Friday, April 23, 2010

ကျွန်တော့်၏ ချမ်းသာမှုများ



ကားရှိတဲ့ သူက ကားမောင်းပြီး ကြွားတယ်၊ ဖုန်းရှိတဲ့သူက ဖုန်းကိုင်ပြီး ကြွားတယ်။ နက္ခတ်ဗေဒင် မှတ်စုများ ဘလော့ဂ်ကို ရေးတဲ့ အမောင် ပခန်းကတော့ ဖတ်ဖူးသော ကျမ်းများ ဆိုပြီး သူ့ဘလော့ဂ်မှာ တင်ထားလေရဲ့။ ဒီတော့ ကျွန်တော် ဗေဒင်ရူး အမောင် အုပ်စိုးလည်း ပိုင်ဆိုင်သမျှ စည်းစိမ်တွေ ဖြစ်တဲ့ ဗေဒင်ဟောတဲ့ ဖဲထုပ်တွေကို ကြွားခြင်းဖြစ်သည်ဟု ဆိုပါရစေ။

ဗေဒင်ဆရာဆိုလို့ အထင်တွေ၊ အမြင်တွေ စွတ်လည်း မကြီးကြဖို့လည်း ပြောလိုပါသေးသည်။ ဒီပြင့် ဗေဒင်တွေ၊ နည်းလမ်းတွေ ဘာဆို ဘာမှကို မသိတာပါ။ အဖေကတော့ KP စနစ်ကို ကျွမ်းကျွမ်း ကျင်ကျင်တတ်ပေမယ့် ကျွန်တော်ကတော့ တနင်္လာဂြိုဟ်ဟာ ဘာရောင်အဆင်းရှိတယ် ဆိုတာကိုတောင် မသိတဲ့လူပါ။ (အဖေ့အကြောင်းကို သိပ်မကြော်ငြာချင်ပါ။ တော်ကြာ မမိုးသူ ကျွန်တော့်အဖေကို ဗေဒင်မေးမှာ စိုးပါသဖြင့်...)

အခြားတစ်ဘက်မှာတော့ ကျွန်တော်ဟာ ကတ်တွေနဲ့ ဟောတဲ့ ဗေဒင်ပညာတွေကို ဘာပဲလာလာ လေ့လာလိုက်စားပါတယ်။ ဘာကတ်နဲ့ပဲ ဟောဟော အကုန် လေ့လာပါတယ်။ ကျန်တဲ့ ဗေဒင်တွေကိုတော့ လေ့လာနေဆဲ သင်ယူနေဆဲပါ။ ကတ်တွေနဲ့ ဟောတာလောက် အားရမှု မရှိတာကြောင့် သိပ်မဟောဖြစ်ခဲ့ပါဘူး။

တကယ်တမ်း ကတ်ဗေဒင်တွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ပထမဆုံး ကျွန်တော် လေ့လာလိုက်စားခဲ့တာဟာ တားရော့ပါ။ အဲဒီအချိန်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် ၁၉၉၆ ခုနှစ်ကတည်းက စပါတယ်။ တားရော့ကို စာအုပ်တွေ ဖတ်ပြီး လေ့လာပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ကျွန်တော် စာအုပ်တွေ သွားရှာလေ့ ရှိတာက British Council Library ပါ။ ပြီးတော့ ပန်းဆိုးတန်း၊ ကုန်ဈေးတန်း၊ လှည်းတန်း တဝိုက်က စာအုပ် အဟောင်းတန်းတွေ၊ အဲဒီနေရာတွေကို သွားတတ်ခဲ့ပါတယ်။

တားရော့ စာအုပ်တွေနဲ့ ပတ်သက်လို့ မြန်မာလို ရေးထားတာတွေထဲက ဆရာမင်းသိင်္ခ၊ ဆရာဟိန်းလတ်၊ ဆရာဦးငြိမ်းအောင် (တရိုဝေဒ) စတဲ့ စာအုပ်တွေကို အဲဒီတုန်းက ဖတ်ခဲ့ပါတယ်။ နောက် ဆရာဝန်တင်ရွှေတို့ ရေးတဲ့ “ရှေ့ဖြစ်ဟောနည်း ပေါင်းချုပ်” စတဲ့ စာအုပ်တွေကို ဖတ်ခဲ့ပါတယ်။ တားရော့နဲ့ ပတ်သက်ပြီး ဒီထက် ရှေးကျတာ ဆိုလို့ ရှိရင် ၁၉၆၀ ကျော်လောက်က ထုတ်တဲ့ နက္ခတ္တရောင်ခြည် အဟောင်းတွေထဲမှာ ဆရာ စောစံ ရေးခဲ့တဲ့ ဆောင်းပါးလေးတွေကို ဖတ်ဖူးပါတယ်။ အဲဒီမှာ သူက တားရော့လို့ မရေးပဲ “လူ့ကံကြမ္မာကို ပြောပြသော ကတ်ပြားလေးများ” ဆိုပြီး ရေးပါတယ်။

အဲဒီလိုနဲ့ တားရော့ ဖဲထုပ်ကို သွားလေရာသယ်၊ သူငယ်ချင်းတွေ မေးသမျှကိုဖြေလို့ အတွေ့အကြုံနဲ့ သင်ကြားခဲ့ပါတယ်။ အဲဒီတုန်းက ပထမဆုံး ကျွန်တော် သုံးတဲ့ တားရော့ဖဲထုပ်ဟာ စာအုပ်ထဲကနေ မိတ္တူကူးထားတာပါ။ ဒါကို ကတ်ထူ စက္ကူပေါ်မှာ ကတ်၊ ဓါးနဲ့လှီးပြီး သုံးခဲ့ပါတယ်။ နောက်တော့ တားရော့ဖဲထုပ်တွေကို စာအုပ်တိုက်တွေက ထုတ်ဝေ ရောင်းချတာတွေ ပေါ်လာပါတယ်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်လောက်က စတယ်လို့ ထင်ပါတယ်။ အဲဒီတော့ အဲဒါတွေကို ဝယ်ပြီး ဟောပါတယ်။

လီနော်မန်ကိုတော့ ဒီနိုင်ငံကို ရောက်မှ စပြီးလေ့လာတာပါ။ လေ့လာတာ သိပ်မကြာသေးပါဘူး၊ ပြောရရင်ဖြင့် တစ်နှစ်ကျော်ကျော်ပဲ ရှိပါလိမ့်မယ်။ လီနော်မန်နဲ့ ပတ်သက်ပြီး မြန်မာလို ဆရာမင်းသိင်္ခရဲ့ စာအုပ် တစ်အုပ်ပဲ ရှိပါတယ်။ သူ့ရဲ့ ထုံးစံအတိုင်း ကတ်တွေကို နံပါတ်တွေ ပြောင်းလဲထားပြီး ကတ်တစ်ကတ်ကို “အောင်မြင်မည် (သို့) မအောင်မြင်ပါ” ဆိုတဲ့ ဟောကိန်း တစ်ကြောင်းစီပဲ ရေးထားပါတယ်။

ကျွန်တော့်ကို လီနော်မန်ကို အဓိက တွန်းအားပေးပြီး လေ့လာဖြစ်စေတဲ့ ကျေးဇူးရှင်ကတော့ မမိုးသူပါ။ သူရဲ့ တိုက်တွန်းမှုနဲ့အတူ တစ်ပင်ထဲ ရင်ထဲကနွယ်နေတဲ့ ချစ်သူအကြောင်းကို တစ်ရက်၊ တစ်ပတ်၊ တစ်လ မက အကြိမ်ကြိမ် လာမေးတာကို မှန်အောင် ဖြေဖို့ ကြိုးစားရင်းကနေ လီနော်မန် ကို ကျွမ်းကျင်လာတာပါပဲ။ သူ့ကိုတော့ တားရော့နဲ့ တစ်ခါမှ မဟောဖူးပါဘူး။ သူကိုယ်တိုင်က တားရော့ဟောတဲ့ ဆရာမ ဖြစ်တာကို လေးစားသမှု ပြုတဲ့အနေနဲ့ပါ။

ဒီလိုပြောလို့ တားရော့ကို လုံးဝ မလိုက်စားဘဲ နေတာမဟုတ်ပါဘူး။ မမိုးသူ ရေးတဲ့ တားရော့ ဆောင်းပါးတချို့ဟာ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်တွေ၊ ဆိုက်ဒ်တွေက ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဟာ ဒီပညာမှာ ဆရာမ ဖြစ်လေတော့ သူ့ကိုပဲ (စိတ်ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ) ဘာသာပြန်စေပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် မြန်မာတားရော့ လီနော်မန်ဆိုပြီး ဘလော့ဂ်လေး တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။



ကဲ... နိဒါန်းတွေက များပြီဆိုတော့... ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို နည်းနည်းရှင်းပြ ချင်ပါတယ်။ ဘယ်ဘက်မှာ ရှိတာတွေက တားရော့တွေ ဖြစ်ပါတယ်။ အဲဒီထဲက တချို့ကတော့ ကျွန်တော့်ကို သူငယ်ချင်းတွေ လက်ဆောင်ပေးတာပါ။ တချို့ကတ်တွေကတော့ ကျွန်တော့်ဘာသာ ကတ်ထူပြားမှာ ပရင့်ထုတ်ပြီး အသုံးပြုတာတွေပါ။ ညာဘက် ခြမ်းမှာ ရှိတာ တွေကတော့ လီနော်မန် ဖဲထုပ်တွေ ဖြစ်ပါတယ်။ အလယ်မှာ ရှိတာတွေကတော့ တားရော့လည်း မဟုတ်၊ လီနော်မန်လည်း မဟုတ်တာတွေပါ။ ဒါတွေ အကုန်လုံးကို ကြုံရင်ကြုံသလို သုံးပြီးတော့ ဟောပါတယ်။ ဟောကြားချက်တွေကို ဘလော့ဂ်ပေါ်မှာ အလျဉ်းသင့်တဲ့အခါ ရေးသား မျှဝေပေးသွားပါမယ်။

လီနော်မန် ဖဲထုပ် တစ်ထုပ်မှာ Rider ကနေ စပြီး Cross ဆိုတာအထိ စုစုပေါင်း ၃၆ ကတ်ရှိပါတယ်။ တားရော့ မှာတော့ The Fool ကနေ စတဲ့ မေဂျာကတ် ၂၂ ချပ် ရှိပြီး၊ “ဟုတ်ရဲ့လား စဉ်းစား... တုတ်၊ ခွက်၊ ဓါး၊ ဒင်္ဂါး” ဆိုတဲ့ သင်္ကေတ လေးခု ပါတဲ့ မိုင်နာကတ် ၅၆ ချပ်ရှိပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ဖြင့် တားရော့၊ လီနော်မန်လို့ ခေါ်လို့ မရပါ။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး ခေါ်ချင်သပ ဆိုရင်တော့ ခေါ်နိုင်ပါတယ်။ ဒါပေမယ့် နှုတ်တစ်ရာ စာတစ်လုံးဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ ဒါတွေဟာ တချိန်ကျရင် မှတ်ကျောက်ဖြစ်သွားမှာပါ။

ကျွန်တော်တို့က တားရော့ကတ်ပြားတွေကို တားရော့ ဖဲထုပ်လို့ ခေါ်တော့ ဒါဟာ ဖဲထုပ်မှ မဟုတ်ဘဲ ဆိုပြီး စောဒက တက်နိုင်ပါသေးတယ်။ Tarot ကို မြန်မာလိုရေးတဲ့အခါ ကျွန်တော်တို့ နှစ်ယောက်က တဲရော့လို့ မသုံးဘဲ တားရော့ လို့ ရေးပါတယ်။ အင်္ဂလိပ် အဘိဓာန်တွေက ပြတဲ့ အသံထွက်မှာတော့ တဲရိုး (ဝါ) တားရိုး လို့ ထွက်ပါတယ်။ ဆရာ ဦးငြိမ်းအောင်က တရိုလို့ သုံးပါတယ်။ လီနော်မန် ဆိုတာကို ဆရာမင်းသိင်္ခက “လီနိုမန်” လို့ အသံထွက်ပါတယ်။ ဒီတော့ အသံထွက်တွေ နာမည်ဆိုတာတွေဟာ အဓိက မဟုတ်ဘူးလို့ ဆိုချင်တာပါ။ နာမည် ဆိုတာ ပညတ်ချက်ပါ။ ပညတ်ချက် ဆိုသည့်တိုင်အောင်... ရေကို အရက် လုပ်လို့မရတာကိုတော့ သိသင့်ပါတယ်။

နောက်တစ်ချက်က ကျွန်တော့်မှာ ဘာကြောင့် ဖဲထုပ်တွေ အများကြီးဆောင်ထားရသလဲဆိုတာကို ပြောချင်တာပါ။ အဓိကကတော့ Collection ဆိုတဲ့ စုဆောင်းတာကို ဝါသနာ ပါလို့ပါ။ Stranger Realm ဆိုတဲ့ ဘလော့ဂ်ကို ရေးတဲ့သူဟာလည်း ကံကြမ္မာဖတ် ဖဲထုပ်တွေ စုဆောင်းတာ တော်တော်ဝါသနာ ပါပုံရပါတယ်။ သူရဲ့ ဘလော့ဂ်မှာ စုဆောင်းထားတာ တစ်ရာနီးပါးကို ရှိပါတယ်။ တားရော့ကို တစိုက်မတ်မတ်လေ့လာတဲ့ ကိုချမ်းမြေ့ဦးကလည်း စုဆောင်းတာ တော်တော်ဝါသနာ ပါပုံရပါတယ်။ သူ့ရဲ့ Tarot ဗဟိုဘဏ် ဆိုတဲ့ နေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်။ အဲဒီမှာ တားရော့ အမျိုးပေါင်း ၂၀၀ ကျော်ကို စုဆောင်း ပေးထားတာကို တွေ့နိုင်ပါတယ်။ တားရော့ကို ကလေးဆော့စရာလောက်ပဲလို့ သဘောထားတဲ့သူတွေ သူ့တို့လိုမျိုး စုဆောင်းနိုင်သလားပဲ အရင်ကြိုးစားကြည့်ပါဦးလို့ ပြောချင်ပါတယ်။

ကျွန်တော့်ရဲ့ စုဆောင်းမှုကတော့ သူတို့တွေနဲ့ ယှဉ်လိုက်ရင်ဖြင့် မြင်းမိုရ်တောင်နဲ့ ဆီးစေ့လောက်ပဲ ရှိတော့မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလို ဖဲထုပ်တွေ များများထားတာဟာ ပြောင်းလဲပြီး ဟောဖို့ပါ။ ကျွန်တော်ကို တစ်ချပ်တည်းနဲ့ တစ်သက်လုံးဟောသလားလို့ မေးရင်ဖြင့်... တခါတလေမှာ လာမေးတဲ့လူ တစ်ယောက်တည်းကိုတောင် တစ်ထုပ်တည်းနဲ့ မဟောပါဘူး။ အဲလူကို ဟောနေတုန်း ကုလားဖန်ထိုးလို့ ဖဲတွေက လွင့်စင်ပြီး ပရမ်းပတာဖြစ်သွားရင် နောက်တစ်ထုပ်နဲ့ ပြောင်းဟောပါတယ်။ ဒါကြောင့် ကျွန်တော် အပြင်သွားရင်ဖြင့် အိတ်ထဲမှာ အနည်းဆုံး ဖဲထုပ် ၃ ထုပ်ပါပါတယ်။ အဲဒီ ၃ ထုပ်လုံးကမှ မေးတဲ့လူနဲ့ မကိုက်ဘူးဆိုရင် ဟောကို မဟောဘဲ ပြန်သိမ်းထားလိုက်ပါတယ်။

ပုထုဇ္ဇနော ဥမ္မတ္တကောဆိုသလို လူထဲက လူဖြစ်တဲ့ ကျွန်တော့်ရဲ့ ဝါသနာ၊ ရူးသွပ်မှုတွေကတော့ ဒါပါပဲ။ အရူးအချင်းချင်းမှာမှ မိုးခါးရေ တစ်ဂျားလောက် ပိုသောက်ချင်တဲ့ လူတွေ ရှိနေရင်လည်း ဒါဟာ နေမြင့်လို့ ဖြစ်ပေါ်လာတဲ့ ရူးသွပ်မှုကြောင့်လို့ပဲ နားလည်ပေးလိုက်ပါတော့မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။