Sunday, February 28, 2010

ဆိုက်ကိုမေထရီ (သို့မဟုတ်) သက်မဲ့ ၀တ္ထုများ၏ သက်ရှိဓာတ်အား အာရုံခံခြင်း (၂)



(Source: http://www.yournamehear.net/images/psychometry.jpg)

စိတ်ကူးယဉ်ဆန်သော ဖတ်ရှုအာရုံခံခြင်း

Psychometry နည်းနဲ့ အာရုံခံကြည့်တဲ့အချိန်မှာ အာရုံခံတဲ့သူဟာ အရာဝတ္ထုတွေကို လက်ထဲကိုင်ထား၍ ဖြစ်စေ နဖူးပြင်မှာ ထိစပ်၍ဖြစ်စေ ထားရပါတယ်။ ပြီးနောက် အရာဝတ္ထုတွေနဲ့အတူ စိတ်နယ်ချင်း ထိစပ်သွားတဲ့အခါမှာ ရောက်ရှိလာတဲ့ အာရုံတွေကို မြင်ရ၊ ခံစားရတယ်လို့ ဆိုပါတယ်။ အောက်မှာ သမ္ဘာရင့် ပညာရှင်တစ်ယောက် အာရုံခံပြီး ပုံဖော် ရရှိလာတဲ့ စိတ်ကူးကို နားဆင်ကြည့်ပါ။

`ကျွန်ုပ်ရှေ့မှာ ရေပြင်ကျယ်ကြီးကို မြင်ရတယ်၊ ဒါ... ပင်လယ်ပြင်လို့ ထင်တယ်။ ဟုတ်တယ်၊ အဲဒါ အတ္တလန္တိတ် သမုဒ္ဒရာလို့ ခံစားရတယ်။ ကျွန်ုပ် သင်္ဘော တစ်စီးရဲ့ ကုန်းပတ်ပေါ်မှာ ရပ်နေတယ်၊ သစ်သားနဲ့ လုပ်ထားတဲ့ သင်္ဘောတစ်စင်းလိုပဲ၊ ဒါဟာ... စစ်သင်္ဘောတစ်စင်းစင်း ဖြစ်မယ်၊ သေနတ်တွေ၊ ကို ကျွန်ုပ်မြင်နေရတယ်၊ အမြှောက် သေနတ်တွေကို အသင့်ပြင်နေတာ ဗိုလ်ချုပ် နယ်လ်ဆင်တို့ ခေတ်ကလို ပုံစံမျိုး ဖြစ်တယ်။ ပင်လယ်ပြင်က အပြာရင့်ရောင်ဖြစ်ပြီး အင်မတန် ငြိမ်သက်နေတယ်၊ နေရောင်က ပြင်းထန်စွာ တောက်ပနေတယ်။ ဟိုး... ခပ်လှမ်လှမ်းမှာ ကမ်းခြေအနားသတ်ကို ရေးရေး မြင်နေရတယ်။ တောင်ကုန်းနိမ့်တွေ၊ သဲသောင်ပြင်တွေမှာ အပျံသင်စ ငှက်ငယ်လေးတွေကို တွေ့တယ်။ နံရံဖြူတွေနဲ့ မြို့ကိုလည်း မြင်ရတယ်... ကျွန်ုပ်၏ စိတ်ကူးတို့သည် အဆိုပါ သင်္ဘော၏ ကပ္ပတိန်ထံသို့ နောက်ဆုံး ရောက်ရှိသွားလေသည်။ သူသည် ဗိုလ်ချုပ်နယ်လ်ဆင်တို့ ခေတ်က တော်ဝင်ရေတပ်မတော်၏ အ၀တ်အစားမျိုးကို ၀တ်ဆင်ထားလေသည်။ တောင်ကုန်းများပေါ်တွင် ပေါက်နေသော သစ်ပင်အချို့သည် သံလွင်ပင်များ ဖြစ်သည်ဟု ကျွန်ုပ် ခံစားရလေသည်။ စပိန် သို့မဟုတ် ပေါ်တူဂီ တစ်နိုင်နိုင်ငံ ဖြစ်မည်ဟုလည်း ကျွန်ုပ် ခံစားရေလေသည်။ သင်္ဘောသည် ကမ်းခြေမြို့လေးအား တားဆီးပိတ်ပင်သည့် အနေဖြင့် စားနပ်ရိက္ခာစသည် မပို့ဘဲ ပြန်လည်ထွက်ခွာနေလေပြီ...´


အရေးပါသော ဘုရားကျောင်းအဖွဲ့ဝင်

`အခု ကျွန်ုပ်သည် လက်စွပ်တစ်ကွင်းကို ကြည့်နေတယ်။ ရွေရောင်လက်စွပ်ဖြစ်ပြီး သလင်းကျောက်အကြီး တစ်ခုကိုလည်း တပ်ဆင်ထားတယ်။ ကျွန်ုပ်ယခု လက်ထဲတွင် ကိုင်ထားသော လက်စွပ်နှင့် အတူတူပင်ဖြစ်ပြီး တန်ခိုးအာဏာနှင့် စိုးမိုးခြင်းတို့ကိုလည်း တစ်ဆက်တည်း ခံစားရလေသည်။ ဘာကြောင့်ဘာလိမ့်... ဒါကို ဒီအရာရှိ လောလောဆယ် ပိုင်ဆိုင်နေပါလျက်နဲ့။ ဒါပေမယ့် ကျွန်ုပ်ကို ယခုအချိန်မှ ဟိုးနှစ်ပေါင်းများစွာကို ပြန်လည် ခေါ်ဆောင်သွားလေသည်။ အီတလီမှာ ရောက်နေတယ်လို့ ကျွန်ုပ် ထင်ရတယ်။ ကျွန်ုပ်ရဲ့ ခံစားချက်အရ ဒီလက်စွပ်ရဲ့ မူလပိုင်ရှင်ဟာ အီတလီမှာ နေထိုင်ပြီး အရေးပါ အရာရောက်သော ခရစ်ယာန် ဘုရားကျောင်းအဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သည်။ သူသည် ဘုန်းတော်ကြီး သို့မဟုတ် အလားတူ ဂုဏ်သရေရှိ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ရမည်။ လက်တင်ဘာသာမျိုးဖြင့် ရွတ်ဖတ်နေသော အသံကိုလည်း ကြားရပြီး ဒီလက်စွပ်သည် ရီနေးဆွန်းခေတ်သို့ ပင် ပြန်ရောက်သွားသည်ဟု ကျွန်ုပ် ခံစားရမိသည်…´

`ဒီလက်စွပ်ကို ဘိုးဘွားအမွေအဖြစ် ကပ္ပတိန်ကို လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်ပြီး ယခု လက်ရှိပိုင်ရှင် ပရော်ဖက်ဆာ အထိပင် ရောက်ရှိလာရပေမည်´

`အခု ကျွန်ုပ်သည် လက်စွပ်ပေးပြီး အာရုံခံခိုင်းသော ပုဂ္ဂိုလ်ဆီသို့ ရောက်လာပေသည်။ သင်ဟာ ယခု လောလောဆယ်မှာ လမ်းခွဆုံမှာ ခွဲခွာဖို့လုပ်နေတယ်။ သင့်အနေနဲ့ မည်သည့်လမ်းကို ရွေးခြယ်ရမည် ဆိုတာကို အင်မတန်မှ အခက်အခဲ ဖြစ်နေတယ်။ နှစ်ခုစလုံးကလည်း ရွေးချယ်ဖို့ အရေးပါနေသည်။ သိပ်မကြာခင်၊ သီတင်းပတ်မဟုတ်၊ ရက်အနည်းငယ်အတွင်း အဆိုပါ ကိစ္စသည် ရှင်းလင်းသွားမည်ဟု ကျွန်ုပ် ခံစားရမိသည်။ ရှေ့လမ်းခရီးလည်း ပွင့်လင်းသွားမည်ဟု ထင်မိသည်။ လောလောဆယ် မည်သည့်လမ်းကို ရွေးရမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးခင် မည်သို့မျှ မရွေ့လျားပါနှင့်´


ရေကြောင်း ကပ္ပတိန်

အဆိုပါ လက်စွပ်သည် ဗိုလ်ချုပ်နယ်လ်ဆင် လက်ထက်က ကပ္ပတိန် တစ်ဦး ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု လက်စွပ်ကို အာရုံခံခိုင်းသော ပိုင်ရှင် ပုဂ္ဂိုလ်က အတည်ပြု ပြောကြားသည့်အပြင် ထို ကပ္ပတိန်၏ ဘိုးဘေးဘီဘင် တစ်ဦးဦးသည်လည်း ရီနေးဆွန်းခေတ်က နာမည်ကျော် ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် သူသည်လည်း ယခုအခါ စည်းစိမ်ဥစ္စာများနှင့် ပြဿနာဖြစ်နေပြီး မည်သို့ ပြုလုပ်ရမည်ကို ဆုံးဖြတ်ချက် မချနိုင်သေးကြောင်းလည်း ပြောကြားပြန်သေးသည်။

အထက်က နမူနာတို့သည် Psychometry ဟု ဆိုသော စိတ်အာရုံခံခြင်းပြုလုပ်လျှင် တွေ့လေ့တွေ့ထရှိသည့် အခြေအနေမျိုး ဖြစ်လေသည်။ အချို့သော အာရုံခံခြင်းများတွင် ပိုမို ကောင်းမွန်စွာ တွေ့ရှိရပြီး၊ တခါတရံ အင်မတန်မှ ဆိုးဝါးသည်ကိုလည်း ခံစားရတတ်သည်။ သို့သော် မျှော်လင့်ချက်နှင့် ပတ်သက်ပြီး မျှတသော အကြံအစည်တို့ကိုတော့ ပေးတတ်ပါသေးသည်။

အထက်က ဖတ်ရှုသောနမူနာမှာ အခြေအနေ သုံးမျိုး ရှိတာကို သင်သတိပြုမိမည် ထင်သည်။ မူလပထမ ပိုင်ရှင်ဖြစ်သော ဘုန်းတော်ကြီးအကြောင်း၊ ထို့နောက် ရေကြောင်း ကပ္ပတိန်နှင့် သူ၏ ပတ်ဝန်းကျင် အကြောင်း၊ နောက်ဆုံးမှာတော့ လက်ရှိ လက်စွပ်ပိုင်ရှင်နှင့် ပတ်သက်သော အကြောင်းအရာများဟူ၍ သုံးမျိုးသုံးစား (First, Second, Third Level) ရှိတာကို သတိထားမိပေလိမ့်မည်။

ပထမဆုံး အတန်းအစား (First Level) ကို မူလ မှတ်သားမှုများ (Primary Record) ဟု ဆိုရမည် ဖြစ်ပြီး၊ ဒုတိယ အခြေအနေကို ဒုတိယအဆင့် မှတ်သားမှုများ (Secondary Record) ဟု ဆိုရမည်။ လက်ရှိနှင့် အနာဂတ်တို့နှင့် ပတ်သက်သော ဖော်ပြချက်များကိုမူ တတိယအဆင့် (Tertiary Level) အဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ အဆိုပါ အတန်းအစား ၃ ခုသည် Psychometry ဖတ်ကြားသည့်အခါ တွေ့ရလေ့ ရှိပြီး မည်မျှ အတိုင်းအတာထိ ဆိုသည့် အချိုးအစားကတော့ ပြောင်းလဲနိုင်ပါမည်။

ဆက်ရန်...

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

(စာကြွင်း။ ။ Psychometry ဆိုသော ဝေါဟာရကို `အာရုံခံပညာ´ဟု ကျွန်တော် ပြန်ဆိုထားပါသည်။ မူလ ဆိုလိုရင်းနှင့် ဝေးကွာသွားလျှင် ကျွန်တော့်၏ ဘာသာပြန် အားနည်းချက်ဟု တောင်းပန်လိုပါသည်။ လောလောဆယ် ကျွန်တော့်တွင် ရှိသော အင်္ဂလိပ်မြန်မာ အဘိဓာန်များတွင် မည်သို့မျှ ရှာမရသဖြင့် ထိုသို့ ပြန်ဆိုလိုက်ရခြင်းသာ ဖြစ်ပါသည်။ ထိုအကြောင်းကို ရေးသော မြန်မာပြန်ဆောင်းပါးများလည်း မဖတ်ဖူးသေးပါ။ ဖတ်ဖူးသူများရှိလျှင် ဝေမျှပေးကြပါလို့ တောင်းဆိုလိုပါတယ်။)

Reference:
How to Develop Psychometry: The Power to Interpret the Soul of Things, W. E. Butler

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။