Friday, February 5, 2010

ဆိုက်ကိုမေထရီ (သို့မဟုတ်) သက်မဲ့ ၀တ္ထုများ၏ သက်ရှိဓာတ်အား အာရုံခံခြင်း (၁)



(Psychometry of an old photograph, Source: http://www.readersandrootworkers.org/index.php?title=Category:Psychometry)

ဖွင့်ဆိုအပ်သော ဇာတ်ကြောင်းများ

`ဒီပစ္စည်းသာ စကားပြောတတ်ရင် ဘယ်လို နောက်ခံဇာတ်ကြောင်းတွေများ ပြောမလဲ သိဘူးဗျ´ ဟု သင့်မိတ်ဆွေတချို့ ပြောကြသည်ကို သင်ကြားဖူးကောင်း ကြားမိပေလိမ့်မည်။ သဘာဝနယ်လွန် အာရုံသိမှုများ ESP (Extra Sensory Perception) အကြောင်းကို ဗဟုသုတ ရှိနေသူ တစ်ယောက်အဖို့တော့ အထက်ပါစကားသည် မှန်ကန်သည်ဟု ဆိုရပေတော့မည်။ သမိုင်းဝင်၊ မည်သည့် အရာဝတ္ထုပင် ဆိုပါစေ၊ ထိုပစ္စည်းမှာ ဖွင့်ထုတ်ပြောဆိုဖို့ နောက်ခံ ဇာတ်ကြောင်းတချို့ ရှိသည်က အမှန်ပင်ဖြစ်တော့သည်။ ပုံပမာ နှိုင်းပြရမည်ဆိုလျှင် စကားသံ၊ တီးလုံးသံ အစရှိသည်တို့ အသံသွင်းထားသော ကက်ဆက်တိတ်ခွေကို ပြရပေမည်။ အဆိုပါ တိတ်ခွေအား စက်တစ်ခုတည်းဖြင့် အကြိမ်ကြိမ် ပြန်လည်နားထောင် နိုင်သည်ပင် မဟုတ်ပါလော။

ကျွန်ုတို့ သက်ရှိလူသားများ အတွက်တော့ လျှပ်စစ်၊ သံလိုက် အစရှိသော မည်သည့် အာရုံခံ ကိရိယာ တန်ဆာပလာမှ မလိုချေ။ သက်မဲ့ ရုပ်ဝတ္ထုများတွင် သိမ်းဆည်း မှတ်သားကျန်ရစ်သော အဆိုပါ ဖြတ်သန်းသွားသော စိတ်ကူးစိတ်သန်း ခံစားချက်များကို ကျွန်ုပ်တို့ ပြန်လည် ကြားသိ အာရုံခံနိုင်သောကြောင့် ဖြစ်သည်။ ဆဋ္ဌမအာရုံ (Sixth Sense) ရှိသည်ဟု ယူဆရသူ အချို့သည် သက်မဲ့ပစ္စည်း အချို့ကို ကောက်ယူကိုင်တွယ်ယုံမျှဖြင့် အဆိုပါ ပစ္စည်းများတွင် ဖုံးကွယ်ထားသော တုန်ခါမှုများ၊ ပုံရိပ်များအား အဓိပ္ပာယ် ဖွင့်ဆိုနိုင်ကြလေသည်။ ထိုသူတို့အား Psychometrist (အာရုံခံသိနိုင်စွမ်း ရှိသူများ) ဟုဆိုရပေတော့မည်။

Psychometry ဆိုသော စကားလုံးသည် Psyche ၀ိဉာဉ်ဓာတ် (The Soul) နှင့် Metron တိုင်းတာခြင်း (Measure) ဟူသော ဂရိဝေါဟာရ နှစ်မျိုးကို ပေါင်းစပ်ဖွင့်ဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် Psychometry ကို အဓိပ္ပာယ်ဖွင့်ရပါမူ `သက်မဲ့ဝတ္ထုများ၏ အသက်ဝိဉာဉ်ဓာတ်အား တိုင်းတာ ဖွင့်ဆိုနိုင်သော စွမ်းရည်´ (the power to measure and interpret the soul of things) ဟု ဆိုရပေမည်။

ပရော်ဖက်ဆာ ဒန်တန် (Professor Denton)


အဆိုပါ Psychometry ဆိုသော ဝေါဟာရအား ဖန်တီးခဲ့သူမှာ ၁၉ ရာစု အမေရိကန် ဘူမိဗေဒ ပါမောက္ခ ပရော်ဖက်ဆာ ဒန်တန် ပင် ဖြစ်သည်။ သူသည် အင်မတန်မှ ပင်ပန်းငြီးငွေ့ဖွယ်ဖြစ်သော စမ်းသပ်ချက်များကို သူ၏ ညီမဖြစ်သူ Mrs Ann Denton Cridge နှင့် လေ့လာ စမ်းသပ်ခဲ့လေသည်။ အဆိုပါ လေ့လာချက်များအရ ပရော်ဖက်ဆာ ဒန်တန်၏ ညီမသည် သူမ၏ နဖူးပြင်ပေါ်တွင် ထိစပ်ထားသော ဘူမိဗေဒ နမူနာ အပိုင်းအစများ၏ သမိုင်းကြောင်းအား ပြောပြနိုင်သည်ဟု တွေ့ရှိရလေသည်။ နမူနာ လေ့လာသော ကျောက်တုံး ကျောက်ခဲများအား သေချာစွာ ထုပ်ပိုးထားသည် ဖြစ်သောကြောင့် အပြင်ပန်းအားဖြင့် မည်သို့မျှ အကဲဖြတ် သုံးသပ်ရန် မဖြစ်နိုင်ဟုလည်း ဆိုထားပေသည်။

ဤသို့ဖြင့် ပရောဖက်ဆာ ဒန်တန်သည် `သက်မဲ့ အရာဝတ္ထုများ၏ အသက်ဝိဉာဉ်ဓာတ် (The Soul of Things) ´ ဟူ၍ အင်မတန်မှ စိတ်ဝင်စားဖွယ် ကောင်းလှသော စာအုပ်တစ်အုပ်အား ရေးသားလိုက်တော့သည်။ အဆိုပါ စာအုပ်တွင် သူ့ညီမ၏ Psychometric Faculty (အာရုံခံစွမ်းရည်) နှင့်ပတ်သက်သော ရှင်းလင်း ပြတ်သားသည့် စိတ်ကူးစိတ်သန်းများကို အဓိက ဖော်ပြထားလေသည်။

ပရော်ဖက်ဆာ ဒန်တန်က သူထိုသို့ လေ့လာရခြင်းသည် Dr Rhodes Buchanan ၏ လေ့လာမှုများနှင့် ပတ်သက်သော အစီရင်ခံစာများကို ဖတ်ရှုမိသောကြောင့်ဟု ဆိုသည်။ အဆိုပါ Dr Rhodes Buchanan သည်လည်း သူ၏ ကျောင်းသားများနှင့် စမ်းသပ်လေ့လာချက် တစ်ခု ပြုလုပ်ဖူးခဲ့လေသည်။ အဆိုပါ စမ်းသပ်ချက်တွင် သူ၏ ကျောင်းသားများအား အစွမ်းထက်သော ဆေးဝါးများပါသည့် ဖန်ဗူးငယ်လေးများကို ကိုင်တွယ်ခိုင်းရာ ကျောင်းသားအချို့သည် ဖန်ပုလင်းများတွင် ကပ်ထားသည့် တံဆိပ် (Label) များကို ဖတ်ရှုရုံမျှဖြင့် ပုလင်းထဲတွင် ပါသော ဆေးဝါးများအား လက်တွေ့တကယ် သုံးဆွဲသည့်အခါတွင် ရရှိသည့် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု (Physical Reaction) မျိုး ခံစားရစေသည်ဟု ဖော်ပြထားလေသည်။

Metallic Taste (သတ္ထုတို့၏ အရသာ)

Dr. Buchanan ကိုယ်တိုင်ကလည်း အဆိုပါ လေ့လာမှုကို ဖြစ်စေသော နောက်ကြောင်းကို ပြောပြခဲ့လေသည်။ အမေရိကန် ပြည်တွင်း စစ်ပွဲကာလအတွင်း General Palk ဟု အမည်ရသော ဗိုလ်ချုပ်တစ်ယောက်၏ ဖြစ်ရပ်ဆန်းနှင့် ပတ်သက်၍ ဖြစ်သည်။ အဆိုပါ စစ်ဗိုလ်ချုပ်သည် မည်သည့် သတ္ထုပစ္စည်းကို မဆို (ညအမှောင်ထဲ၌ပင်) စမ်းကြည့်သည့်အခါ အဆိုပါသတ္ထု၏ ထူးခြားသော သတ္ထုအရသာ (Metallic Taste) ကို သူ၏ ပါးစပ်တွင်းတွင် ခံစားမိသည်ဟု ဆိုလေသည်။

Psychometry ဟူသော Coin Word (ပေါင်းစပ် ဝေါဟာရ) ကို ပထမဆုံး တီထွင်ခဲ့သူမှာ ပရော်ဖက်ဆာ ဒန်တန်ပင် ဖြစ်တော့သည်။ သို့သော်ငြားလည်း အဆိုပါ ဝေါဟာရသည် စတင်ဖြစ်တည်လာချိန်လောက် ကတည်းက အဓိပ္ပာယ် နှစ်ခုရှိနေလေတော့သည်။ အခြားသော ဖွင့်ဆိုချက်ကို ယခုအခါ Psychologists ဟုခေါ်သော စိတ်ပညာရှင်များက အသုံးပြုလေသည်။ အများသုံး အဘိဓာန်ကမူ အဆိုပါ အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ရပ်စလုံးကို ဖွင့်ဆိုထားလေသည်။ ဖွင့်ဆိုချက် တစ်ခုအရ Psychometry သည်... `စိတ်၊ ဉာဏ်ရည် တို့နှင့် ပတ်သက်သော လေ့လာမှုများတွင် အသုံးချသော စိတ်နှင့် ပတ်သက်သော ဖြစ်စဉ်များ၏ ကြာမြင့်ချိန်အား တိုင်းတာခြင်း *1´ ဖြစ်ပြီး နောက်ထပ် ဖွင့်ဆိုချက် တစ်ခုအရ Psychometry သည်... `အရာဝတ္ထုများအား ထိတွေ့ရုံဖြင့် အသုံးပြုခဲ့သူအကြောင်း၊ ပုဂ္ဂိုလိက အရည်အသွေးအကြောင်း ဖွင့်ဆို ပြောပြနိုင်သော ဂမ္ဘီရစွမ်းရည်*2´ ဟု ဆိုထားလေသည်။

ဒေါက်တာ ဒန်တန်တွေ့ရှိ ဖန်တီးခဲ့သော အဆိုပါ ဝေါဟာရအား စိတ်ပညာရှင် (Psychologists) များက ခွဲစိတ်ထုတ်ပယ်ပြီး အဆိုပါဝေါဟာရသည် Psycho ဟု ပါဝင်ခြင်းကြောင့် သူတို့နှင့်သာ သက်ဆိုင်ပြီး... ဂမ္ဘီရ၊ စိတ်နယ်လွန်ပညာများနှင့် လားလားမျှ မသက်ဆိုင်သလို လူအများကို ပြောပြနေခြင်းဟာဖြင့် တနည်းတဖုံတော့ ရယ်စရာ ကောင်းလှပေသည်ဟု ဆိုရပေမည်။

*1 - the measurement of the duration of the mental processes used in psycho-analysis and intelligence testing
*2 - the occult faculty of diving, by touching and object, the character, personal qualities, etc., of another person who has handled it

လက်တွေ့ အာရုံခံပညာ

ယနေ့ခေတ်၏ အာရုံခံပညာ (Psychometry) အကြောင်း ပြောကြပါစို့။ Psychometry Meetings ဟုခေါ်သော အာရုံခံပညာနှင့် ပတ်သက်သော အစည်းအဝေးများ ရှိလေသည်။ အဆိုပါ အစည်းအဝေး၊ တွေ့ဆုံပွဲများသို့ Professional Psychometrist ဟုခေါ်သော သမ္ဘာရင့် အာရုံခံပညာရှင်များ တက်ရောက်ကြပြီး ဧည့်ပရိသတ်များက အကြောင်းအရာ အမျိုးစုံကို သယ်ဆောင်လာကြ လေတော့သည်။ စည်းကမ်းချက်မှာ သယ်ဆောင်လာသော အရာဝတ္ထုများကို ဗန်းအတွင်း သီးခြားစီ ကန့်သတ်ပြီး ထားရှိရလေသည်။ သို့မှသာ နီးစပ်ရာ အရာဝတ္ထုအချင်းချင်း၏ ဓာတ်လွှမ်းမိုးမှုကို တားဆီးရာ ရောက်ပေမည် ဟု ဆိုလေသည်။ ကျွန်ုပ်၏ လက်တွေ့ အတွေ့အကြုံအရ ထိုသို့ ပြုလုပ်ခြင်းသည်ပင် ရောထွေးသော လွှမ်းမိုးမှုများကို မတားဆီးနိုင်ဟု ဆိုရပေမည်။

အဆိုပါ တွေ့ဆုံပွဲများမှ စိတ်ဝင်စားဖွယ် စမ်းသပ်ချက်များကို လေ့လာသိရှိနိုင်လေသည်။ အမျိုးသမီးတစ်ဦးသည် တစ်ညနေ အိပ်ရာဝင်ဖို့ လုပ်ရင်း အိပ်မပျော်နိုင်ဘဲ စဉ်းစားမိလေသည်ဟု ဆိုလေသည်။ ထိုသို့ စဉ်းစားရင်းမှ သူမသည် အာရုံခံပညာကို ပိုင်ဆိုင်နေကြောင်း ဆက်လက် စဉ်းစားမိလေသည်။ ရုတ်ချည်းပင် သူမသည် ပေါ်လာသော စိတ်ကူးကို လက်တွေ့စမ်းသပ်ရန် အိပ်ရာမှ မီးမဖွင့်ဘဲ အမှောင်ထဲ အောက်ထပ်သို့ ဆင်းသွားပြီး သူမ၏ စာရေးစားပွဲသို့ သွားလေတော့သည်။ ထို့နောက် သူမ လက်ခံရှိရှိထားသော စာအိတ်များထဲမှ တစ်အိတ်ကို လက်တန်း ဆွဲထုတ်ပြီး သူမ၏ နဖူးပြင်ပေါ်တွင် ကပ်ပြီး စာရေးထားသူနှင့် ပတ်သက်သော အကြောင်းအရာများကို သိမြင်အောင် ကြိုးစားသည်ဟု ဆိုလေသည်။

အကျိုးရလာဒ်အားဖြင့် စိတ်ခံစားမှုလှိုင်းများ သူမထံသို့ ပြန်လည် ရိုက်ခတ်လာသည်ကို သိရှိရပြီး အက္ခရာတစ်လုံးနှင့်အတူ ယောက်ျားတစ်ယောက်၏ ယေဘုယျ သွင်ပြင်တို့ကို ခံစားမိသည်ဟု ဆိုလေသည်။ ထိုမျှမက ထိုသူသည် ပြင်းထန်သော စိတ်ဓာတ်နှင့် စွမ်းအားပြင်းသော လူတစ်ယောက်လည်း ဖြစ်မည်ဟု ခံစားမိကြောင်း ဆိုလေသည်။ ထိုအချိန်က သူမသည် စိတ်လှုပ်ရှားခြင်း အပြည့်နှင့် ဖြစ်နေသော်လည်း (စစ်ဆေး အဖြေမရှာရသေးသည့်တိုင်) သူမ၏ ခံစားချက်သည် မှန်ကန်သည်ဟု ယူဆနေလေတော့သည်။

အံ့သြခြင်းနှင့် ယုံကြည်မှုပျောက်ဆုံးသွားခြင်း

မနက်နိုးလာသောအခါ အဆိုပါ အမျိုးသမီးသည် ညနေက သူမ စမ်းသပ်ခဲ့သော အာရုံခံ အတွေ့အကြုံကို ပြန်လည် သတိရမိသည်ဟု ဆိုသည်။ ချက်ချင်းပင် သူမ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် တင်ထားသော စာအိတ်ကို ဆွဲယူကြည့်လိုက်မိတော့သည်။ အံ့သြခြင်းတို့နှင့်အတူ သူမ၏ ယုံကြည်မှုတို့ တစ်စစီ လွင့်စင် သွားလေတော့သည်။ စာအိတ်တွင် ရေးထားသော အက္ခရာတို့သည် သူမ ညနေက အာရုံခံခဲ့သော အကြောင်းအရာတို့နှင့် တက်တက်စင်အောင် လွဲနေသောကြောင့် ဖြစ်တော့သည်။

ဤသို့ဖြင့် အဆိုပါစာအိတ်အား အောက်ထပ်သို့ဆင်းကာ အံဆွဲရှိ မူလနေရာသို့ စိတ်ပျက်စွာဖြင့် ပြန်ထားရလေတော့သည်။ ထိုသို့ထားစဉ်မှာပဲ ထိုစာအိတ်နေရာနှင့် ကပ်လျှက်ရှိ စာအိတ်ကို အမှတ်မထင် တွေ့မိလေတော့သည်။ တဆက်တည်း ထိုစာအိတ်သည် သူမ ညနေ အာရုံခံစဉ်က ခံစားရမိသော စာအိတ်ဖြစ်သည်ကို တွေ့ရှိရသဖြင့် ကျေနပ် ၀မ်းမြောက်မိလေတော့သည်။ စင်စစ်ကား ထိုစာအိတ်ပေါ်ရှိ တောင့်တင်းခိုင်မာသော အက္ခရာစာလုံးသည် ထိုစာအိတ်သာမက ကပ်လျက်ရှိ လွှမ်းမိုးမှုနည်းသော စာအိတ်ပေါ်ကိုပါ အကျိုးသက်ရောက်စေခြင်းပင် ဖြစ်လေတော့သည်။

ဆက်ရန်...

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး


(စာကြွင်း။ ။ Psychometry ဆိုသော ဝေါဟာရကို `အာရုံခံပညာ´ဟု ကျွန်တော် ပြန်ဆိုထားပါသည်။ မူလ ဆိုလိုရင်းနှင့် ဝေးကွာသွားလျှင် ကျွန်တော့်၏ ဘာသာပြန် အားနည်းချက်ဟု တောင်းပန်လိုပါသည်။ လောလောဆယ် ကျွန်တော့်တွင် ရှိသော အင်္ဂလိပ်မြန်မာ အဘိဓာန်များတွင် မည်သို့မျှ ရှာမရသဖြင့် ထိုသို့ ပြန်ဆိုလိုက်ရခြင်းသာ ဖြစ်ပါသည်။ ထိုအကြောင်းကို ရေးသော မြန်မာပြန်ဆောင်းပါးများလည်း မဖတ်ဖူးသေးပါ။ ဖတ်ဖူးသူများရှိလျှင် ဝေမျှပေးကြပါလို့ တောင်းဆိုလိုပါတယ်။)

Reference:
How to Develop Psychometry: The Power to Interpret the Soul of Things, W. E. Butler

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။