Saturday, July 31, 2010

မွေးနေ့ မွေးရက် ပြောမယ်



ဆရာ။ ။ ကဲ... ထိုင်ပါ... ဘာကိစ္စပဲ ရှိရှိထိုင်ပါ

မေးသူ။ ။ ဟုတ်ကဲ့၊ ကျွန်မအခက်အခဲ ရှိနေလို့...

ဆရာ။ ။ ဘာအခက်ခဲပဲ ရှိရှိ ဆရာနဲ့ တွေ့ရင် ပြေလည်သွားစေရမယ်

မေးသူ။ ။ ဟုတ်ကဲ့... ကျွန်မနာမည်က...

ဆရာ။ ။ နေဦး... ဘာမှ မပြောနဲ့ဦး... ခဏရပ်ပါ။ ခင်ဗျားမွေးတဲ့ နေ့နံ ဒီအင်းကွက်ထဲမှာ ပါလား။

မေးသူ။ ။ ဘာကိုလဲ ဆရာ...

ဆရာ။ ။ ခင်ဗျားရဲ့ နေ့နံ့ကို ပြောတာ၊ တနင်္လာလား၊ အင်္ဂါလား ဆိုတာ။ ကျွန်တော့်ကို ပါရင် ပါတယ် မပါရင် မပါဘူးပဲပြောပါ၊ မွေးနေ့ကို ပြောစရာ မလိုပါဘူး။ ပါလား ဒီအထဲမှာ...

မေးသူ။ ။ ဟုတ်ကဲ့၊ ပါပါတယ်။

ဆရာ။ ။ ဒီအထဲမှာကော...

မေးသူ။ ။ မပါပါဘူး ဆရာ။

ဆရာ။ ။ သေချာတယ်နော်...

မေးသူ။ ။ ဟုတ်ကဲ့၊ သေချာပါတယ်

ဆရာ။ ။ ဒီထဲမှာကော... ပါသေးလား

မေးသူ။ ။ ပါပါတယ် ဆရာ

ဆရာ။ ။ ပြီးတော့ ခင်ဗျား မွေးတဲ့နေ့ ၁ ရက်နေ့လား ၂၇ ရက်နေ့လား အဲလို့ပေါ့... လကို စဉ်းစားစရာ မလိုဘူး နော်၊ မွေးတဲ့ ရက်ပဲ... အဲဒါ ဒီအင်းကွက်ထဲမှာ ပါလား။

မေးသူ။ ။ မပါပါဘူး

ဆရာ။ ။ သေချာတယ်နော်၊ ဒီထဲမှာကော...

မေးသူ။ ပါပါတယ်

ဆရာ။ ။ ဒီထဲမှာကော...

မေးသူ။ ။ မပါပါဘူး...

ဆရာ။ ။ ကဲ... ခုနက ကတ်တွေက ဘာကတ်တွေလဲ သိလား

မေးသူ။ ။ မသိပါဘူး။

ဆရာ။ ။ ခင်ဗျားက ဆရာ့ကို ဘယ်လောက် ယုံကြည်မှု ရှိမရှိဆိုတာ စမ်းသပ်လိုက်တာ

မေးသူ။ ။ ဟုတ်လား ဆရာ

ဆရာ။ ။ ဟုတ်တယ်လေ... ခုဆိုခင်ဗျား ယုံမယုံ သိရပြီ... ခင်ဗျားဟာ ၂၉ ရက်နေ့ မွေးတဲ့ သောကြာသမီး မဟုတ်လား

မေးသူ။ ။ ဟာ... ဟုတ်တယ်ဆရာ၊ ဆရာ ဘယ်လို သိတာလဲဗျ...

ဆရာ။ ။ အော်... ခုနက အင်းကွက်တွေ ဆွဲထားတဲ့ ကတ်တွေက ယုံမယုံကို စမ်းတာပါဆို... ခင်ဗျား ကျွန်တော့်ကို ယုံတယ်ဆိုတော့ ကျွန်တော်က ပြောနိုင်သွားပြီလေ...

မေးသူ။ ။ ဟုတ်ကဲ့ဆရာ၊ အရမ်း ထူးဆန်းတာပဲနော်...

================================================

စာဖတ်သူ အပေါင်းတို့... အထက်ကလို ပြောပြနိုင်တာဟာဖြင့် ဘာအစွမ်း ဘာတန်ခိုးမှ ရလို့ရယ် မဟုတ်ပါဘူး။ အဲဒီအင်းကွက် ဆိုတာတွေကလည်း သင်္ချာနည်းစနစ် တစ်ခုကို အခြေခံတဲ့ ကတ်လေးတွေပါ။ သင်္ချာကို အခြေခံထားတဲ့ နည်းစနစ်နဲ့ ဖန်တီးပြီး ပြောပြသွားတာပဲ ဖြစ်ပါတယ်။ ပထမဆုံးက နေ့နံကို ပြောတာဖြစ်ပါတယ်။ ဒီလို ပြောပြဖို့အတွက် နေ့နံတွေကို ရေးထားတဲ့ ကတ်ပြား ၃ ခု လိုပါတယ်။ ဒီအောက်က ၃ ချပ်ပါ။

(၁)

(၂)

(၄)

ကတ်တစ်ကတ်စီမှာ ကိုယ်စားပြု တန်ဖိုးလေးတွေ ရှိပါတယ်။ တချို့ ဆရာတွေကတော့ ကတ်တွေကို မရောထွေးသွားအောင် အဲဒီနံပါတ်တွေကို ကတ်ရဲ့ ကျောဘက်မှာ ရေးထားကြပါတယ်။ အဲဒီကနေ နေ့နံကို ဘယ်လို ဖော်ထုတ်မလဲ ဆိုရင်တော့ အောက်က ရလာဒ် ၇ မျိုးအတိုင်းပါ။

၁ = တနင်္ဂနွေ
၂ = တနင်္လာ
၃ = အင်္ဂါ
၎ = ဗုဒ္ဓဟူး
၅ = ကြာသပတေး
၆ = သောကြာ
၇ = စနေ

ဥပမာ။ ။ မေးတဲ့လူက သူရဲ့ မွေးနေ့ဟာ ပထမ ကတ်နဲ့ ဒုတိယ ကတ်မှာ ပါတယ်လို့ ပြောရင်... ပထမကတ်ရဲ့ တန်ဖိုးက ၁၊ ဒုတိယကတ်ရဲ့ တန်ဖိုးက ၂ ဖြစ်တော့ (၁ + ၂ = ၃) ပေါင်းလာဒ်က ၃ ဖြစ်တော့ သူဟာ အင်္ဂါသား ဆိုတာကို သိနိုင်ပါတယ်။

ဥပမာ။ ။ မေးတဲ့သူရဲ့ နေ့နံက ပထမ ကတ်တစ်ကတ်တည်းမှာပဲ ပါတယ်၊ ကျန်တဲ့ကတ်တွေမှာ မပါဘူး ဆိုရင်... ၁ ဖြစ်တဲ့အတွက် သူဟာ တနင်္ဂနွေသား ဖြစ်ပါတယ်။ ဒီသဘောပါပဲ ကျန်တဲ့ နေ့နံတွေကိုလည်း အလွယ်တကူပဲ ဖော်ထုတ်နိုင်ပါလိမ့်မယ်။

အခုလို နေ့နံကို ပြောပြတဲ့ နည်းကို သိပြီဆိုရင်ဖြင့် ၁ ကနေ ၃၁ အထိ ရှိတဲ့ မွေးရက်ကို ပြောပြတဲ့နည်းကို ကြည့်ပါမယ်။ အဲဒီအတွက် ကတ်ပြား ၅ ချပ် လိုပါတယ်။

(၁)

(၂)

(၄)

(၈)

(၁၆)

ကတ်တွေရဲ့ တန်ဖိုးတွေက... ၁၊ ၂၊ ၄၊ ၈၊ ၁၆ ဆိုပြီး အသီးသီး ရှိပါတယ်။ ဆိုင်ရာကတ်တွေရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာလည်း ဒီဂဏန်းတွေပဲ ဖြစ်တာကို သတိပြုမိမှာပါ။ ဒီတော့ လာမေးတဲ့သူရဲ့ မွေးရက် ကို သိချင်ရင် သူ့ကို အထက်ကလိုပဲ အရင်ဦးစွာ ကတ်တွေကို ပြရမှာ ဖြစ်ပါတယ်။ ပြီးရင် သူက ပါတယ်လို့ ပြောတဲ့ ကတ်တွေရဲ့ တန်ဖိုးကို ပေါင်းလိုက်ရင် သူ့ရဲ့ မွေးရက်ကို သိရမှာ ဖြစ်ပါတယ်။

ဥပမာ။ မေးသူက သူ့ရဲ့ မွေးရက်ဂဏန်းဟာ ပထမကတ်၊ ဒုတိယကတ်နဲ့ နောက်ဆုံး ကတ်မှာ ပါတယ်ဆိုရင်... သူ့ရဲ့ မွေးရက်ဟာ (၁ + ၂ + ၁၆ = ၁၉) ရက် ဖြစ်တာကို သိရပါမယ်။ ဒီသဘောပါပဲ လေ့လာပြီး စမ်းသပ်ကြည့်ပါ။

လွန်ခဲ့တဲ့ ၉၆ ပတ်ဝန်းကျင်လောက်တုန်းက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းထောင့်မှာ ဝတ်ဖြူစင်ကြယ်နဲ့ မျက်နှာကို အဝတ်စည်းပြီး အကြားအမြင်ရသလို အဆောင်တွေ ဂဏန်းတွေ ပေးနေတဲ့ ဘိုးတော်လိုလို ပုဂ္ဂိုလ်တွေ ရှိခဲ့ပါတယ်။ သူတို့က တကယ်တော့ ကျွန်တော့်အသိ မျက်လှည့်ဆရာတွေပါ။ မျက်လှည့်အလုပ် မကောင်းလေတော့ လိုင်းပြောင်းပြီး အသက်မွေးနေတာပါ။ ဒီလို လုပ်တာဟာဖြင့် မသိသူတွေကို လိမ်သလို ဖြစ်လေတော့ သိပ်မကောင်းဘူးဗျာ... လို့တော့ ကျွန်တော် သူတို့ကို သတိပေးဖူးပါတယ်။ နောက်တော့ သူတို့လည်း ဒီအလုပ်ကို မလုပ်ဖြစ်တော့ပါဘူး။

ခုဒီပို့စ်ကတော့ ဒီနည်းစနစ်လေးကို ဖော်ပြပေးတာပါ။ တနေ့က မိတ်ဆွေတစ်ယောက်နဲ့ ဒီအကြောင်းကို ဆွေးနွေးမိရာက သတိရလို့ ပြန်လည် မျှဝေလိုက်တာပါ။ တချို့လည်း သိကောင်း သိကြမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အထက်က ကတ်လေးတွေနဲ့ နည်းစနစ်ကို သိရှိထားရင်ဖြင့် သင်ရဲ့မိတ်ဆွေတွေကို သင့်ရဲ့ ထူးဆန်းတဲ့ အစွမ်းကို ပြသနိုင်ပါပြီလေ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။