Friday, January 29, 2010

လီနော်မန် လေ့လာမယ်ဆိုရင် (၂)

(Source: http://phoenixoracle.files.wordpress.com/2009/10/book-cover.jpg)

တနေ့က မိတ်ဆွေကြီး ကိုစိုင်းအောင်နဲ့ ဂျီတော့ခ်မှာ စကားပြောဖြစ်တော့ သူက လီနော်မန်ကတ် စလေ့လာတဲ့သူတွေအတွက် အဟောလေးတွေ၊ သိသင့်တာလေးတွေကို ရေးပါဦး ဆိုတာနဲ့ ဒီပို့စ်ကို ရေးတာပါ။ လီနော်မန် ကတ်တစ်ထုပ်မှာ ကတ်ပြား ၃၆ ချပ်ရှိပါတယ်။ တားရော့ထုပ်မှာ မေဂျာကတ်က ၂၂ ချပ်ရှိတဲ့အတွက် အဲဒါထက်တော့ များပါတယ်။ ဒါပေမယ့် မိုင်နာကတ်ပါ ပါတဲ့ တားရော့ထုပ် ၇၈ ချပ်နဲ့ ယှဉ်ရင်တော့ နည်းပါတယ်။ ဒါကြောင့် လီနော်မန် လေ့လာမယ်ဆိုရင် မခက်သလို လွယ်လည်း မလွယ်ပါဘူး လို့ ပြောချင်တယ်။

လီနော်မန်ကတ် ၀ယ်ပြီးရင် လုပ်ဆောင်သင့်တာတွေကို အရင်ပို့စ်တွေ ဖြစ်တဲ့ လျှပ်တစ်ပြက် လီနော်မန်လီနော်မန်လေ့လာမယ်ဆိုရင် စတာတွေ မှာ ဖတ်ရှုနိုင်ပါတယ်။ တကယ်လို့ သင့်လက်ထဲမှာ လီနော်မန် ဖဲထုပ် တစ်ထုပ် အသင့်ရောက်နေပြီ ဆိုပါတော့ ကတ်ပြားတွေနဲ့ သင်နဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိဖို့လိုပါတယ်။ ကတ်ပြားတွေကို သင်ဟာ ကံကြမ္မာဖတ်တဲ့ နေရာမှာ အသုံးချမှာဖြစ်တဲ့အတွက် ကတ်တွေက ပြောပြတဲ့ ဆိုလိုတဲ့ အဓိပ္ပာယ်တွေကို နားလည်ဖို့ လိုပါတယ်။ အဲဒီလို နားလည်ဖို့ အဓိက နည်းလမ်း ၃ ခုရှိပါတယ်။

ပထမနည်းလမ်းကတော့ လက်တွေ့ဆန်တဲ့ သဘာဝကျတဲ့ နည်းလမ်းမျိုးနဲ့ ချဉ်းကပ်တဲ့ နည်းပါ။ ဒီနည်းနဲ့ လေ့လာမယ်ဆိုရင် ကတ်တွေကို လက်တွေ့ကျကျပဲ မိတ်ဆွေ တစ်ယောက်လို ချဉ်းကပ်လေ့လာရပါမယ်။ တကယ့်လက်တွေ့မှာ မိမိ မသိကျွမ်းသေးတဲ့ မိတ်ဆွေနဲ့တွေ့တဲ့အခါ အကဲခတ်သလိုပါပဲ၊ ကတ်ပြား ၃၆ ချပ်စလုံးကို တစ်ချပ်ခြင်းစီ အကဲခတ်ဖို့ လိုပါတယ်။ ပထမဆုံး Rider မြင်းစီးသူ ကတ်က စတင်ပြီး နောက်ဆုံးကတ် Cross လက်ဝါးကတ်တိုင် ကတ်ပြားအထိ တစ်ကတ်ခြင်းစီကို တလှည့်စီ ကိုယ်မသိသေးတဲ့ မိတ်ဆွေတွေ အဖြစ်ကနေ သိကျွမ်းရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်တဲ့အထိ ဆက်သွယ်၊ စကားပြောခြင်းပါ။

ဒီနေရာမှာ စကားပြောဆယ်သွယ်တယ် ဆိုတာ လူတွေကို ပြောသလိုမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကတ်ပြားတွေနဲ့ စိတ်ခြင်း စကားပြောတာကို ဆိုလိုပါတယ်။ အဲဒီလိုဆက်သွယ်ဖို့ ကတ်တစ်ကတ်ခြင်းဆီကို သေချာအာရုံစိုက်ပြီး ကြည့်ရှုရပါမယ်။ ကတ်ပြားတွေမှာ ပါတဲ့ သင်္ကေတွေ၊ သက်ရှိ သက်မဲ့ အရာဝတ္ထုတွေ အဲဒါတွေက မိမိကို ဘာတွေ ပြောနေသလဲဆိုတာ သိမြင်အောင် လုပ်ယူရပါမယ်။ ကတ်ပြားထဲမှာ ရှိတဲ့ ဇာတ်ကောင်တွေဟာ ၀မ်းနည်းနေသလား၊ ပျော်ရွှင်နေသလား၊ လှုပ်ရှားတက်ကြွနေသလား၊ အားလုံးကို သဘောပေါက်အောင် လေ့လာရပါမယ်။ ဒီအတွက် ဘာစာအုပ် ဘာဖွင့်ဆိုချက်မှ မလိုပါဘူး။ ရှင်းလင်းတဲ့ အမြင်နဲ့၊ ပွင့်လင်းတဲ့ နှလုံးသားသာ ထားရှိဖို့ လိုပါတယ်။

ဒုတိယနည်းကတော့ အသေးစိတ်ဆန်ပြီး သမားရိုးကျနိုင်တဲ့ နည်းလမ်းပါ။ ဒီနည်းကတော့ အစဉ်အဆက် လက်ခံ ဖွင့်ဆိုထားတဲ့ ကတ်ပြားတစ်ကတ်ခြင်းစီရဲ့ အဓိပ္ပာယ်တွေကို အလွတ်ကျက်မှတ် လေ့ကျင့်တဲ့နည်းပါ။ ငယ်ငယ်တုန်းက ကျောင်းစာတွေ ကျက်သလို ကတ်တစ်ကတ်ခြင်းစီကို အလွတ်နည်းပါး ရတဲ့အထိ မှတ်သားခြင်းဟာ လက်တွေ့မဆန်၊ သဘာဝမကျဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အလွတ်ရခြင်းရဲ့ အကျိုးကျေးဇူးအနေဖြင့် ကံကြမ္မာဖတ်တဲ့အခါမှာ တိကျရှင်းလင်းတဲ့ အဓိပ္ပာယ်တွေကို ကောက်ယူနိုင်ပါလိမ့်မယ်။

တတိယနည်းကတော့ အထက်က နည်း ၂ခုကို ပေါင်းစပ် လေ့လာတဲ့နည်းလမ်းပါ။ ဒီတော့ ဒီနည်းဟာ စနစ်တကျနဲ့ အသေးစိတ်ဆန်သလို လက်တွေ့ကျတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကို ကြည့်ပါ။


ပုံအရ လူရယ်၊ ဖဲချပ်တွေရယ်၊ အဓိပ္ပာယ်ရှင်းပြတဲ့ စာအုပ်တွေရယ် ဒီသုံးခုဟာ အပြန်အလှန် တြိဂံပုံ ဆက်သွယ်နေရပါမယ်။ အဲဒီလိုဖြစ်သွားပြီဆိုရင်ဖြင့် သင်ဟာ တတိယနည်းလမ်းနဲ့ လေ့လာတယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီနည်းလမ်းဟာ တားရော့၊ လီနော်မန်၊ ဖဲဗေဒင် အစရှိတဲ့ ကံကြမ္မာဖတ် ကတ်ပြားတွေကို လေ့လာတဲ့နေရာမှာ အသုံးချသင့်တဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။ ဒီနည်းကို ကြာရှည်အသုံးပြုသွားတဲ့အခါ ကတ်ပြားတွေနဲ့ သင်ဟာ တစ်သားတည်း ကျသွားပါလိမ့်မယ်။

ဆရာမင်းသိင်္ခရဲ့ တားရော့ဟောနည်းထဲမှာ ဖတ်ဖူးတာပါ။ သူဟာ တားရော့ အသစ်တစ်ထုပ် လက်ဆောင်ရတော့ အဓိပ္ပာယ်တွေ အကုန်နီးပါး အလွတ်ရတဲ့အခါမှာ... `တားရော့ကို ငါပိုင်ပြီ၊ တားရော့သည် ငါ၏ပစ္စည်းဖြစ်ပြီ´ ဟု ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ အဲဒီလို ကြွေးကြော်သံဟာ လွန်စွာနိမ့်တယ်လို့ သဘောပေါက်ခဲ့ပါသတဲ့။ အဲဒီလို ကြွေးကြော်ခြင်းဟာ တားရော့နဲ့ သူနဲ့ တစ်ပေါင်းတစ်စည်းတည်း မဖြစ်၊ အချိန်မရွေး ပျောက်ဆုံးသွားနိုင်ပါသတဲ့။ ထို့ကြောင့် နောင်အခါ... `ငါဟာ တားရော့ဖြစ်တယ်၊ တားရော့ဟာ ငါဖြစ်တယ်´ ဟု ကြွေးကြော်ခဲ့ပါတယ် လို့ ဆိုပါတယ်။

ဆရာမင်းသိင်္ခပြောသလိုပါပဲ။ ကတ်ပြားတွေနဲ့ သင်ဟာ တစ်သားတည်း ကျသွားတဲ့အခါမှာ `လီနော်မန်ဟာ သင်ဖြစ်လာမှာ ဖြစ်သလို၊ သင်ဟာလည်း လီနော်မန် ဖြစ်သွားပါလိမ့်မယ်´ အဲဒီအခါ လီနော်မန် ကတ်ပြားလေးတွေဟာ အင်မတန်မှ မှန်ကန်၊ တိကျတဲ့ ကံကြမ္မာဖတ် ဖဲချပ်တွေ ဖြစ်တယ်ဆိုတာ သင်ကိုယ်တိုင် တွေ့ကြုံ ခံစားရပါလိမ့်မယ်။

လီနော်မန် လေ့လာတဲ့ နည်းလမ်းတွေကို ပြောပြပြီးတဲ့အခါမှာ လီနော်မန် လေ့လာတဲ့သူတိုင်း ဖြတ်သန်းရမယ့် အဆင့် ၃ ဆင့်ကို ပြောပြချင်ပါတယ်။ အဲဒီ အဆင့်သုံးဆင့်စလုံးကို ကျွမ်းကျင်စွာ လေ့လာပြီး ဖြစ်နေမှ သင်ဟာ လီနော်မန်ကတ်တွေနဲ့ တိကျတဲ့ ဟောချက်တွေကို ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ပထမအဆင့်ကတော့ ကတ်ပြား တစ်ချပ်ခြင်းစီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် (Single Meaning) တွေကို သိရှိအောင် လုပ်ခြင်းပါ။ ဒုတိယအဆင့်ကတော့ ကတ်ဖြန့်ကျက်ပုံ (Spread) တွေကို လေ့လာခြင်းပဲ ဖြစ်ပါတယ်။ တတိယကတော့ အတွဲကတ် (Card Combination) တွေကို လေ့လာခြင်းပါ။

ပထမဆုံး ကတ်တစ်ခုခြင်းစီရဲ့ အဟောတွေကို လေ့လာပါမယ်။ Regula Elizabeth Fiechter ဆိုတဲ့ ဆွစ်ဇာလန်က လီနော်မန် ပညာရှင် အမျိုးသမီး ဖန်တီးထားတဲ့ Mystical Lenormand ကတ်ပြားတွေကို အထက်ကပုံမှာ တွေ့ပြီးဖြစ်ပါလိမ့်မယ်။ အဲဒီလိုလေ့လာတဲ့ နေရာမှာ ကတ်ပြား ၃၆ ချပ်ရဲ့ Basic Keyword ဆိုတဲ့ အခြေခံ ဖွင့်ဆိုချက်တွေကို သိရှိထားဖို့ အင်မတန် အရေးကြီးပါတယ်။ ကျန်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေမှန်သမျှ အဲဒီကနေ ဆက်လက်ဆင့်ပွားပြီး လေ့လာသွားမှာမို့ အခြေခံကို ပိုင်နေဖို့ အရေးကြီးပါတယ်။

01 The Rider (မြင်းစီးသမား) -- သတင်းစကား၊ လှုပ်ရှားတက်ကြွခြင်း

02 The Clover (လေးညှင်းပန်း) -- ကံကောင်းခြင်း၊ အခွင့်အလမ်း

03 The Ship (သင်္ဘော) -- အပြောင်းအလဲ၊ ခရီးသွားခြင်း

04 The House (အိမ်) -- အိမ်ကိစ္စ၊ မိသားစု ကိစ္စ

05 The Tree (သစ်ပင်) -- ကျန်းမာရေး၊ အရင်းအမြစ်

06 The Clouds (မိုးတိမ်) -- ရှုပ်ထွေးခြင်း၊ မရှင်းလင်းခြင်း

07 The Snake (မြွေ) -- အလိမ်အညာမိခြင်း၊ ဒုက္ခရောက်ခြင်း၊ စိတ်ပျက်ရခြင်း

08 The Coffin (ခေါင်းတလား) -- အဆုံးသတ်ခြင်း၊ အကြီးအကျယ် ပြောင်းလဲခြင်း၊ ၀မ်းနည်းရခြင်း

09 The Bouquet (ပန်းစည်း) -- ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ လက်ဆောင်၊ ကမ်းလှမ်းမှု ရရှိခြင်း

10 The Scythe (တံစဉ်) -- ထိခိုက်ဒဏ်ရာ ရခြင်း၊ ဒုက္ခရောက်ခြင်း၊ ရုတ်တရက် ပြတ်ဆဲခြင်း

11 The Whip (ကြာပွတ်) -- အငြင်းပွားခြင်း၊ သဘောမတူခြင်း၊ စိတ်ညစ်ရခြင်း

12 The Birds (ငှက် ၂ကောင်) -- ယာယီဆုံးရှုံး၊ စိတ်ပျက်မှု၊ စုံတွဲ၊ အမွှာ၊ အပြန်အလှန်လဲလှယ်မှု

13 The Child (ကလေးငယ်) -- ငယ်ရွယ်နုပျိုခြင်း၊ အခြေအနေသစ် အစပျိုးခြင်း

14 The Fox (မြေခွေး) -- မရိုးဖြောင့်ခြင်း၊ ကောက်ကျစ် စဉ်းလဲခြင်း၊ လူပေါ်လူဇော်လုပ်တတ်ခြင်း

15 The Bear (၀က်ဝံ) -- ခွန်အားကြီးခြင်း၊ ငွေကြေး၊ စည်းစိမ်ရှိခြင်း

16 The Star (ကြယ်) -- အောင်မြင်မှု၊ ဂုဏ်သတင်း၊ စိတ်ချမ်းသာမှု

17 The Storks (၀န်ပိုငှက်) -- အပြောင်းအလဲ၊ ရွေ့လျားမှု

18 The Dog (ခွေး) -- ယုံကြည်စိတ်ချရသော မိတ်ဆွေ၊ သူငယ်ချင်းကောင်း

19 The Tower (မျှော်စင်) -- အစိုးရ၊ ရုံးဌာန၊ ထိပ်ပိုင်းဆိုင်ရာ၊ အထီးကျန်ဆန်ခြင်း

20 The Garden (ပန်းခြံ) -- လူအများနှင့် ပတ်သက်ခြင်း၊ ပြင်ပဆိုင်ရာ

21 The Mountain (တောင်) -- အခက်အခဲ၊ အတားအဆီး

22 The Crossroads (လမ်းဆုံလမ်းခွ) -- ဆုံးဖြတ်ချက်ချရန်၊ ရွေးခြယ်ရန် အနေအထား၊ အခွင့်လမ်းများစွာ

23 The Mice (ကြွက်) -- ဆုံးရှုံးမှု၊ ၀မ်းနည်း ပူပန်ရမှု

24 The Heart (နှလုံးသား) -- ချစ်ခြင်း၊ စိတ်ခံစားမှု

25 The Ring (လက်စွပ်) -- သဘောတူ၊ စေ့စပ်ခြင်း၊ စာချုပ်ခြင်း

26 The Book (စာအုပ်) -- လျှို့ဝှက်သောအရာ၊ သင်ယူမှု၊ အသိပညာ၊ အတတ်ပညာ၊

27 The Letter (စာအိတ်) -- အီးမေးလ်၊ စာ၊ သတင်းစသည့် အဆက်အသွယ်များ

28 The Man (ယောက်ျား) -- အမျိုးသား ကိုယ်စားပြုကတ်

29 The Woman (မိန်းမ) -- အမျိုးသမီး ကိုယ်စားပြုကတ်

30 The Lily (နှင်းပန်း) -- ကျေနပ်ခြင်း၊ အဆင်ပြေချောမွေ့ခြင်း

31 The Sun (နေမင်း) -- အောင်မြင်၊ ပျော်ရွှင်ခြင်း

32 The Moon (လစန္ဒာ) -- ခံစားမှု၊ အိပ်မက်၊ စိတ်အခြေအနေ

33 The Key (သော့တံ) -- အဖြေရခြင်း၊ သေချာခြင်း၊ ပွင့်လင်းခြင်း

34 The Fish (ငါး) -- ငွေကြေး၊ စီးပွားရေး၊ ပြေလည်မှု၊ လည်ပတ်စီးဆင်းမှု

35 The Anchor (ကျောက်ဆူး) -- အခြေတည် ခိုင်မြဲမှု၊ တည်တံ့သော အလုပ်အကိုင်

36 The Cross (လက်ဝါးကတ်တိုင်) -- စိတ်ဖိစီးမှု၊ ကံတရား၏ စမ်းသပ်ခံရခြင်း၊


အထက်က လီနော်မန် ၃၆ ကတ်ရဲ့ အဓိပ္ပာယ်ကို အခြေခံသိရှိထားဖို့ လိုပါတယ်။ အဓိပ္ပာယ်တွေကို ကြက်တူရွေးစာအံသလို ကျက်နေတာထက် ကတ်ပြားတွေကို ကြည့် အဓိပ္ပာယ်ကို စဉ်းစား၊ ရင်ထဲက ပုံဖော်ခြင်းက ပိုပြီး မြန်ဆန်ထိရောက်မှု ရှိမယ် ထင်ပါတယ်။

ကတ်ပြားတွေ ကိုယ်နဲ့ ရင်းနှီးဖို့ အလွယ်ကူဆုံးနဲ့ လက်တွေ့အကျဆုံး နည်းလမ်း တစ်ခုရှိပါတယ်။ အဲဒါကတော့ Card of the day လို့ခေါ်တဲ့ နေ့တစ်နေ့တာ ကိုယ်စားပြု ကတ်ကို ဆွဲပြီး လေ့လာခြင်းပဲ ဖြစ်ပါတယ်။ မနက်စောစော သင် အလုပ်၊ စသည်မသွားခင် (သို့မဟုတ်) အိပ်ရာထထခြင်း ဖဲထုပ်ကို မွှေပြီး ကတ်ပြားတစ်ခုကို ဆွဲထုတ်ကြည့်ခြင်းပါပဲ။ ဆွဲထုတ်လှန်ကြည့်ပြီး လက်တန်းကျလာတဲ့ ကတ်ကို မှတ်သားထားခြင်းပါ။ အဲဒီကတ်ဟာ သင်ဖြတ်သန်းမယ့် အဆိုပါ တစ်နေ့တာမှာ ဖြစ်ပျက်လာမှာတွေကို ကိုယ်စားပြုတဲ့ကတ်ပါပဲ။

တချို့ကျတော့ အဲဒီလို မနက်ဆွဲတဲ့ကတ်ကို လှန်မကြည့်ဘဲ ဒီတိုင်း မှောက်ထားပြီး ပဟေဠိသဖွယ် အဖြေထုတ်ပါတယ်။ တစ်နေကုန် သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်ပြီး ညနေ အိပ်ရာဝင်ခါနီးအချိန်မှ မှောက်ထားတဲ့ကတ်ကို လှန်ကြည့်ပြီး တစ်နေ့တာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ကတ်ပြားရဲ့ အဓိပ္ပာယ်တွေနဲ့အတူ ပြန်လည် သုံးသပ်ခြင်းပါ။ ဒီနည်းလည်း တော်တော်လေး ထိရောက်ပါတယ်။ ဒါပေမယ့် ဒီနည်းကို လေ့ကျင့်မယ်ဆိုရင်တော့ ကတ်ပြားထုပ်ကို သင်နဲ့အတူ အပြင်ကို သယ်မသွားနိုင်ပဲ အိမ်မှာ ထားခဲ့ရမှာ ဖြစ်ပါတယ်။

နောက်ဆက်မယ့် ပို့စ်မှာ ကိုယ်စားပြုကတ်တွေအကြောင်း ပြောပါမယ်။ ဘယ်ကတ်ဟာ ကျန်းမာရေးကို ကိုယ်စားပြုပြီး ဘယ်ကတ်ဟာ စီးပွားရေးကို ကိုယ်စားပြုတယ် စသည်ဖြင့် လေ့လာပါမယ်။ ဒါအပြင် ကတ်ဖြန့်ကျက်ပုံ အနည်းငယ်ကိုလည်း လေ့လာပါမယ်။ ဒီအတွက် ဒီတစ်ခေါက် ပြောပြထားတဲ့ ကတ် ၃၆ ချပ်ရဲ့ အခြေခံဖွင့်ဆိုချက်တွေကို ကျေကျေညက်ညက် နားလည်သဘောပေါက်ထားဖို့ လိုအပ်မယ်လို့ အကြံပြုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။