Friday, April 16, 2010

တားရော့ အမေးအဖြေ


(Source: http://wildirisbooks.friendsofwildiris.org/files/2009/12/How-to-read-Tarot-Cards-Bernadette-Carter-Gainesville-Florida-Psychic-Medium.jpg)

အင်တာနက်ခေတ်မှာ တားရော့နဲ့ ပတ်သက်တဲ့ site တွေ အများအပြားရှိပါတယ်။ အဲဒီလိုနေရာတွေမှာ FAQ ဆိုတဲ့ အမေးများတဲ့ မေးခွန်းတွေကို စုဆောင်းထားပေးတတ်ကြပါတယ်။ အဲဒါတွေထဲက စိတ်ဝင်စားစရာ တချို့ကို ပြန်လည် ဘာသာပြန်ဝေမျှလိုက်ပါတယ်။

Phone, Online Chat စတာတွေနဲ့ တားရော့ဖတ်ကြားတာဟာ လူကိုယ်တိုင်ကို ဖတ်ကြား ပေးတာလောက် ထိရောက်ပါသလား။

ဒါကို ဖြေရမယ်ဆိုရင်... “ထိရောက်တယ်” ဆိုတာကို ခင်ဗျား ဘယ်လိုယူဆတယ် ဆိုတာပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားက “တိကျမှန်ကန်မှု” အဓိကလို့ ယူဆတယ်ဆိုရင်ဖြင့် ကျွန်တော့် ဟောကြားချက်တွေအပေါ် အခြားလူတွေ ပြန်လည်တုံ့ပြန်တဲ့ မှတ်ချက်တွေကို ကြည့်နိုင်ပါတယ်။ ဘာနဲ့ပဲ ဟောဟော သိပ်ကွာခြားမှု မရှိဘဲ တိကျမှန်ကန်ပါတယ်။

ဟိုးတုန်းကတော့ တားရော့ဟောရင် ပိုးစခင်းထားတဲ့ စားပွဲနဲ့ ဟောကြားတဲ့လူကို မေးတဲ့လူက မျက်နှာချင်းဆိုင် ထိုင်ပြီးမေးရတာမျိုးပါ။ အဲဒီအခါမှာတော့ ဟောကြားတဲ့လူ ဘာကတ်တွေ ဖြန့်ခင်းထားတယ်၊ ဆိုတာ ကိုယ်တိုင် တွေ့ထိနိုင်တာပေါ့။ အဲလို ဟောကြားတဲ့ နေရာမှာ လေးလေးနက်နက် ပါဝင်ချင်တယ် ဆိုရင်တော့ ခင်ဗျားအတွက် လူကိုယ်တိုင် တွေ့ဆုံပြီး မေးမြန်းတာက ပိုသင့်လျှော်ပါလိမ့်မယ်။

ခုပြောနေတာတွေဟာ ကျမရဲ့ အမြင်တွေပါ။ တခြား တားရော့ ဟောတဲ့လူတွေ အားလုံးကိုယ်စား ပြောနေတာ မဟုတ်ပါဘူး။ တားရော့ ဟောတဲ့လူတွေ အမျိုးမျိုးရှိသလို မတူညီတဲ့ တားရော့ ဖတ်ကြားမှုတွေကို အသုံးပြုကြပါတယ်။ ဒါကြောင့် လူကိုယ်တိုင် ဖတ်ကြားတယ် ဆိုတာကလည်း ဟောကြားတဲ့လူအပေါ်လိုက်ပြီး ပြောင်းလဲသွားနိုင်ပါသေးတယ်။

ကျမနေရာက ပြောမယ်ဆိုရင် ကျမဟာ Online Chat တွေနဲ့ ပတ်သက်ခဲ့တာ ၁၉၉၇ ခုနှစ်ကတည်းကပါ။ ကျမအဲလို ဟောတဲ့အချိန်မှာ လာမေးတဲ့သူရဲ့ နာမည်လည်း သိချင်မှသိတာပါ။ တခါတခါဆို သူဟာ ကျားလား မလား ဆိုတာတောင် မသိပါဘူး။

ကျမအထင်အရ ရှေးထုံးပုံစံဖြစ်တဲ့ လူကိုယ်တိုင် တွေ့ဆုံမေးမြန်းတဲ့ နေရာမှာ ဟောကြားတဲ့သူဟာ လာမေးတဲ့သူရဲ့ ကိုယ်အမူအရာ၊ ဝတ်လာတဲ့ အဝတ်အစား စတဲ့ Visual Factors ဆိုတဲ့ မြင်တွေ့ရတာတွေကနေ သဲလွန်စ၊ ကောက်ချက်တွေ ရနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျမ အွန်လိုင်းကနေ ဟောလာခဲ့သမျှမှာတော့ ရရှိတဲ့အချက်အလက်တွေက လူကိုယ်တိုင် တွေ့ဆုံပြီး ဟောရသလိုပဲ အလုံအလောက် ရရှိပါတယ်။ တကယ်လို့ ခင်ဗျားက AOL, AIM စတဲ့ Online Chat တွေသုံးရင် ကျမအတွက် ပြင်ဆင်ရတာ ပိုမို လွယ်ကူပါတယ်။


တကယ်လို့ ကျွန်တော်က ဖုန်းနဲ့ မေးချင်တယ်ဆိုရင် ကျွန်တော်ခေါ်တဲ့အခါ ခင်ဗျားက ချက်ချင်း ဟောပေးတာလား။

မဟုတ်ပါဘူး။ တခြားဟောကြားမှုတွေလိုပါပဲ။ ဖုန်းနဲ့ မေးမြန်းမယ်ဆိုရင် ကြိုတင်ပြီး ရက်ချိန်းယူရပါမယ်။ အဲဒါအတွက် ကျမဆီကို မေးလ်ကနေ ရက်ချိန်းယူလို့ ရပါတယ်။ ဒါဆိုရင်ဖြင့် ခင်ဗျားအတွက် ဖုန်းခေါ်စရိတ်တွေ သက်သာတာပေါ့။

ဖုန်းနဲ့ ဟောကြားတာအတွက် နောက်ထပ် ကျွန်တော်သိသင့်တာများ ရှိသေးလား။

ရှိပါတယ်။ အရေးအကြီးဆုံးက ဗေဒင်မေးမယ့် ခင်ဗျားဟာ သူတစ်ပါး မနှောက်ယှက်နိုင်တဲ့ တိတ်ဆိတ်တဲ့ နေရာမှာ ရှိနေဖို့ပါပဲ။ ယုံချင်ယုံ မယုံချင်နေပါ။ ကျမဟောခဲ့ဖူးတဲ့ လူတချို့ဟာ သူတို့ ရုံးခန်းထဲက အလုပ်လုပ်တဲ့ Cubicle ထဲမှာရှိနေတာတို့၊ အများသုံးအိမ်သာထဲကနေ မေးတာတို့၊ သူတို့ရဲ့ ကလေးတွေကို ကျောင်းကြိုပြီး အပြန်ကားမောင်းလာတာတို့၊ အပန်းဖြေ ကစားကွင်းထဲမှာ ရှိနေတာတို့ အစုံပါပဲ။ အဲဒီလိုနေရာတွေဟာ မေးဖို့ မသင့်လျှော်တဲ့နေရာတွေလို့ ကျမ ခံစားရတယ် ဘာလို့လဲဆိုတော့ ခင်ဗျား ရဲ့ ပြဿနာကို ခင်ဗျား အာရုံစူးစိုက်ပြီး မေးနိုင်မှာ မဟုတ်လို့ပါ။ ပြီးတော့ အဲဒီအချိန်တွေမှာ ခင်ဗျားဖုံးထဲက ကြားရတဲ့ ဆူညံသံတွေက ကျမရဲ့ သမာဓိကိုလည်း ပျက်ပြားစေမှာ အမှန်ပါပဲ။

ဘာဖြစ်လို့ ခင်ဗျား မေးလ်ကနေ မဟောရတာလဲ။

မေးတဲ့အချိန်မှာ ဖြေရင် ပိုပြီး တိကျမှန်ကန်မှု ရှိမယ်လို့ ကျမ ခံစားရလို့ပါ။ ကျမအတွက်ကတော့ ဟောတဲ့လူနဲ့ ကျမနဲ့ တစ်ချိန်တည်းမှာ အတူရှိပြီး ဆက်သွယ်နေရင် အကောင်းဆုံးပါပဲ။ (ဒါပေမယ့် တစ်နေရာတည်းတော့ အတူရှိဖို့ မလိုအပ်ပါဘူး။) တကယ့်လက်တွေ့ အနေအထားနဲ့ ပြောမယ်ဆိုရင်လည်း ခင်ဗျား ရဲ့ မေးလ်ကို ကျမ ဖြေဆိုပြီး ပို့လိုက်တဲ့အချိန်မှာ ရှိနေတဲ့ ခံစားချက်က ခင်ဗျား စာရိုက်ပြီး မေးခဲ့တဲ့ အချိန်မှာ ရှိနေတဲ့ ခံစားချက်နဲ့ တူတော့မှာ မဟုတ်ဘူးလေ၊ ပြောင်းချင် ပြောင်းသွားနိုင်တယ်။

မေးလ်ကနေ ဟောပေးတာက Online Chat လို၊ ဖုန်းထဲကနေ မေးတာလိုမျိုး... မရှင်းတဲ့ အချက်တွေကို အပြန်အလှန် ရှင်းခိုင်းဖို့ မေးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ကျမအတွက်ပေါ့... တားရော့ ဟောတဲ့လူအနေနဲ့... ခံစားရမိတာက မေးလ်ထဲက မေးမြန်းတာဟာ တစ်ခုခု လစ်ဟာနေသလိုပါပဲ။ ဒါကလည်း ကျမရဲ့ ခံစားချက်ပါ။ တခြားဗေဒင်ဆရာတိုင်းကို မရည်ညွှန်းပါဘူး။

တားရော့နဲ့ ဘယ်လိုမျိုး မေးခွန်းကို ကျွန်တော် မေးလို့ ရမှာလဲ။

ခင်ဗျား ဘဝနဲ့ ပတ်သက်တဲ့ ပညာရေး၊ စီးပွားရေး၊ လူမှု ရေးစတာတွေအပြင် အတိတ်၊ လက်ရှိ၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါး စလုံးနဲ့ ဆိုင်တဲ့ ဘယ်လို မေးခွန်းမျိုးကို မေးလို့ ရပါတယ်။ တားရော့ဟာ ဘဝရှုထောင့် အစုံအတွက် ဖန်တီးထားတာမို့ မေးလို့ မရတဲ့ မေးခွန်းဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် တချို့ မေးခွန်းတွေကိုတော့ ဝိနည်း၊ ကျင့်ဝတ်နဲ့ မညီလို့ ကျမက မဟောကြားပါဘူး။

ကျွန်တော့်မှာ ဆုံးဖြတ်ချက်ချဖို့ ကိစ္စကြီးကြီးမားမား ရှိနေတယ်ဗျာ။ ခင်ဗျား တားရော့နဲ့ ဘာလုပ်ရမယ် ဆိုတာကို ပြောနိုင်မလား။

ကျမက သင့်အတွက် ဆုံးဖြတ်ချက် ချမပေးနိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျား ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အသုံးကျမဲ့ အချက်အလက်တွေကိုတော့ (နဂိုခင်ဗျား သိပြီးသား အချက်လက် တချို့နဲ့ အတူပေါ့) ကျမအကြံပြုနိုင်ပါတယ်။ ဒီတော့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်အတွက် ခင်ဗျားမှာပဲ တာဝန်ရှိတာပါ။

တခါတလေ ကျွန်တော်မေးတာနဲ့ ဟောတဲ့လူက ဖြေတာ တခြားစီ ဖြစ်နေသလိုပဲ။

ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ တခါတခါ ခင်ဗျား မျှော်မှန်းထားတာထက် ပိုပြီး ကြီမားတဲ့ ကိစ္စမျိုးဆိုရင် တားရော့က ခင်ဗျားအမေးကို ဖြေတာထက်... ခင်ဗျား ဘာကို မေးသင့်တယ်ဆိုပြီး မေးခွန်းတစ်ခုကို ထပ်မံ အကြံပြုတာမျိုးပါ။


ခင်ဗျား မဟောကြားတဲ့ ကိစ္စတွေ အကြောင်းအရာတွေ ရှိပါသလား။

တားရော့နဲ့ အကြားအမြင်ဆရာ အများစုက သေဆုံးခြင်းနဲ့ ပတ်သက်တာတွေကို ဟောကြားတာဟာ ဝိနည်းနဲ့ မညီဘူးလို့ ဆိုကြပါတယ်။ ကျွန်တော်လည်း ဒါကို သဘောတူပါတယ်။ ကျမက ကျန်းမာရေးနဲ့ ပတ်သက်တာရယ်၊ ဥပဒေနဲ့ ပတ်သက်တာတွေကို မဟောပါဘူး... ကျမက ဆရာဝန် ရှေ့နေမှ မဟုတ်ဘဲ၊ ပြီးတော့ ဥပဒေနည်းကျကျ အကြံပြုရမှာတွေ ရှိတယ်လေ။ အဲလိုပြောလို့ ခင်ဗျားရဲ့ နိုင်ငံသားလက်မှတ်၊ ဗီစာလျှောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာဖြစ်လာမလဲ ဆိုတာကို ကျမ မဟောနိုင်ဘူးလို့ ဆိုလိုတာလည်း မဟုတ်ဘူးနော်။

ကျန်းမာရေး၊ ဆေးကိစ္စနဲ့ ပတ်သက်ရင် ရောဂါရဲ့ ရလာဒ်ဘာဖြစ်လာမလဲဆိုတာကို ကျမ မဟောပါဘူး။ ခင်ဗျား ဘယ်လို ရောဂါခံစားနေရတယ်ဆိုတာကိုလည်း ကျမမဟောပါဘူး။ ပြီးတော့ ကိုယ်ဝန်သည် မိန်းမက ဘာလေးမွေးမှာလဲ (သားလား သမီးလေးလား) ဆိုတာကိုလည်း မဟောပါဘူး။ ဘာလို့လဲ ဆိုတော့ ဆေးပညာမှာ ဒါကို သိနိုင်တဲ့ နည်းလမ်းတွေ အများကြီးပဲလေ။ အဲလိုပါပဲ... ခင်ဗျား ကိုယ်ဝန်ရှိနေပြီလား ဘာလားဆိုတာကို ကျမမဟောပါဘူး။ ဆေးဆိုင်တွေ၊ ဆရာဝန်တွေဆီမှာ အဲဒါကို စစ်တဲ့ ကိရိယာတွေ အလွယ်တကူ ရှိနေတယ်လေ။

ကျွန်တော့်ရဲ့ တကယ့်ချစ်သူ နာမည်ကိုရော ပြောနိုင်မလား။

တားရော့မှာ ဘယ်သူ့ ဘယ်သူရဲ့ ချစ်သူ့နာမည်ကို ပြောတဲ့နည်းလမ်း မရှိပါဘူး။ အဲဒါအတွက် အဖြေလည်း ကျမမှာ မရှိပါဘူး။

တခြားလူတစ်ယောက် ဘာစဉ်းစားနေတယ်၊ ဘယ်လိုခံစားနေရတယ် ဆိုတာကို ခင်ဗျား ပြောပြနိုင်မလား။

ဒီလိုမေးခွန်းမျိုးကို ဝိနည်းနဲ့ မညီဘူးလို့ ကျမယူဆပါတယ်။ ဟိုဘက်က ကာယကံရှင်ရဲ့ သဘောတူညီချက်မရရှိဘူးဆိုရင် ဒါဟာ ချောင်းကြည့်တာနဲ့ အတူတူ ဖြစ်သွားမှာပဲလေ။ ခင်ဗျားကတော့ ပြောမှာပဲ... “ကျွန်တော် ခွင့်ပြုတယ်ဗျာ၊ ကြည့်ဖို့အတွက်” ဆိုပြီး၊ ဒါပေမယ့် ခင်ဗျားရဲ့ ဆွေမျိုး မိတ်သင်္ဂဟ တွေက ခွင့်မပြုဘူးလေ။

ဒါကြောင့် ခင်ဗျားနဲ့ ပတ်သက်တာကလွဲပြီး တခြားသူရဲ့ အကြောင်းကို ကျမ မဟောကြားပါဘူး။ ကျမလုပ်ပေးနိုင်တာ တစ်ခုကတော့ အဲဒီလူနဲ့ ပတ်သက်တာကို ခင်ဗျားရဲ့ ရှုထောင့်ကနေ သုံးသပ် အကြံပြုတဲ့ အလုပ်တစ်ခုပါပဲ။ သူဟာ ခင်ဗျားအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ဖြစ်စေမယ် ဆိုတဲ့ ကိစ္စမျိုးပါပဲ။ ဥပမာ ဆိုရရင်... “သူနဲ့ ကျွန်တော့်ကြားက အိမ်ထောင်ရေး တိုးတက်အောင် ဘယ်လို လုပ်ရမလဲ” လို့ မေးလို့ ရပေမယ့် “သူ ဒီပြင့် လူတစ်ယောက်နဲ့ ဘယ်လို ဇာတ်လမ်းတွေ ရှိနေသလဲ” လို့ မေးတာမျိုးကတော့ မဖြေနိုင် ပါဘူး။

အတိတ်ဘဝနဲ့ ပတ်သက်တာကိုကော ခင်ဗျား ဟောကြားပေးပါသလား။ ပြီးတော့ ကျိန်စာ၊ ဘာညာတွေကို ဖယ်ရှားပေးပါသလား။

ကျမဟာ လူဝင်စား စတဲ့ အတိတ်ဘဝနဲ့ ဆိုင်တာကို ယုံကြည်ပေမယ့် အတိတ်ဘဝကိုတော့ တွက်မပေးပါဘူး။ လက်ရှိဘဝကိုပဲ အာရုံပြု ဟောကြားပါတယ်။
ကျမဟာ ကျိန်စာတွေကို မကိုင်တွယ်ပါဘူး။ တချို့လူတွေက ငွေအမြောက်အများယူပြီး အဲဒါမျိုးတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ပြောတာဟာ ဝိနည်းနဲ့ မညီဘူး၊ တရားနည်းလမ်းမကျဘူး လို့ ကျမထင်ပါတယ်။

ခင်ဗျားဟာ ကျွန်တော့်ဘဝ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောကြားနိုင်တယ်ဆိုတော့... ခင်ဗျားဟာ ကာလသုံးပါးလုံးနဲ့ ဆိုင်တဲ့ ကျွန်တော့်ရဲ့ အတိတ်၊ ပစ္စုပန်၊ အနာဂတ် အားလုံးကို သိနေ၊ မြင်နေတာပေါ့။

မဟုတ်ပါဘူး၊ ကျမဟာ စိတ်စွမ်းက တဆင့် တားရော့ကတ်တွေကနေ ကျမ လက်ခံရနိုင်သလောက် ကိုသာ ဟောကြားနိုင်တာပါ။ တခါတရံမှာ... ဒါဟာလည်း ခင်ဗျားမေးတဲ့ မေးခွန်းပေါ်မှာ အခြေခံပြီး သိလာတဲ့ အချက်အလက် အနည်းငယ်မျှသာပါပဲ။ တခါတခါမှာ ရုပ်ရှင်ကြည့်ရသလို ဇာတ်လမ်းအပြည့်အစုံကို တွေ့ရပါတယ်။ တခါတလေကျရင် ခင်ဗျား မမေးတဲ့ အချက်လက်တွေကိုတောင် ကျမလက်ခံရရှိပါတယ်။ အဲဒီအခါဆို အဲဒါကို ခင်ဗျားကို ပြောပြလိုက်တာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဘယ် ပညာရှင်ကမှ ဒိဗ္ဗစက္ခု ရသလို အကုန်လုံးကို မြင်နိုင် သိနိုင်တာ မဟုတ်ပါဘူး။ တကယ်တမ်းလည်း (ကျမမှ မဟုတ်ဘူး တခြား ဗေဒင်ဆရာတွေလည်း ပါမယ်) ခင်ဗျားကံကြမ္မာအတွက် ကတ်တွေက ပြဆိုတာကို အပြည့်အဝ မရှင်းလင်းပေးနိုင်ပါဘူး။ ဥပမာ၊ ခင်ဗျားဟာ လူနှစ်ယောက်နဲ့ အချစ်ရေးကိစ္စမှာ ပတ်သက်နေတယ်လို့ ကျမမြင်နိုင်ပေမယ့်... အဲဒီထဲက လူတစ်ယောက်နဲ့ ခင်ဗျားနဲ့ လက်ထပ်ထားတယ် ဆိုတာကိုတော့ သိမှာမဟုတ်ဘူး။

တားရော့ကတ်တွေကို ကြည့်ရတာဟာ ဘာနဲ့ တူလဲဆိုရင် မိုးလေဝသနဲ့ ပတ်သက်တဲ့ ဇယားတွေကို ကြည့်ရသလိုပါပဲ။ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ အခု ဘာတွေဖြစ်နေသလဲ၊ အနာဂတ်မှာ ဘာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်မလဲ ဆိုတာကို ဟောတာမျိုးပါ။ တားရော့က ပြဆိုတာတွေဟာ ခင်ဗျား ဘဝမှာ ဘာတွေ ဖြစ်နေခဲ့ပြီးပြီ ဆိုတာမျိုးပါ... ဒါကပဲ... အနာဂတ်အဖြေကို ပြောတာလို့ပဲ ဆိုပါတော့လေ။
တားရော့မေးပြီး သိလာတဲ့ အဖြေ/ ရလာဒ်ကို ကျွန်တော် ပြောင်းလဲနိုင်သလား။

အမြဲတမ်းပါပဲ။ တားရော့က ကျလာတဲ့ ဟောကိန်းတွေကို ခင်ဗျား ဘဝခရီးမှာ ကျိန်းသေပေါက် လိုက်လုပ်ရမယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ “Fate chooses your future, you choose your plan... ကံကြမ္မာက သင့်ရဲ့ အနာဂတ်ကို ရွေးခြယ်ပေးပေမယ့်... သင့်ရဲ့ စီမံကိန်းတွေကိုတော့ သင်ပဲ ရွေးခြယ်ရမှာပါ” ဆိုတဲ့ စကားရှိပါတယ်။

အဲဒီတော့ ခင်ဗျားမှာ လွတ်လပ်တဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ တာဝန်ယူမှုတွေ အကုန်လုံးက ခင်ဗျားပေါ် မူတည်နေပါတယ်။

ဒါဆိုရင် တားရော့ဟာ ကျွန်တော်တို့အတွက် ဘာကို အကောင်းဆုံး ပြောပြနိုင်မှာလဲ။

တားရော့က ခင်ဗျားတို့ ဘဝတစ်ခုလုံးရဲ့ မြေပုံကိုတော့ ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်သွားနေတဲ့ လမ်းကြောင်း ဘယ်ကို ရောက်နေပြီလဲ၊ လမ်းမှန်ပေါ်ရှိရင် ဆက်လုပ်ပါလို့ အားပေးမယ်။ ခင်ဗျားသွားတဲ့လမ်းမှာ အတားဆီး ရှိနေမယ်... ဒါမှမဟုတ် အပျက်ဆီးတွေ ရှိနေမယ်ဆိုရင် ခင်ဗျားကို သတိပေးမယ်။ အဲလိုတွေပါ။ တားရော့ကို ဘဝအတွက် အပြုသဘောဆန်တဲ့ ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် အသုံးချလို့ ရပါတယ်။

ခင်ဗျားရဲ့ လေးနက်တဲ့ ဘဝအရေး ကိစ္စတွေကို ယေဘုယျနဲ့ အသေးစိတ် အဖြေထုတ်ကြည့်ချင်တဲ့ နေရာတွေမှာ တားရော့ဟာ အင်မတန်မှ အသုံးဝင်ပါတယ်။ နမူနာ ဆိုရရင်... ဘယ်လို အလုပ် အခွင့်အလမ်း တွေ ခင်ဗျားမှာ ရှိနေပြီးတော့... ဘယ်အလုပ်ကို ရွေးခြယ်ရင်ဖြင့် ခင်ဗျားအတွက် သင့်လျှော်မယ်ဆိုတာမျိုးကို ဟောကြားနိုင်ပါတယ်။

ဒီတော့ တားရော့ဟာ ခင်ဗျားရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ မျှော်မှန်းချက် တချို့ကို ချပေးနိုင်တယ်။ ခင်ဗျားရဲ့ မိသားစု၊ ချစ်ခြင်း၊ အလုပ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ခင်ဗျာ ပြဿနာချည်းပဲ စဉ်းစားနေတာထက် ပိုပြီးတော့ ထိရောက်တဲ့ ချဉ်းကပ်မှုကို တားရော့က ကူညီဖြေရှင်း ပေးပါလိမ့်မယ်။ ခင်ဗျားအတွက် စိတ်ဝိဉာဉ်နဲ့ ဆိုင်တဲ့ လမ်းကြောင်းကို သိမြင်စေပါလိမ့်မယ်။

တားရော့နဲ့ ကံကြမ္မာကို မေးတဲ့အခါ Near Future လို့ခေါ်တဲ့ သိပ်မဝေးတဲ့ အနာဂတ် (ရှေ့လာမယ့် ၁လ ကနေ ၆ လ အထိ) ကို မေးတာဟာ အကောင်းဆုံးပါပဲ။ ဟောကြားတဲ့ အချိန်ကာလဟာ ခင်ဗျားရဲ့ အဖြစ်အပျက်ကို လိုက်ပြီး အပြောင်းအလဲ ရှိနိုင်ပေမယ့်... ၆ လထက် ပိုပြီးတော့ မမေးသင့်ပါဘူး။ ရှေ့အနာဂတ် တစ်နှစ် လောက်ကို ဟောနိုင်တယ်ဆိုတာ တားရော့ ဟောတဲ့လူအတွက် ဟောရိုးဟောစဉ်ထဲမှာ တော်တော့ကို တွေ့လေ့ မရှိတာပါ။

ဒီနေ့မှာ တချို့ တားရော့ပညာရှင်တွေဟာ ဘာကံကြမ္မာဖတ်တာကိုမှ မလုပ်တော့တာ ကိုလည်း ခင်ဗျား သတိထားမိမှာပါ။

ဘယ်လို မေးခွန်းပုံစံမျိုးကို မေးတာက သင့်လျှော်မလဲ။

ဘယ်လို ပုံစံ မေးမေး ရပါတယ်။ ဒါပေမယ့်... ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတဲ့ Yes/ No မေးခွန်းမျိုးကို ရှောင်မေးတာကောင်းမယ်။ အဲလိုမေးခွန်းတွေက ခင်ဗျားအတွက် နောက်ထပ် သိစရာ အချက်အလက် မပေးတော့ဘူးလေ။ ခင်ဗျား ကိစ္စက မေးတာထက် ပိုပြီး ရှုပ်ထွေးကောင်းရှုပ်ထွေးနေမှာလေ။ ဒီတော့ အဲဒါမျိုး မမေးဘဲ ပြောင်းမေးရင် ခင်ဗျားအတွက် ပိုထိရောက်မှာပေါ့။ ဥပမာ... “ကျွန်တော့်ရဲ့ လုပ်ငန်းသစ် အောင်မြင် မလား” လို့ မေးတာထက် စာရင်... “ကျွန်တော့်ရဲ့ လုပ်ငန်းသစ်ကို အောင်မြင်ဖြစ်မြောက်ဖို့ ဘာတွေ လုပ်ဖို့ လိုအပ်သလဲ” အဲလိုမေးတာမျိုးက ပို သင့်လျှော်မယ် ထင်တယ်။


နောက်ပြီးတော့ မေးခွန်းမေးတဲ့အခါ အကြောင်းအရာ တစ်ခုတည်းကိုပဲ မေးတာ ကောင်းတယ်။ ခင်ဗျား ကိစ္စက ရှုပ်ထွေးပြီး အကုန်ပတ်သက်ချင် ပတ်သက်နေမှာ... ဒါပေမယ့် ကိစ္စရပ် တစ်ခုထက် ပိုမေးရင်တော့ သိပ်မကောင်းဘူး။

ပြီးတော့ လက်တွေ့နဲ့ မလျော်ညီတာတွေကို မေးတာမျိုးကလည်း ဟောကြားတာကို အနှောက်အယှက် ပေးတာမျိုးပါပဲ။ အဲဒါမျိုးကို တရားနည်းလမ်းကျတဲ့ တားရော့ဟောတဲ့သူ ဘယ်သူမဆိုက လက်မခံပါဘူး။

ကျွန်တော့်ကို ဟောကြားပေးတဲ့အခါ... သူငယ်ချင်းကို အတူခေါ်လာခဲ့လို့ ရမလား။

ခင်ဗျားရဲ့ ကံကြမ္မာကို အတူကြည့်ဖို့ တခြားလူတွေခေါ်လာတာကို ကျမ ခွင့်မပြုပါဘူး။ ဒါကလည်း ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့နဲ့ သူငယ်ချင်းတွေရှေ့မှာ မေးဖို့မြန်းဖို့ ရှက်နေတာမျိုးတွေ မဖြစ်စေချင်လို့ပါ။ တခါတခါကျရင် တားရော့က ဘယ်လိုကံကြမ္မာတွေကို ပြောမယ်ဆိုတာ ကျမတို့ မသိနိုင်ဘူးလေ။ ခင်ဗျားမနှစ်မြို့တာမျိုး ကျလာပြီး သူငယ်ချင်းကလည်း အနားမှာရှိရင် ဘယ်လိုမှ ခင်ဗျား သက်တောင့်သက်သာ ဖြစ်တော့မှာ မဟုတ်ဘူးလေ။

ဟောကြားပေးတာကို ကျွန်တော် အသံဖမ်းထားလို့ ရလား။

ရပါတယ်။ ဒါပေမယ့် အရည်အသွေး ကောင်းကောင်းရဖို့ ခင်ဗျားကိုယ့်ဘာသာ စက်ကိရိယာတွေ သယ်လာတာ ပိုကောင်းမယ်။ ကျမသိသလောက်ပေါ့... ကျမတော့ မဖြစ်ဘူးပါဘူး၊ တခြား ပညာရှင်တွေ ဆီမှာပေါ့လေ ဟောထားတာကို အသံဖမ်းပြီး အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ ဘာမှ ပါမလာဘူး ဖြစ်နေတာမျိုးပါ။ ဒါမျိုးဟာ တခါတရံ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ Psychic Power ဆိုတဲ့ စိတ်အစွမ်းအားတွေဟာ လျှပ်စစ်ကိရိယာတွေကို နှောက်ယှက်နိုင်လို့ပါ။ ဒါကြောင့် ခင်ဗျားဘာသာ ပြင်ဆင်လာတာ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။

ကျမနဲ့ ဖုန်းထဲက ပြောတာကိုလည်း ခင်ဗျား အသံဖမ်းထားနိုင်ပါတယ်။ ကျမကတော့ ဟောကြားတာတွေကို တော်ရုံ အသံဖမ်းလေ့ မရှိတာကြောင့် ခင်ဗျား ဘာသာ ဟိုဘက်ကနေ အသံဖမ်းရပါမယ်။ ဒါပေမယ့် တရားနည်းလမ်းအရ ကျမကို အရင်ဆုံး အသံဖမ်းမယ်ဆိုတာကိုတော့ ကြိုပြောထားရပါမယ်။ အွန်လိုင်းကနေ Chat လုပ်ထားတာကိုလည်း ခင်ဗျား Save လုပ်ပြီး သိမ်းထားလို့ရပါတယ်။ ဒါပေမယ့် ကျမကို ကြိုပြောရမှာ ဖြစ်ပါတယ်။ ကျမကတော့ ခင်ဗျားရဲ့ လုံခြုံရေးအတွက် ဟောကြားချက်တွေကို သိမ်းလည်း မသိမ်းထားသလို ဖတ်ဖို့ Print ထုတ်တာမျိုးလည်း မလုပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျမဟောတာကိုတော့ အချိန်မရွေး မှတ်စုအနေနဲ့ ချမှတ် ထားနိုင်ပါတယ်။

References:
http://www.tarotscript.co.uk/html/the_tarot_-_faq.html
http://www.tarotmoon.com/faqs/faqs.html
http://tarot.judithlaura.com/readfaqs.html

မေတ္တာဖြင့်
မိုးသူ


1 comment:

  1. တားရော့ကတ်မှာပါတဲ့ ရုပ်ပုံတွေဟာမတူညီတာတွေ့ရပါတယ် မတူလို့ကံကြမ္မာပြောင်းလဲတာမျိုးရှိသလားဆိုတာသိချင်ပါတယ်

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။