ် ဖြစ်နေတာကို ကြည့်ခြင်းဖြင့် ကျွမ်းကျင်မှု ရှိတဲ့လူမှာ တခြားလူတွေရဲ့ သဘောထားနဲ့ အပြုအမူတွေ ထင်ဟပ်နေတာလို့ သိရှိယူဆနိုင်ပါတယ်။ ဒီတော့ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဆိုတဲ့ စကားလိုပါပဲ မိမိ လုပ်ခဲ့တဲ့ အပြုအမူတွေ ကံတရားတွေ ပြန်လည်ထင်ဟပ်လာခြင်းကိုလည်း ပြဆိုပါတယ်။ ဆိုလိုတာက သံချပ်ကာဝတ်ထားခြင်းဖြင့် အခြားရန်တွေမှ ကာကွယ်နိုင်ပေမယ့် မိမိမှာ မကောင်းစိတ်စသည် ရှိခဲ့ရင်ဖြင့် အဲဒီဟာကလည်း ကိုယ့်ဆီ တစ်ဖန်ပြန်လာနိုင်တယ်လို့ ဆိုလိုတာပါ။

နောက်တစ်ခုက သံချပ်ကာဝတ်စုံတွေဟာ ရှေးခေတ်က အမှန်တကယ် တည်ရှိခဲ့တဲ့ သူရဲကောင်း အဝတ်အစားတွေ ဖြစ်လေတော့ တားရော့ထဲမှာ ရှိနေတဲ့ ရှေးခေတ်က တရားသူကြီး စတဲ့ အခြားအရာတွေဟာလည်း ရှိနေတယ်ဆိုတဲ့ တစ်ဆင့်မြင့် စူးစမ်းရှာဖွေ ဆင်ခြင်မှုတစ်ခုကိုလည်း ပြဆိုနေပါတယ်။ ဒါမှမဟုတ် သင့်ကို မေးမြန်းတဲ့သူဟာ အဲလိုဖြစ်နေတယ်လို့လည်း ယူဆနိုင်ပါတယ်။

အနှစ်ချုပ်ဆိုရရင် Armor ဆိုတဲ့ သံချပ်ကာ ဝတ်စုံက ပြဆိုတဲ့ အဓိပ္ပာယ်တွေကတော့...

  • အကာအကွယ် (Protection)
  • ရဲရင့်ခြင်း (Valor)
  • ဆုံးဖြတ်ချက်ခိုင်မာခြင်း (Determination)
  • အဆင့်မြင့်မြင့် ယုံကြည်ချက် (Belief in a Higher Course)
  • သူရဲကောင်း စိတ်ဓာတ် (Chivalry)
  • ဖြူစင်သော နှလုံးသား (Pure of Heart)
  • ဂုဏ်သိက္ခာ (Honor)
  • စွမ်းအား ဆန္ဒ (Will)
  • ကိုယ်ပိုင် ပြယုဂ် (Self Image)
  • သတ္တိ (Courage)
  • ခွန်အား (Strength)

သံချပ်ကာ ဝတ်စုံပါတဲ့ Rider Waite တားရော့ကတ်တွေကတော့... Emperor, Chariot, Death, Knight of Wands, Knight of Cups, Knight of Swords, 4 of Swords, Knight of Pentacles ကတ်တွေပဲ ဖြစ်ပါတယ်။



ဆက်ရန်...

မေတ္တာဖြင့်
မိုးသူ

(Reference: http://www.tarotteachings.com/index.html)

1 comment:

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။