Friday, February 12, 2010

လီနော်မန် လေ့လာမယ်ဆိုရင် (၃)


(Source: http://www.tarobearslair.com/images/products/detail/mysticallenormand.jpg)

ပြီးခဲ့တဲ့ တစ်ခေါက်မှာ လီနော်မန် ကတ်ပြား ၃၆ ကတ်ရဲ့ အခြေခံ အဓိပ္ပာယ်တွေကို ပြောပြခဲ့ပါတယ်။ ခု ဒီပို့စ်မှာ ကိုယ်စားပြု ကတ်တွေအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကို မပြောခင် လူနဲ့ ပတ်သက်တဲ့ ကတ်တွေအကြောင်း ပြောချင်ပါတယ်။ အပေါ်ယံ ကြည့်မယ်ဆိုရင် လီနော်မန် ကတ်မှာ လူရုပ်ပုံပါတာ 28 - Man နဲ့ 29 - Lady ဆိုတာကို တွေ့ရပါမယ်။ အဲဒီတော့ လီနော်မန်ဟာ တားရော့၊ သာမန်ဖဲထုပ်တွေနဲ့ ယှဉ်မယ်ဆိုရင် လူရုပ်တွေ နည်းနေတာကို တွေ့ရပါမယ်။ ဒါ မဟုတ်ပါဘူး။ လီနော်မန်ကတ် ၃၆ ကတ်ဟာ သာမန်ကစားတဲ့ ဖဲထုပ် ၃၆ ချပ်နဲ့ ကိုယ်စားပြုထားတာ ရှိပါတယ်။ အဲဒါကို Blue Owl, French Cartomancy, Petit Lenormand စတဲ့ လီနော်မန်ကတ်တွေမှာ တွေ့နိုင်ပါလိမ့်မယ်။

သာမန် ဖဲထုပ်မှာ (ဂျိုကာမပါ) စုစုပေါင်း ၅၂ ချပ် ရှိပါတယ်။ အဲဒီထဲက နံပါတ် ၂ ကနေ ၅ အထိ ၁၆ ချပ်ကို ဖယ်လိုက်မယ်ဆိုရင် ကျန်တဲ့ ဖဲချပ် ၃၆ ချပ် (၁ ဖဲ လေးစုံ၊ ၆ မှ ၁၀ အထိ လေးစုံ၊ ဂျက်၊ ကွင်း၊ ကင်း ၄ စုံ) ကို လီနော်မန် ဖဲချပ်တွေနဲ့ ကိုယ်စားပြုထားပါတယ်။ ဒီအောက်က ပုံမှာ ကြည့်ပါ။

(Petit Lenormand Cartomancy Deck)

အဲဒီထဲက လူရုပ်ပုံ ပါတဲ့ လီနော်မန် ကတ်တွေကို ခွဲထုတ်လိုက်မယ် ဆိုရင်...

  • 04) The House - King Hearts
  • 05) The Tree - King of Clubs
  • 07) The Snake - Queen Clubs
  • 09) The Bouquet - Queen Spades
  • 10) The Scythe - Jack Diamonds
  • 11) The Whip - Jack of Clubs
  • 13) The Child - Jack of Spades
  • 17) The Storks - Queen Hearts
  • 22) The Crossroad - Queen Diamonds
  • 24) The Heart - Jack Hearts
  • 30) The Lily - King Spades
  • 35) The Fish - King Diamonds

လီနော်မန်ကတ်က စုစုပေါင်း ၃၆ ကတ်တည်း ရှိတဲ့အတွက် လူရုပ်ပုံပါတဲ့ ကတ်တတွေဟာ ၃ ပုံ ၁ ပုံ ရှိတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ အဲဒီကတ်တွေ အားလုံးကို အဓိပ္ပာယ် ကောက်တဲ့အခါ တခါတရံမှာ လူတစ်ယောက်ယောက် အနေဖြင့် ယူဆနိုင်ပါတယ်။ အမြဲတမ်း မဟုတ်ပါဘူး။ နမူနာပြောရမယ် ဆိုရင်... တချို့စာဖိုမှူးတွေ ဟင်းချက်တဲ့အခါ ငရုတ်သီးကို စပ်ဖို့ အသုံးချတာ မဟုတ်ဘဲ၊ ဟင်းကို ပူတယ်ဆိုတဲ့ အရသာမျိုး ထွက်ချင်တဲ့အခါ အသုံးချသလိုမျိုးပါ။ အဲဒီတော့ အခြေအနေကို လိုက်ပြီး ဘယ်နေရာမှာဖြင့် လူလို့ အဓိပ္ပာယ် ကောက်သင့်တယ် ဆိုတာက သင့်ရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မူတည်ပါတယ်။

အဲလို ကောက်ယူတဲ့အခါ အနောက်တိုင်း ရှေးရိုးစဉ်လာ ဖဲဗေဒင် အယူတွေအတိုင်း ယူဆကြတာ များပါတယ်။ Jack ဆိုရင် လူငယ်ပိုင်းလို့ ယူဆပြီး King, Queen ကို လူကြီးပိုင်းအဖြစ် ယူဆပါတယ်။ အနီရောင် ကတ်တွေဖြစ်တဲ့ Heart, Diamond တွေကို ဆံပင် အနီ၊ ရွှေရောင် စသည်ဖြင့် ယူဆကြပြီး အမဲရောင် ကတ်တွေ (Club, Spade) တွေကိုတော့ ဆံပင်အနက် အသားညိုညို စသဖြင့် ယူဆကြပါတယ်။

အဲဒီ လူရုပ်ကတ်တွေကို သိပြီးသွားရင် Significator Card လို့ ခေါ်တဲ့ ကိုယ်စားပြု ကတ်တွေ အကြောင်း ပြောပါမယ်။ ဒီနေရာမှာ ပြောချင်တာက အထက်က ၁၂ ချပ်ဟာ ကိုယ်စားပြု ကတ်မဟုတ်ဘူး ဆိုတာကိုပါ။ သူတို့ကို အဓိပ္ပာယ် ကောက်တဲ့အခါမှာ ရံဖန်ရံခါ လူအဖြစ် အဓိပ္ပာယ် ကောက်ယူနိုင်တယ် ဆိုတာကို ပြောပြတာပါ။ လူကို ကိုယ်စားပြုတဲ့ ကတ်တွေ မဟုတ်ပါဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်း သိထားရပါမယ်။

အခု ကိုယ်စားပြု ကတ်တွေ အကြောင်း ပြောပါမယ်။ နေ့စဉ် အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ကိုယ်စားပြု ကတ်တွေကတော့...

  • 02 The Clover - ငွေကြေး၊ ကံကောင်းခြင်း
  • 03 The Ship - ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး
  • 04 The House - အိမ်ကိစ္စ
  • 05 The Tree - ကျန်းမာရေး
  • 09 The Bouquet - ကမ်းလှမ်းခြင်း၊ လျှောက်ထားခြင်း
  • 15 The Bear - ငွေကြေး၊ အမွေ
  • 19 The Tower - တရားရေးရာ၊ ဥပဒေဆိုင်ရာ
  • 24 The Heart - နှလုံးသားရေးရာ
  • 25 The Ring - စာချုပ်၊ စာတန်းဆိုင်ရာ
  • 26 The Book - ပညာရေး၊ ဂမ္ဘီရကိစ္စ
  • 27 The Letter - စာ၊ အီးမေးလ် စသည်
  • 30 The Lily - မိသားစု ရေးရာ
  • 34 The Fish - ငွေကြေး၊ စီးပွားရေး
  • 35 The Anchor - အလုပ်အကိုင်၊ အသက်မွေးမှု

လူကို ကိုယ်စားပြုတဲ့ ကတ်တွေကတော့ ဒီအတိုင်းပါ။

  • 13 The Child - လူငယ်၊ ကလေး
  • 15 The Bear - လူကြီး (ဒုတိယ အရွယ်)
  • 18 The Dog - သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ
  • 28 The Man - ယောက်ျား
  • 29 The Woman - မိန်းမ
  • 30 The Lily - လူကြီး (တတိယ အရွယ်)


သာမန် လူလတ်ပိုင်း အနေနဲ့ Man, Lady ကတ်တွေကို ရွေးပြီး အသက်ငယ်တယ်လို့ ယူဆရင်ဖြင့် Child ဆိုတဲ့ ကလေးကတ်ကို ရွေးပါမယ်။ အဲဒီမှာ ယောက်ျား မိန်းမ စသည်ဖြင့် ခွဲခြားမှု မရှိပါဘူး။ အသက်ကြီးပြီး သန်မာ ဖြတ်လတ်နေဆဲဆိုရင် Bear ကတ်ပြားကို ကိုယ်စားပြု ယူပြီး၊ အိမ်တွင်းအောင်းတဲ့ အသက်ကြီးတဲ့လူဆိုရင် Lily ဆိုတဲ့ နှင်းပန်း ကတ်ပြားကို ကိုယ်စားပြု ယူပါမယ်။ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ စတာတွေကို Dog ကတ်ပြားနဲ့ ကိုယ်စားပြုပြီး အဲဒီမှာလည်း လိင်ခွဲခြားမှု မရှိပါဘူး။

ကိုယ်စားပြု ကတ်တွေကို ဘယ်လို အသုံးချမယ်ဆိုတာ နမူနာအနေနဲ့ Regula Elizabeth Fiechter ရဲ့ Runway Layout (ပြေးလမ်း ဖြန့်ကျက်ပုံ) နဲ့ ရှင်းပြချင်ပါတယ်။ တကယ်လို့ သင်ဟာ ဆုံးဖြတ်ချက် တစ်ခုခု၊ ဒါမှမဟုတ် ကိစ္စတစ်ခုခုကို လုပ်ဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် ဘယ်လို လုပ်သင့်တယ်၊ လုပ်ရမယ် ဆိုတာကို မသိဘူးဖြစ်နေပြီး လီနော်မန်ကတ်တွေနဲ့ အဖြေရှာကြည့်မယ် ဆိုရင်... ဒီ “ပြေးလမ်း ဖြန့်ကျက်ပုံ” ကို အသုံးပြုပြီး အကြံဉာဏ် ရယူနိုင်ပါတယ်။

ပထမဆုံး ဖြန့်ကျက်ပုံရဲ့ ဘယ်ဘက်မှာ လူကိုယ်စားပြု ကတ်တစ်ခုခုကို ချရပါမယ်။ ပြီးတဲ့အခါ အဲဒီကတ်ရဲ့ ညာဘက် ခပ်လှမ်းလှမ်းမှာ တစ်တန်းတည်းနေရာမှာ သင်အကြံတောင်းခံချင်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ကိုယ်စားပြုကတ်ကို ချရပါမယ်။ ပြီးတဲ့နောက် အနည်းဆုံး ၃ ချပ်ကနေ အများဆုံး ၇ ချပ်အထိ ကတ်တွေကို ဘယ်ကနေ ညာသို့ ဖြန့်ခင်းပြီး လေ့လာရပါမယ်။


ကိုယ်စားပြု ကတ်၂ခု ကြားမှာ ပထမဆုံး ၃ ချပ် အရင် ချကြည့်ပါ။ အဲဒီကနေ အဓိပ္ပာယ် ကောက်ကြည့်ပါ။ ကတ်တွေက အဖြေကို ရှင်းရှင်းလင်းလင်း ပြဆိုနေပြီဆိုရင် နောက်ထပ် ကတ်တွေ ထပ်ပြီးချဖို့ မလိုတော့ပါဘူး။ တကယ်လို့ အဖြေက မရှင်းလင်းဘူးဆိုရင် နောက်ထပ် ၄ ချပ် အထိ ထပ်ဆွဲပြီး ကြည့်လို့ပါတယ်။ စုစုပေါင်း ၇ ချပ်ထက်တော့ မကျော်ရပါဘူးလို့ ဆိုထားပါတယ်။ အဲဒီမှာ ကျလာတဲ့ ကတ်တွေကနေ သင့်ရဲ့ ကိစ္စကို ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာ သင် အကြံဉာဏ် ရယူနိုင်ပါမယ်။

ကိုယ်စားပြု ကတ်တွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ထပ်ပြောချင်ပါတယ်။ ရှေးရိုး အစဉ်အလာအရ Man ကတ်က ယောက်ျားကို ကိုယ်စားပြုပြီး၊ Lady ကတ်က မိန်းမကို ကိုယ်စားပြုတာပါ။ ဒါပေမယ့် ယနေ့ခေတ်မှာ Third Sex Group (တတိယ လိင်အုပ်စု) လို့ခေါ်တဲ့ Gay တွေ Lesbian တွေဟာ တော်တော်လေး အင်အားကြီးထွားနေပါတယ်။ ဆရာမ ဒေါ်မိုးသူတို့ တားရော့မှာ အဲဒီကိစ္စကို ဘယ်လို ကိုယ်တွယ် ဖြေရှင်းတယ်ဆိုတာကို မသိပါဘူး။ ကျွန်တော့်မှာတော့ တော်တော်လေး ခေါင်းခြောက်ရပါတယ်။

ကျွန်တော် အခု ရောက်နေတဲ့ နိုင်ငံမှာ အဲဒီလို လူတွေဟာ တစ်ဝက်နီးပါး ရှိပါတယ်။ သူတို့တွေ လာတွက်ခိုင်းတဲ့အခါမှာ တော်တော်လေး စိတ်ရှုပ်ရသလို ပညာလည်း ရပါတယ်။ ပုံမှန်အရဆိုရင် ကျွန်တော်နဲ့ ကျွန်တော့် ချစ်သူအကြောင်းကို တွက်တဲ့အခါ ကျွန်တော့် နေရာမှာ ယောက်ျားပုံကတ် Man ကို ကိုယ်စားပြု ထားရပြီး ကျွန်တော့်ချစ်သူနေရာမှာ မိန်းမပုံ Lady ကို ထားလိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့တွေအတွက်ကျတော့ အဲလို မဟုတ်ပါဘူး... အဲဒီတော့ သူတို့ရဲ့ ချစ်သူကို ကိုယ်စားပြုတဲ့ ကတ်ကို ကျွန်တော်က ခွေးပုံ Dog ကတ်ပြားရွေးချယ်လိုက်တာ များပါတယ်။


လာမေးတဲ့သူကို ကိုယ်စားပြုတဲ့ကတ် ဆွဲတဲ့အခါ အရင်တုန်းက ကျွန်တော်ဟာ ဇီဝဗေဒ ခွဲခြားခြင်းအရ အဖို၊ အမကို ခွဲပြီး အဲဒီလူကို အထီးလို့ ယူဆရင် အထီးဆိုပြီး ကိုယ့်ဘာသာ ကိုယ်စားပြု ကတ်ကို ရွေးပါတယ်။ အဲဒီလို ရွေးပြီး ဟောတဲ့အခါ သိပ် မတိုက်ဆိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ ဘယ်လို ပြောင်းလိုက်သလဲ ဆိုတော့... ယောက်ျားနဲ့ မိန်းမ ကတ် ၂ ခုစလုံးကို ဆွဲထုတ်ပြီး ဗေဒင်မေးတဲ့ ကာယကံရှင်ကို ရွေးခိုင်းလိုက်ပါတယ်။ အဲဒီတော့ သူတို့ ရွေးတဲ့ ကတ်ဟာ သူတို့ကို ကိုယ်စားပြုတဲ့ ကတ်ဖြစ်သွားပါတယ်။ ဒီနည်းနဲ့ ဟောတာမှာ တော်တော်လေး အဆင်ပြေပြီး မှန်ကန်မှု ရှိတာကို တွေ့ရပါတယ်။

အဲဒီလောက်ဆိုရင် ကိုယ်စားပြု ကတ် (Significator Cards) တွေ အကြောင်းကို သဘောပေါက်မယ်လို့ ယူဆပါတယ်။ နောက်တစ်ခေါက်မှာ ကတ်အတွဲတွေ (Card Combination) ကို ဘယ်လို ကောက်ရတယ် ဆိုတာနဲ့အတူ အသုံးဝင်တဲ့ ဖြန့်ကျက်ပုံ တချို့ကိုလည်း ပြောပြသွားပါမယ်။ မရှင်းလင်းသည်များ၊ သိချင်သည်များ ရှိခဲ့လို့ မေးချင်တယ် ဆိုရင်ဖြင့် ကျွန်တော့်မေးလ် oaksoe.mmtl@gmail ကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ (ကိုအုပ်စိုးကတော့ အချိန်မရွေး ရှိချင်မှ ရှိပါမယ် - ဒေါ်မိုးသူ ပြောမည့်စကားကို ကြိုတင် ဖြည့်စွက်ပေးခြင်းပါ)

ဒီတစ်ခေါက် ပို့စ်ကို အဆုံးမသတ်ခင်မှာ သင့်ကို လေ့ကျင့်ခန်း အနည်းငယ် ပေးချင်ပါတယ်။ အောက်ပါ မေးခွန်းလေးတွေကို ဖြေကြည့်ပါ။

လီနော်မန် ၃၆ ကတ်ထဲမှာ...

  • ၁) တိရစ္ဆာန်ပုံပါတဲ့ ကတ်တွေက ဘာကတ်တွေပါလဲ (ဥပမာ - 07, Snake)
  • ၂) ဘယ်ကတ်တွေမှာ ပန်းပုံတွေ ပါပါသလဲ (ဥပမာ - 02, Clover)
  • ၃) ဘယ်ကတ်တွေမှာ လူပုံတွေ ပါပါသလဲ (ဥပမာ - 01, Rider
  • ၄) ဘယ်ကတ်တွေဟာ သဘာဝပတ်ဝန်းကျင် ပုံတွေနဲ့ပါလဲ (ဥပမာ - 06, Cloud)

လွန်ခဲ့တဲ့ အပတ်က မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်တုန်း သူက မေးပါတယ်။ လီနော်မန် ကို အပျော် လာမေးတယ်ဆိုရင် ဟောလို့ ရသလားတဲ့။ အဲဒီ မေးခွန်းကို ခင်ဗျားတို့ကော ဘယ်လို ဖြေမလဲ စဉ်းစား ကြည့်ကြည့်ပါဦး။ ကျွန်တော်ကတော့ သူ့ကို ဆရာ မင်းသိင်္ခ ဇာတ်လမ်းတွေထဲက ကိုပီတာ လေသံနဲ့ “ရတယ်၊ မရဘူး” လို့ ဖြေလိုက်ပါတယ်။ ရတယ်ဆိုတာ အပျော်လာမေးရင် ဟောလို့ ရပါတယ် လို့ ပြောတာပါ။ မရဘူးဆိုတာက အဲလို ဟောတဲ့အခါ အပျော်ဟောလို့ မရဘူးဆိုတာပါ။ ရှုပ်သွားလား မသိဘူး၊ မေးတဲ့သူက အပျော်ပဲ မေးမေး အတည်ပဲ မေးမေး... ဟောတဲ့သူက အမြဲတမ်း အတည်ဟောရပါမယ်လို့ ဆိုလိုတာပါ။ ကိုယ့်ပညာကို ကိုယ် အမြဲတမ်း လေးစားရပါမယ်။

ကလေးတွေ မူကြိုမှာ စာ စသင်တဲ့အခါ အိမ်ကို လာသမျှ လူကြီးတွေက အေဘီစီဒီ၊ ကကြီး ခခွေး စသည်ဖြင့် ရွတ်ခိုင်းတတ်ပါတယ်။ အဲဒီမှာ မရှက်ဘဲ၊ ပဲမများဘဲ ရွတ်ပြဆိုပြတဲ့ ကလေးတွေက စာကို ပိုမှတ်မိပြီး မြန်မြန် တိုးတက်တာ တွေ့ရပါမယ်။ တားရော့ လီနော်မန်လို ကတ်ပြားတွေနဲ့ ကံကြမ္မာဖတ်တဲ့ ပညာမျိုးဟာ ကိုယ်နဲ့ အသားကျအောင် နီးစပ်အောင် များများ လေ့ကျင့်ရပါတယ်။ မဟောရင် မတိုးတက်ပါဘူး လို့ အကြံပြုချင်ပါတယ်။ ဒါကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေ မေးတဲ့အခါ ဟောပါ၊ လေးလေးနက်နက်လေး ဟောပါလို့ ဆိုချင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့... လီနော်မန် ကတ်တွေရဲ့ ထူးခြားတဲ့၊ လက်တွေ့ကျတဲ့ အဓိပ္ပာယ်တွေ၊ ကောက်ယူချက်တွေ အားလုံးဟာ သင့်ရဲ့ ရင်ထဲ၊ နှလုံးသားထဲက ထွက်ပေါ်လာတာ ဖြစ်လို့ ‘Know Thyself - မိမိကိုယ်ကိုယ် သိပါ’ ဆိုတဲ့ နည်းလမ်းလေးနဲ့ လေ့ကျင့်ကြည့်ပါလို့ ဆိုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

References:
  • Mystical Lenormand, Regula Elizabeth Fiechter
  • http://www.serenapowers.com/lenormand.html
  • http://seaqueen.wordpress.com/

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။