Sunday, April 18, 2010

ထူးထူးဆန်းဆန်း ကံကြမ္မာဖတ်နည်းများ


(Source: http://zoice.com/wp-content/uploads/2009/04/bald.jpg)

တစ်နေ့က စာကြည့်တိုက် မွှေရင်းနဲ့ Uncle John ရဲ့ Ahh-Inspiring Bathroom Reader ဆိုတဲ့ စာအုပ်ကို ဖတ်မိပါတယ်။ ထူးထူးခြားခြားနဲ့ စုံစီနဖာ၊ သောင်းပြောင်းထွေလာတွေ ပါဝင်တဲ့ စာအုပ်ပါ။ အဲဒီထဲက စိတ်ဝင်စားစရာလေး တစ်ခုကို ဖတ်မိလို့ ပြန်လည် ဝေမျှလိုက်တာပါ။

ကံကြမ္မာဖတ်တဲ့ နည်းတွေများစွာထဲမှာမှ... Taromancy ဆိုတဲ့ တားရော့နဲ့ ဟောနည်းလည်းမကြိုက်၊ Cartomancy ဆိုတဲ့ ဖဲဗေဒင်လည်း မကြိုက် ဘာဆိုဘာမှ မကြိုက်ဘဲ သူများနဲ့မတူ တမူထူးခြား ဆန်းဆန်းပြားပြား နည်းလမ်းတွေနဲ့မှ သင့်အနာဂတ်ကို သိချင်တယ် ဆိုရင်ဖြင့် အန်ကယ်ဂျွန်က ထူးဆန်းတဲ့ ကံကြမ္မာဖတ် နည်းလမ်း ၁၂ ခုကို လမ်းညွှန် ထားပါတယ်။

Scarpomancy (စကာပိုမန်စီ) : ဖိနပ်အဟောင်း တွေကို လေ့လာပြီး ကံကြမ္မာကို ဖတ်ခြင်း။

Tiromancy (တီရိုမန်စီ) : ချိစ်ထောပတ်တုံးပေါ်က ပုံသဏ္ဍန်၊ အချိုင့်တွေ၊ အဖုတွေ စတာတွေကို ကြည့်ပြီး နိမိတ်ကောက်ခြင်း။

Scatomancy (စကက်တိုမန်စီ) : ကိုယ့်မစင်ကိုယ် လေ့လာပြီး အနာဂတ်ကို ခန့်မှန်းခြင်း။ (စပက်တျူလေ မန်စီ - spatulamancy ဆိုတဲ့ အရေပြားတွေ၊ အရိုးတွေ၊ အညစ်အကြေးတွေကို လေ့လာတာနဲ့ မရောထွေး ပါစေနဲ့)

Bibliomancy (ဘီဘလီအိုမန်စီ) : ဘိုင်ဘယ်လ်ဆိုတဲ့ သမ္မာ ကျမ်းစာကို ကောက်လှန်ပြီး တွေ့တဲ့ ပထမဆုံး စာပိုဒ်ကို ဖတ်ကြားပြီး ကံကြမ္မာကို အဖြေရှာခြင်း။ (တချို့ ခရစ်ယာန် အသိုင်းအဝိုင်းမှာတော့ ဒါကို မလုပ်သင့် မလုပ်အပ်လို့ လက်ခံထားပါတယ်)

Stichomancy (စတစ်ခေါမန်စီ) : ကြိုက်ရာ စာအုပ်တစ်အုပ်ကို လှန်ပြီး ပထမဆုံးစာပိုဒ်ကို ဖတ်ကြားခြင်း။

Pynchonomancy (ပင်ခွန်နိုမန်စီ) : သောမတ်စ် ပင်ခွန် (Thomas Pynchon) ရဲ့ Gravity’s Rainbow ဆိုတဲ့ စာအုပ်ကို ဖွင့်ပြီး မျှားပေါက်ရမှာ ဖြစ်ပါတယ်၊ ပြီးရင်တော့ မျှားအနက်ဆုံးထိ ပေါက်ပြီးရောက်သွားတဲ့ စာမျက်နှာကို လှန်ပြီးဖတ်ရမှာ ဖြစ်ပါတယ်။

Uromancy (ယူရိုမန်စီ) : Urine လို့ခေါ်တဲ့ ဆီးကို လေ့လာပြီး တစုံတစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်ကြားခြင်းပါ။

Dilitiriomancy (ဒီလီတြီအိုမန်စီ) : အာဖရိက လူမျိုးတွေ အသုံးပြုတဲ့ နည်းပါ “African Benge Poison Oracle” လို့ ခေါ်ပါတယ်။ ကြက်ကို Benge အဆိပ် တိုက်ရပါမယ်။ ပြီးရင်တော့ နတ်ဘုရားတွေကို မေးခွန်းမေးရပါတယ်။ မေးခွန်းရဲ့ အဆုံးမှာတော့ တကယ်လို့ ကြက်သေသွားခဲ့ရင် အဖြေကို “ဟုတ်တယ်” လို့ ယူဆရမှာဖြစ်ပြီး... မသေခဲ့ရင် “မဟုတ်ဘူး” လို့ ယူဆပါတယ်လို့ ထည့်ရွတ်ဆိုရပါမယ်။ ပြီးရင်တော့ ကြက်သေမသေကို စောင့်ကြည့်ရုံပါပဲ။

Haruspication (ဟာရူစပီကေးရှင်း) : တိရစ္ဆာန် (အထူးသဖြင့် မြင့်မြတ်သော သတ္တဝါ) ရဲ့ အူ၊ ကလီစာတွေကို လေ့လာပြီး နိမိတ်ဖတ်ခြင်း။

Hepatoscopy (ဟက်ပတိုစကုတ်ပီ) : တိရစ္ဆာန်ရဲ့ အသည်း (ကျန်တဲ့ ကလီစာတွေမပါ) တာကို ကြည့်ပြီး ကံကြမ္မာဖတ်ခြင်း။

Alphitomancy (အယ်လ်ဖစ်တို မန်စီ) : အထူးပြုလုပ်ထားတဲ့ ကိတ်မုန့်ကို စွပ်စွဲခံရတဲ့ တရားခံကို စားစေခြင်း။ တကယ်လို့ အပြစ်မရှိတဲ့လူဆိုရင်တော့ ကိတ်မုန့်ကို မြိုချစားသုံးနိုင်ပြီး၊ အပြစ်ရှိရင်တော့ အစာနင်ပြီး ဖျားနာပါလိမ့်မယ်။ (မှတ်ချက်။ ။ Special Cake ဆိုတာ ဘယ်လိုမျိုး ဖုတ်ထားသလဲ ဆိုတာကို အန်ကယ်ဂျွန်က မရှင်းပြထားပါဘူး။ မဟောသဓာ ဇာတ်လမ်းထဲကလို ဝမ်းနှုတ်စေတဲ့ သျှိသျှားရွက်တွေ ထည့်ဖုတ်ထားတာများ ဖြစ်မလား...)

Alepouomancy (အယ်လပ်ပူအို မန်စီ) : ရွာပြင်မှာရှိတဲ့ စားကျက်တလင်းမြေမှာ လိုင်းကြောင်းနဲ့ အကွက်တွေ ချပါ။ အကွက်တစ်ကွက်စီဟာ မေးခွန်းတစ်ခုစီကို ကိုယ်စားပြုပါတယ်။ ပြီးတဲ့အခါမှာ အဲဒီ အကွက်တွေပေါ်မှာ မြေပဲဆံတွေ ကြဲပါ။ မြေခွေးတွေ လာစားတဲ့အထိ စောင့်ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ အကွက်တွေပေါ်က မြေခွေးတွေ ချန်ရစ်ခဲ့တဲ့ ခြေရာတွေကို ကြည့်ပြီး မေးခွန်းရဲ့ အဖြေကို ရယူရမှာ ဖြစ်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

(စာကြွင်း။ ။ ဗဟုသုတ ရစေရန်အလို့ငှာ ဖော်ပြခြင်း ဖြစ်ပါသည်။ မည်သည့်နည်းကိုမျှ တကယ်လက်တွေ့ မစမ်းသပ်ဖူး သေးပါ။)

References:
Ahh-Inspiring Bathroom Reader by Uncle John
http://www.retro-housewife.com/halloween-1950s.html
http://zoice.com/wp-content/uploads/2009/04/bald.jpg

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။