Wednesday, April 7, 2010

သင့်အတွက် ထိုင်းရိုးရာ နှစ်ကူးကံကြမ္မာ



မြန်မာတွေလိုပါပဲ။ ထိုင်း (ယိုးဒယား) လူမျိုးတွေဟာလည်း ဗေဒင်၊ လက္ခဏာ အစရှိသည်တို့ကို အင်မတန်မှ ယုံကြည်ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ဘုရားကျောင်း တော်တော်များများမှာ စာချပြီး ဗေဒင်မေးတာကို တွေ့နိုင်ပါလိမ့်မယ်။ မြန်မာပြည်မှာ ဆိုရင်အဲဒီလို တုတ်ချောင်းလေးတွေကို တချပ်ချပ်နဲ့ စာချတာဟာ တရုတ်ဘုံကျောင်းတွေမှာသာ တွေ့ရတတ်တာပါ။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ရိုးရာ နှစ်ကူးပွဲတော် ဆုံကရန် (Songkran) ဟာ မြန်မာ့ရိုးရာ နှစ်ကူး သင်္ကြန်ပွဲနဲ့ တစ်ထပ်တည်း ပါပဲ။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ အမြဲတမ်း မြန်မာထက်တော့ တစ်ရက်နောက်ကျပြီး ကျင်းပပါတယ်။ လပြည့်နေ့တွေက အစဖြစ်ပါတယ်။ ရိုးရာ နှစ်ကူးကာလ နီးလာတာနဲ့အမျှ ထိုင်းရိုးရာ ဗေဒင်ဆရာတွေဟာလည်း နှစ်သစ်အတွက် ကံကြမ္မာတွေကို ဟောထုတ်ကြပါတော့တယ်။ မြန်မာပြည်မှာတော့ သင်္ကြန်စာစသည်ဖြင့် ရှိသလိုပါပဲ။

ဒီပို့စ်အပေါ်ဆုံးက စက်ဝိုင်းကားချပ်နဲ့ ပုံလေးကို ကြည့်ပါ။ တကယ်လို့ သင်ဟာ ပုလ္လိင် ဆိုရင်... နံပါတ် (၁) ဖြစ်တဲ့ ဘုရားပုံအကွက်ကနေ စတင် ရေတွက်ရပါမယ်။ နာရီလက်တံ (Clockwise Direction) အတိုင်း သင့်ရဲ့ လက်ရှိ အသက်ကို ရေတွက်ရပါလိမ့်မယ်။ ပြီးသွားရင်ဖြင့် သင့်ရဲ့ နေ့နံ ဂဏန်းကို ဆက်လက် ရေတွက်ရပါမယ်။ (ဥပမာ သင်ဟာ တနင်္ဂနွေနေ့ဖွား ၃နှစ်သားလေး ဆိုရင် နံပါတ် ၄ အကွက်ဖြစ်တဲ့ နန်းတော်ပုံပေါ်ကို ရောက်ရှိပါလိမ့်မယ်။)

တကယ်လို့ သင်ဟာ ဣတ္ထိလင် ဆိုရင်... နံပါတ် (၁၂) ခြေင်္သေ့ပုံ အကွက်ကနေ စတင်ပြီး နာရီလက်တံ ပြောင်းပြန် (Counter Clockwise Direction) အတိုင်း သင့်ရဲ့ လက်ရှိအသက်ကို ရေတွက်ရပါမယ်။ ပြီးရင် သင့်ရဲ့ နေ့နံ ဂဏန်းကို ဆက်လက်ရေတွက်ရပါမယ်။ (ဥပမာ သင်ဟာ တနင်္လာနေ့ဖွား ၃ နှစ်သမီးလေးဆိုရင်ဖြင့် သင့်ကံကြမ္မာဟာ ရာမမင်းသားရဲ့ ရုပ်ပုံနဲ့ သက်ဆိုင်ပါလိမ့်မယ်။)

နေ့နံတွေကို ယူဆပုံက တနင်္ဂနွေသည် ၁၊ အင်္ဂါ ၂ စသည်ဖြင့် ယူဆတာဖြစ်ပြီး၊ ရာဟုကို ၈ ဂဏန်းအဖြစ် မြန်မာနဲ့ အတူတူ ယူဆပါတယ်။ သင့်ရဲ့ တစ်နှစ်စာ အဟောဖြစ်တဲ့ အရုပ် သင်္ကေတ ၁၂ ခုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကတော့ ဒီအတိုင်းပါပဲ...

(၁) ဘုရားစေတီ။ ။ ဤနှစ်တွင် သင့်ကံကြမ္မာသည် ရွှေငွေ စသည်ဖြင့် လာဘ်လာဘ ပေါများခြင်းတို့ ရှိအံ့၊ ခြေနှစ်ချောင်း ခြေလေးချောင်း အစရှိသော တိရစ္ဆာန်တို့ ဝင်အံ့။ သင် လုပ်သမျှ ကိုင်သမျှသည် သင့်အတွေးအကြံတို့နှင့် လျှော်ညီဖြစ်တည်အံ့။ သို့သော် သင်သည် အခြားသူများအတွက် အကူအညီ မဖြစ်၊ ခြေနှစ်ချောင်း ခြေလေးချောင်း သတ္တဝါများအတွက်ပင် အကူအညီ မဖြစ်ချေ။ ထို့အတူ ဤုနှစ်တွင် ဆွေမျိုးညာတကာတို့အပေါ်တွင်လည်း မှီခို အားထားခွင့် မရဘဲ၊ သင့်ကိုသင်သာ အမှီသဟဲ ပြုရအပ်၏။

(၂) ငွေပန်းကနုတ်။ ။ ဤနှစ်တွင် သင်သည် အမျိုးမျိုးသော လာဘ်လာဘတို့ဖြင့် ပေါများခြင်း ရှိအံ့၊ သင့်အား ကူညီထောက်ပံသူတို့သည်လည်း ပျော်ရွှင်ခြင်းတို့ ရှိအံ့။ အရေးပါသော ပုဂ္ဂိုလ်တို့နှင့် ကောင်းသော အတွေး၊ အကြံ၊ အလုပ်တို့ ပြောဆို ဆွေးနွေးအပ်ရာ၏။ သင့်ကို လှူဒါန်းထောက်ပံသူတို့သည် အသိဉာဏ် အမျှော်မြင်ရှိသည်နှင့်အညီ ဤနှစ်တွင် သင်သည် ကောင်းသော ထောက်ပံလှူဒါန်းမှုတို့ ရနိုင်ရာ၏။

(၃) ဝါန်ထုံနတ်သမီး။ ။ နတ်သမီးဝါန်ထုံသည် ကွပ်မျက်အပြစ်ပေး ခံခဲ့ရသည် ဖြစ်၍ ဤသင်္ကေတ ကျသောနှစ်တွင် သင်သည် ပြင်းထန်သော အပြစ်ပေးမှုတို့ဖြင့် ကြုံတွေ့ရအံ့။ ခရီးဝေး ခရီးရှည် စသည်တို့ မထွက်အပ်။ ကိစ္စရပ် တစ်ခုခုကို မလုပ်ခင် ပထဦးစွာ လုပ်သင့်မသင့်ကို စဉ်းစားအပ်ရာ၏။ မည်သည့် လာဘ်လာဘမျှ ထိုနှင့်တွင် မရရှိနိုင်။ အခြားလူများအား သင့်အတွက် အတင်းအကြပ် စေခိုင်း လုပ်ဆောင်စေလျှင် သင့်တွင် ထိခိုက်မှု ကြုံရာ၏။

(၄) နန်းတော်ပုံ။ ။ ဤနှစ်တွင် စားရေးသောက်ရေး၊ နေရာထိုင်ခင်းတို့ ပြေလည် ပွားစီးအံ့။ သင်၏ ရန်သူ၊ ပြိုင်ဘက်များထက်လည်း ပိုမို အောင်မြင်အံ့။ အလုပ်၊ ရုံးစသည်တို့တွင် သင်သည် နေရာ၊ ရာထူး အပြောင်းအလဲ ရှိအံ့။ ယမန်နှစ်က ကြုံတွေ့ခဲ့ရသော ပြဿနာများ လွန်မြောက်ကာ ယခုနှစ်တွင် အောင်မြင်မှု တို့ ရရှိအံ့။

(၅) ပလ္လင်။ ။ ဤနှစ်တွင် သင်၏ ကံကြမ္မာသည် ပလ္လင်ထက်တွင် ရှိနေသည်ဖြစ်၍ အစစ အရာရာ အစဉ်ပြေ တိုးပွားအံ့။ ရန်သူ အတိုက်အခံများကိုလည်း အောင်မြင် ကျော်လွှားနိုင်ရာ၏။ သင့်အား ယုံကြည်ကိုးစား အရိုအသေပြုသူတို့ ရှိအံ့။ အောက်လက်ငယ်သားတို့အား ခိုင်းစေနိုင်ရာ၏။ မိတ်ဆွေ အပေါင်းအသင်းတို့၏ ကူညီထောင့်ပံမှုလည်း ရှိရာ၏။

(၆) ဟာနုမန်။ ။ ဤနှစ်တွင် သင်သည် နာကျင်ခြင်း၊ ဖျားနာခြင်း၊ သွေးထွက်သံယိုမှုတို့ ဖြစ်အံ့။ ခရီးဝေး ခရီးရှည်များလည်း ထွက်ခွာရအပ်ပြီး သင်၏ ကျန်းမာရေးနှင့်လည်း သက်ဆိုင်နိုင်လေ၏။ သင်၏ ဒေါသနှင့် ခက်ထန်မှုတို့ကို ချုပ်တီး သိမ်းဆည်းသင့်။ ထိုသို့ မဟုတ်လျှင် မနှစ်မြို့သည်များ မမျှော်လင့်ဘဲ ဖြစ်လာနိုင်လေ၏။

(၇) ရွှေပန်းကနုတ်။ ။ ဤနှစ်တွင် သင်သည် အမျိုးမျိုးသော လာဘ်လာဘတို့ဖြင့် ပေါများခြင်း ရှိအံ့၊ သင့်အား ကူညီထောက်ပံသူတို့သည်လည်း ပျော်ရွှင်ခြင်းတို့ ရှိအံ့။ အရေးပါသော ပုဂ္ဂိုလ်တို့နှင့် ကောင်းသော အတွေး၊ အကြံ၊ အလုပ်တို့ ပြောဆို ဆွေးနွေးအပ်ရာ၏။ သင့်ကို လှူဒါန်းထောက်ပံသူတို့သည် အသိဉာဏ် အမျှော်မြင်ရှိသည်နှင့်အညီ ဤနှစ်တွင် သင်သည် ကောင်းသော ထောက်ပံလှူဒါန်းမှုတို့ ရနိုင်ရာ၏။

(၈) ရာမမင်း။ ။ တောထဲတွင် လမ်းလျှောက်နေသာ ရာမမင်းသက်ရောက်သော ဤနှစ်တွင် သင်သည် ရပ်ဝေးမြေခြား တိုင်းတစ်ပါးတို့နှင့် ကူးသန်းဆက်ဆံခြင်းဖြင့် အကျိုးဖြစ်ထွန်း၊ လာဘ်လာဘ ပေါများရာ၏။ မွေးရပ် ဇာတိတွင် နေထိုင်ပါက လာဘ်လာဘ မဖြစ်ထွန်းနိုင်ချေ။ ချစ်နှစ်သက်သူနှင့်လည်း ဆုံးဆည်း တွေ့ဆုံနိုင်ရာ၏။ ဤနှစ်တွင် သင့်၌ ရန်သူမရှိသော်လည်း အမျိုးသမီးများနှင့် စကားအချေအတင် ဖြစ်နိုင်ရာ၏။

(၉) ခွန်ပန်းမင်းသား။ ။ ထောင်ထဲ ရောက်နေသော ခွန်ပန်းမင်းသား သင်္ကေတကျသော ဤနှစ်တွင် တစ်စုံတစ်ရာ ကိစ္စတစ်ရပ် ဖြစ်တည်လာနိုင်၏။ သင်၏ ချစ်သူ၊ ဇနီး စသူတို့သည် အဆိုပါ ကိစ္စတွင် ဝင်ရောက် ဖြေရှင်းပေးရနိုင်လေ၏။ ဒေါသနှင့် ရန်လိုမှုတို့ကို လျှော့အပ်ရာ၏ ထိုသို့ မဟုတ်လျှင် အရေးပါသော ပုဂ္ဂိုလ်များနှင့် ပြဿနာ ကြုံတွေ့နိုင်လေရာ၊ သင်၏ အပြုအမှုတို့ကို ဆင်ခြင် အပ်ရာ၏။

(၁၀) ဘေးတော်ကြီး။ ။ အဘိုးရဲ့ အဖေဖြစ်တဲ့ အဘေး သင်္ကေတကျတဲ့ ဤနှစ်မှာ သင်သည် အထက်လူကြီး၊ အကြီးအကဲပုဂ္ဂိုလ်တို့ကို မှီခို ကြီးပွားနိုင်ရာ၏။ အတိတ်က ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးအရ ဤနှစ်တွင် သင့်ထံသို့ မမျှော်လင့်သော လာဘ်လာဘတို့ဝင်အံ့။ သင့်ထက် အသက်အရွယ်ကြီးသော သူတို့က သင့်အား ထောက်ပံ့ ပေးကမ်းမှုတို့နှင့် ကြုံရနိုင်ရာ၏။

(၁၁) မာယာဒေဝီ။ ။ မာယာဒေဝီ အမျိုးသမီးကတ်ကျသော ဤနှစ်တွင် တတ်နိုင်လျှင် အမျိုးသမီးများနှင့် ခပ်ကင်းကင်းနေရာ၏၊ သို့မဟုတ်လျှင် လှည့်စားအရူးလုပ်ခံရနိုင်ပြီး၊ မျှော်လင့်သည်တို့ ဆုံးရှုံးအပ်ရာ၏။ မည်သည့် လာဘ်လာဘ မျှ သင့်ထံတို့ ဝင်လိမ့်မည် မဟုတ်။ ဤနှစ်တွင် အယုံမလွယ်သင့်။ တစ်စုံတစ်ယောက်ကို ယုံကြည်မည် ဆိုလျှင် ဦးစွာ ပထမ စဉ်းစားရာ၏။ အသက်ငယ်ရွယ်သော အမျိုးသမီးများသည် အသက်ကြီးသူများထက် ပိုပြီး မိတ်ဆွေကောင်းအဖြစ် ရှိနိုင်၏။

(၁၂) ခြင်္သေ့မင်း။ ။ သီဟရာဇာ ခြင်္သေ့မင်းကျသော ဤနှစ်တွင် သင်သည် ဖျားနာခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းတို့ ရှိအံ့။ ခရီးဝေး ခရီးရှည်များ သွားရောက် ရနိုင်ပြီး ကျန်းမာရေးကိုလည်း အကျိုးသက်ရောက်မှု ရှိနိုင်၏။ ခြင်္သေ့မင်းကဲ့သို့ ဖြစ်တည်လာသော သင်၏ ဒေါသနှင့် ခက်ထန်မှုတို့ကို ချုပ်တီး သိမ်းဆည်းထားရာ၏။ ထိုသို့ မဟုတ်လျှင် မမျှော်လင့်သော ကံကြမ္မာများ သင့်အပေါ်တွင် ဖြစ်တည်လာနိုင်လေသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

3 comments:

  1. hello,
    glad to notice Thai traditional astrology here.Bcoz I never heard about Thai Culture.
    thanks

    ReplyDelete
  2. ဟာနုမာန် ကျတယ်ဆိုတာနဲ့ သွေးထွက်သံယိုဖြစ်ရောလားဗျာ။ ၃၆၅ ၇က်လုံး ပတ်တီးစီးထားရမှာလား ဆရာ။

    ReplyDelete
  3. ကိုစဉ်းစားရေ... ဒါမျိုးတွေက အကြမ်းဖျင်းတွက်တာပါ။ ၁၂ ရာသီခွင်တို့ ဘာတို့ဆိုတာလည်း အဲလိုပါပဲ။ ကမ္ဘာ့လူဦးရေက သန်း ၆ ထောင် ကျော်နေပါပြီ။ အဲဒီတော့ အရုပ်တစ်ရုပ်က လူသန်း ၅၀၀ ကျော်ကို ကိုယ်စားပြုနေတာပါ။ ခင်ဗျားလိုမျိုး ဟာနုမန် အယောက် သန်း၅၀၀ ကျော် ရှိပါတယ်။ အဲလူတွေ အကုန် သွေးထွက်သံယိုဖြစ်ရင်တော့ ကမ္ဘာကြီးမှာ လူတော်တော် နည်းသွားနိုင်တယ်ဗျ... :) တကယ်က ဒါမျိုးဟောကိန်းတွေဟာ ယေဘုယျ ဖြစ်နိုင်ချေကို သုံးသပ်ပြတာလို့ မြင်ပါတယ်။

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။