Friday, July 30, 2010

လီနော်မန်အကြောင်း တစေ့တစောင်း စကားစမြည်


အခု တလော ရေပန်းစားနေတဲ့ ဗေဒင်ဂေါ့ဒ်ဖားသားလေး K က ကျွန်တော့်ကို အင်တာဗျူး ထားတာလေးပါ။ ဒါကို “လီနိုမန်တစ္ဆေ (သို့) ဆရာအုပ်စိုးနှင့် လီနိုမန်အကြောင်း တစေ့တစောင်း၊ စကားစမြည်” ဆိုပြီး သူ့ဘလော့ဂ်မှာ ဖော်ပြပြီးပါပြီ။ ကျွန်တော်က မှတ်တမ်းအနေနဲ့ ဘလော့ဂ်မှာ သိမ်းဆည်း ချင်တာရယ်၊ လီနော်မန် လေ့လာတဲ့ သူတွေလည်း ဖတ်ရအောင် တင်လိုက်တာပါ။ ကျွန်တော်နဲ့ သူ့ရဲ့ အင်တာဗျူးတွေ အကြောင်း ပြောရမယ်ဆိုရင် သူက ကျွန်တော့်ကို အရင်ဆုံး စပြီးတော့ အင်တာဗျူးတာပါ။ သူကကျွန်တော့်ကို ဗျူးတဲ့အခါ ကျွန်တော်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ သူ့ကို ပြန်ဗျူးတာပါ။ ကျွန်တော့်ကို ဆရာဦးဝင်းငြိမ်းတို့၊ ဦးမြတ်ခိုင်တို့ ဝင်စားသလားလို့ပြောပြီး မေးသွားတဲ့ K ရဲ့ မေးခွန်းတွေကလည်း အတော့်ကို ဦးစားပါတယ်။ တစ်ခုချင်းဆီကို အတတ်နိုင်ဆုံး တတ်သိသလောက် ကြိုးစားပြီး ဖြေပေးထားပါတယ်။ ကဲ... အသာမနေ လျှာရှည်လေတဲ့ ဆရာကေ... နောင်အဟုတ်မဆိုး ရလေအောင် မောင်အုပ်စိုးက မရှောင် အဟုတ် အတိုးနဲ့ ဖြေလိုက်ပါတယ်ဗျာ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

====================================================

ကျွန်တော်ဟာ ဗေဒင်ပညာကို စလေ့လာစဉ်ကတည်းကပင် မြန်မာပြည်မှာမွေး မြန်မာရေသောက်ပြီး ကြီးပြင်းခဲ့သူပီပီ တိမ်မြုပ်လုဆဲဆဲ ရိုးရာပညာရပ် အထွေထွေကို ဆရာသခင်အဆူဆူထံမှ ကံ့ကူလက်လှည့် သေချာစွာလေ့လာလိုက်စားမိပါတယ်။ ခုလို အင်တာနက် ဗေဒင်လောကထဲ မရောက်ခင်အထိဆိုပါတော့ ခုအင်တာနက်ပေါ် ရောက်လာတော့ ကျွန်တော်မသိနားမလည်သေးတဲ့ အနောက်နိုင်ငံမှာ နှစ်ပေါင်းများစွာ ချိန်ကြာရှည်မြဲ အများက လက်ခံထားကြတဲ့ တားရော့နှင့်လီနိုမန် ဆိုတဲ့ ကတ်ပြားလေးတွေ အခြေခံတဲ့ ရှေးရိုးပညာရပ်တွေကို ဖော်ပြပေးနေတဲ့ ကိုအုပ်စိုး လို့ ခေါ်တဲ့ မြန်မာတားရော့နှင့်လီနိုမန် ဆိုက်ခရီယေတာ နဲ့ မိတ်ဆွေဖြစ် ခင်မင်မိကြပါတယ် ဖော်ရွေရိုးသားတဲ့ သူ့အပြောလေးတွေကြောင့် ကျွန်တော်လဲ လီနိုမန်အပေါ် စိတ်ဝင်စားမိပြီး ကိုယ်နားမလည်တာကို နားမလည်တဲ့အလျောက် မေးမြန်းလေ့လာ စူးစမ်းမိပါတယ် သူကလဲ အဖြီးအဖြန်းမပါ ပကတိဖြူစင်စွာ ဖြေကြားရှင်းလင်း ပြောဆိုပေးခဲ့ပါတယ်။ ကျွန်တော့်လို လီနိုမန်ကို နားမလည်သေးတဲ့ မိတ်ဆွေများ ရှိကြတယ်ဆိုရင်လေ့လာနိုင်အောင် ပြန်လည်တင်ပေး လိုက်ပါတယ်ခင်ဗျာ သူကလဲ သူသိချင်တဲ့ ကျွန်တော့်အကြောင်းလေးတွေ ပြန်မေးသွားပါတယ် သူ့ကြည့်ရတာ ဆရာဦးဝင်းငြိမ်းတို့ ဆရာဦးမြတ်ခိုင်တို့ မသေခင်ဝင်စားသလားအောင့်မေ့ရတယ် အမုန်းကိုပြန်မေးတာပါ။ ခုတင်တော့ ကြတော့ ဆင်ဆာတွေ သူအများကြီး ဖြတ်ထားတယ်ဗျာ အင်တာနက်စောင့် နတ်မင်းကြီး ကယ်တော်မူပါ ကိုအုပ်စိုး ကို ကုပ်ချိုးပြီး တုတ်ထိုးလုပ်စားကြပါ ဒီလူကြီးကို ဒီအတိုင်းပစ်မထားကြပါနဲ့။

ဗေဒင်ကိုစနစ်တကျ လေ့လာလိုက်စားတယ့်သူတွေကို လေးစား၊ ခင်မင်တယ့်
K

====================================================

ဗေဒင်တွေ မြောက်မြားစွာထဲကဘာကြောင့် လီနိုမန်နဲ့ တားရော့ကိုမှ လေ့လာတာလဲ။ အကြောင်းအရင်းရှိလား။ အခြား ဗေဒင်တွေကော လေ့လာဘူးလား။

ဘာကြောင့်လေ့လာလဲ ဆိုရင်ဖြင့် ကြိုက်လို့ပါ။ ဘာလို့ ကြိုက်တာလဲ ဆိုရင် ကိုယ်နဲ့ တစ်သားတည်း ဖြစ်နေတယ်လို့ ခံစားမိလို့ပါ။ တားရော့ကို စလေ့လာတော့ ဆရာမင်းသိင်္ခရဲ့ စာအုပ် တစ်အုပ်ကို ဖတ်မိပါတယ်... အဲဒီမှာ ရေးထားတာက “ငါဟာ တားရော့ဖြစ်တယ်၊ တားရော့ဟာ ငါဖြစ်တယ်” တဲ့။ အဲဒါလေးကို အတော်သဘောကျပါတယ်။ အဲဒီခံယူချက်လေးကို ကြိုက်ပြီး ကတ်ဗေဒင်တွေကို လေ့လာခဲ့တာပါ။

တခြားဗေဒင်တွေ အနေနဲ့ တရုတ်တွေရဲ့ ယိကျင်းဗေဒင်ကို လေ့လာဖူးပါတယ်။ ကတ်ဗေဒင်တွေလိုတော့ သိပ်မဟောဖြစ်ခဲ့ပါဘူး။ ယိကျင်းကို လေ့လာခဲ့တာကလည်း စိတ်ဝင်စားလို့ပါ။ အဖိုနဲ့ အမဆိုတဲ့ Binary System ပေါ် အခြေခံတဲ့ အဲဒီ နည်းစနစ်ကိုလည်း အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။ အလျဉ်းသင့်ရင် ဘလော့မှာ ရေးသားပါ့မယ်။ နောက်ထပ်ပြီးတော့ လီနော်မန်၊ တားရော့မဟုတ်တဲ့ ကတ်ဗေဒင်တွေကိုလည်း စိတ်ဝင်စားပါတယ်။ တချို့ကို ကျွန်တော့်ဘလော့ဂ်မှာ ရေးသားထားတာ တွေ့နိုင်ပါတယ်။ Numerology ဆိုတဲ့ ဂဏန်းတွေရဲ့ နက်ရှိုင်းမှုကိုလည်း စိတ်ဝင်စားပါတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ အင်းကွက်တွေ သင်္ချာတွေ စတာတွေကိုလည်း စိတ်ဝင်စားပါတယ်။

နောက်တခုက မြန်မာဗေဒင်နဲ့ နက္ခတ်ဗေဒင်ကို ဘာကြောင့်များ မလေ့လာတာလဲ။ မယုံကြည်လို့လား။ သို့မဟုတ်ရင် ဘာကြောင့်များလဲ။

မလေ့လာဖြစ်တဲ့ အကြောင်းရင်းက မနီးစပ်လို့ပါ။ မြန်မာနိုင်ငံမှာပဲ ကြီးပြင်းနေထိုင်ခဲ့တယ်ဆိုပေမယ့် အဲဒီပညာတွေက မသိသူ ကျော်သွားဆိုသလိုမျိုး ဖြစ်နေခဲ့တာပါ။ အိမ်မှာဆိုရင် အဖေလေ့လာတဲ့ ကေပီနက္ခတ်စနစ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေရှိပါတယ်။ ၁၀တန်း အောင်ခါစ ဗေဒင်ကို စလေ့လာတော့ အဲဒီစာအုပ်တွေကို လှန်လှောကြည့်ဖူးပါတယ်။ ဒါပေမယ့် ရှေ့ပိုင်းက အမှာစာ၊ ကျမ်းဦး စတာတွေလောက်ပဲ ဖတ်ဖြစ်တာပါ။ အဖေ့ကိုလည်း သင်ပေးပါလို့ တစ်ခါမှ မပြောခဲ့ပါဘူး။ ကို့ဘာသာ အလွယ်တကူနဲ့ လေ့လာလို့ ရမယ့် ဗေဒင်တွေကိုသာ သွားလေ့လာနေမိပါတယ်။ အဲဒီကနေ ကတ်ဗေဒင်တွေနဲ့ နီးစပ်ပြီး နက္ခတ်တွေကို နီးရက်နဲ့ဝေး ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

မြန်မာဗေဒင်ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတယ် ဆိုတာကို ကျွန်တော်သေချာမသိပါဘူး။ ဒါပေမယ့် တချို့ မြန်မာဗေဒင်တွေက အရမ်း General ကျနေတယ်လို့ ခံစားရလို့ပါ။ အဲဒီတုန်းက ခံစားမိတာပါ။ ဥပမာ မြန်မာသက္ကရာဇ် ၁၃၄၁ မွေးတဲ့ သောကြာသားတွေ အားလုံးက သိုက်ဖွား ဖြစ်နေပါတယ်။ မဟာဘုတ်အိမ်က ၇ ခုတည်းရှိတော့ စဉ်းစားမိတာက ကမ္ဘာ့လူဦးရေက သန်း ၆၀၀၀ ကျော် ဆိုတော့... ကမ္ဘာပေါ်မှာ သိုက်ဖွား အရေအတွက်က သန်း ၉၀၀ လောက်နီးပါး ဖြစ်နေပါတယ်။ ဒီတော့ အဲဒီ သန်း ၉၀၀ လုံး အကုန်က အဲလို ဖြစ်ပါ့မလား ဆိုတာကိုပါ။ အဲဒီလို ခံယူချက်တွေကနေ မြန်မာဗေဒင်တွေအပေါ် ယုံကြည်မှုလျော့လာခဲ့ပါတယ်။ လုံးဝ မယုံကြည်တာရယ်တော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း သိပ်မလေ့လာဖြစ်တာပါ။

ကတ်ဗေဒင်တွေကျတော့ ဒီကတ်တွေပဲ ဆိုပေမယ့် (ဥပမာ လီနော်မန်ဆိုရင် ၃၆ ချပ်တည်း ရှိပါတယ်) ဆိုပေမယ့် လာမေးတဲ့ လူတစ်ဦးတစ်ယောက်ဆီပေါ် မူတည်လို့ အဟောတွေက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သိုက်ဖွားတွေချည်းပဲ လာမေးရင်တောင် သူတို့ရဲ့ အဖြေတွေက တူချင်မှ တူပါလိမ့်မယ်။ အဲဒီလိုနဲ့ ကတ်ဗေဒင်တွေဟာ ပိုပြီးတော့ Flexible ဖြစ်တယ်လို့ ခံယူမိလို့လည်း လေ့လာဖြစ်ခဲ့တာပါ။ ဒီလိုပြောလို့ ကျန်တဲ့ဗေဒင်တွေက မမှန်ပါဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

လီနိုမန် ကို စနစ်တကျ ကျွမ်းကျင်တယ့် ဆရာတွေဆီမှာသင်ဖူးသလား။ သို့မဟုတ် လီနိုမန်နဲ့ ပက်သက်ပြီး စနစ်ကျပြီးခိုင်ခန့်တယ့် ကျမ်းတွေကို ဖတ်ဖူးသလား။

ကတ်တွေနဲ့ ဟောတာကို ဟိုးအရင် ၇ တန်း၊ ၈ တန်း ကျောင်းသား ဘဝလောက်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ အိမ်မှာ အဲဒီတုန်းက နက္ခတ္တရောင်ခြည် အဟောင်း ၂အုပ်လား ၃ အုပ်လား မသိဘူး ရှိတယ်။ အဲဒီ စာအုပ်အဟောင်းတွေထဲမှာ ဆရာ စောစံက “လူ့ကံကြမ္မာကို ဖော်ပြနေသော ကတ်ပြားလေးများ” ဆိုပြီး ဆောင်းပါးတွေရေးပါတယ်။ ကျနော်မှတ်မိသလောက်က ရိုင်ဒါဝိတ် တားရော့လို့ ထင်တယ်။ တစ်လကို ကတ်ပြားတစ်ခုဆိုတော့ ကျွန်တော်စုလို့ မစုံပါဘူး။ နောက်တစ်ခါ တရုတ်ဇာတ်လမ်းတွဲတစ်ခု ကြည့်ရတယ်။ အဲဒီမှာ ကတ်ပြားတွေနဲ့ ဗေဒင်တွက်တာကို မြင်တော့ အတော်လေး သဘောကျခဲ့ပါတယ်။

ပထမဆုံး တားရော့ကတ်တွေ ၂၂ ချပ်လုံး ကျနော့်လက်ထဲ ရောက်လာစေသူကတော့ ဆရာမင်းသိင်္ခပါပဲ။ ရောင်ပြန်မဂ္ဂဇင်းမှာ ဘယ်နှစ်ခုနှစ်ထုတ်တော့ မသိပါဘူး။ အဖုံးမှာ ဆီးမီးခွက်ပုံနဲ့ပါ။ အဲဒီမှာ ဆရာမင်းသိင်္ခရဲ့ တားရော့တွေ ပါပါတယ်။ အဲဒီ မဂ္ဂဇင်းထဲမှာ ပါတဲ့ တားရော့တွေကို နာမည်တော့ မသိပါဘူး။ ၂၂ ချပ်ပါတယ်။ တားရော့တွေက ပန်းပုံတွေနဲ့ ဖြစ်ပါတယ်။ အဲဒီကတ်တွေကို ဒါးနဲ့လှီး ကတ်ပြားပေါ်မှာ ကတ်၊ ပြီးတော့ ကိုယ့်ဘာသာ ပလတ်စတစ်လောင်းပါတယ်။ ကိုယ့်ဘာသာ လောင်းတဲ့ဟာက အဲတုန်းက ပလတ်စတစ် အရှင် လောင်းတာမျိုးပါ။ အဲဒီတော့ ပြန်ပြန်ကွာပါတယ်။ ဟောလို့လည်း မကောင်းပါဘူး။ အဲဒါက ကျနော့်လက်ထဲမှာ ပထမဆုံး ရောက်လာတဲ့ တားရော့ ဖဲထုပ်ပါ။

နောက် နှစ်အနည်းငယ် ကြာတော့ တားရော့ကို ၇၈ ချပ်လုံးထုပ်ပြီးရောင်းတာတွေ ပေါ်လာပါတယ်။ အစုံပါပဲ။ အဲဒါတွေကို ဝယ်ပါတယ်။ ကျွန်တော်ဝယ်ဖူးတဲ့ ဖဲထုပ်တစ်ခုက အောက်မှာ တစ်ခါတည်း ကတ်ရဲ့ အဓိပ္ပာယ်ကိုပါ ရိုက်ထားပါတယ်။ အဲဒါကိုလည်း ဝယ်ပြီး သိမ်းထားတဲ့ အဆင့်လောက်ပါပဲ။ သိပ်မဟောဖြစ်ပါဘူး။ တားရော့ စာအုပ်တွေအနေဲ့ အဲဒီတုန်းက ဆရာဟိန်းလတ်ရဲ့ စာအုပ်၊ နောက်ပြီးတော့ ဆရာဦးငြိမ်းအောင်ရဲ့ တာရိုဝေဒ အဲဒီစာအုပ်တွေကို ဖတ်ပါတယ်။ British Council ကိုလည်း သွားပြီး တားရော့နဲ့ ပတ်သက်တာတွေ ရှာဖတ်လေ့၊ ငှားလာလေ့ ရှိပါတယ်။ အဲဒီတုန်းက ဟောလေ့ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်က ဆယ်တန်း ပြီးခါစ ၉၇ ခုလောက်က ဖြစ်မယ်ထင်ပါတယ်။

လီနော်မန်ကို လေ့လာတာကတော့ ဆယ်စုနှစ် မပြည့်သေးပါဘူး။ ၃ နှစ်ပတ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်ကပါ။ တားရော့ကို ၉၇ လောက်က စလေ့လာခဲ့တော့ လီနော်မန်ဟာ တားရော့ရဲ့ ဆယ်နှစ်သား ညီလေးလို ဖြစ်နေပါတယ်။ လီနော်မန်ကို ကျနော်နဲ့ မိတ်ဆက်ပေးခဲ့တာက ဆရာမင်းသိင်္ခပါပဲ။ သူ့ကို ကျွန်တာ် လူကိုယ်တိုင် မတွေ့ဖူးပေမယ့် သူ့ရဲ့စာအုပ်တွေက ကျွန်တော့်အပေါ် ကျေးဇူး မကင်းခဲ့ပါဘူး။ သူ့ရဲ့ မြန်မာပန်းချီပုံတွေနဲ့ လီနော်မန်ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက မိတ်ဆွေ တစ်ယောက်ရဲ့ ရုံးခန်းကို သွားတော့ တွေ့ပါတယ် အဲဒီက စာအုပ်စင်မှာ အဲဒီဖဲထုပ်လေးကို တင်ထားပါတယ်။ လာသမျှလူတွေက ဆွဲဆွဲပြီး ကိုယ့်ဘာသာ တွက်ကြည့်နေတာပါ။ ကျွန်တော်ကတော့ တွက်မကြည့်ပါဘူး။

ဒါနဲ့ ကျွန်တော့် မိတ်ဆွေကို ပြောပါတယ်။ ခင်ဗျားတွက်ဖို့ ဝယ်ထားတာလား ဆိုတော့... “သိဘူးဗျာ။ ရုံးထဲက တစ်ယောက်က မြန်မာပြည်ပြန်တုန်းက ဝယ်လာတာ။ ဒီရုံးကလူတွေလည်း အားရင်း အပျင်းပြေ ဆွဲဆွဲပြီး တွက်နေကြတာပဲ” လို့ ဆိုတယ်။ သူက မေးတယ် “ကိုအုပ်စိုး ဒါမျိုးတွေ တွက်တာမြင်ဖူးတယ်။ ဒီဟာကိုရော သိသလား၊ သူနဲ့ တွက်ရင်ကော မှန်သလား ” တဲ့။ ကျနော်က... “မမြင်ဖူးဘူးဗျ... ဒါပေမယ့် မှန်မှာပေါ့ဗျာ။ တစ်ခုပဲ... ဖဲထုပ်ဆိုတာဟာ ကိုယ့်ရဲ့ ရင်သွေးလိုပဲဗျာ... လူတကာက ပိုင်ဆိုင်ပြီး အဲလို စာအုပ်စင်ပေါ်မှာ လာသမျှ တွေ့ကရာလူတွေ ကိုင်နေရင်တော့ မှန်တော့မှာ မဟုတ်ဘူး” လို့ ပြောလိုက်တယ်။ ဒီတော့ ခင်ဗျား မှန်ချင်တယ်ဆိုရင်ဖြင့် အဲဒီ ဖဲထုပ်ကို ဘယ်သူ့မှပေးမကိုင်ဘဲ တစ်ယောက်တည်းပဲ အသုံးပြုပြီး တွက်ကြည့်ဗျာလို့ ပြောလိုက်တယ်။ ဒါနဲ့ သူက... “ကိုအုပ်စိုး ယူသွားပါလား၊ ပြီးရင် ကျွန်တ်ာတို့ကို ဟောပေးပေါ့...” လို့ ဆိုတယ်။ ဒီလိုနဲ့ အဲဒီ ဖဲထုပ်လေးကို ကျွန်တော်ယူလာခဲ့တယ်။ သူဟာ ကျနော့်ရဲ့ ပထမဆုံး လီနော်မန် ဖဲထုပ်လေးပါ။ ဆရာမင်းသိင်္ခက မြန်မာမှု ပြုထားတာပါ။ ဒီဖဲချပ်တွေကို ကြည့်ချင်ရင် ဒီလင့်ခ်မှာပါ။

http://picasaweb.google.co.uk/mmtarotlenormand/gXDmSF#

အဲဒီကနေ လီနော်မန်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်စေခဲ့တာကတော့ အင်တာနက်ရဲ့ ကျေးဇူးပါ။ ဂူဂယ်လ်ထဲမှာ ရိုက်ရှာလိုက်တော့ လီနော်မန် ကတ်တွေကို တွေ့ရတယ်။ လီနော်မန်သင်ပေးတဲ့ ဆိုက်ဒ်တွေကို တွေ့ရတယ်။ ကျွန်တော့်ဘလော့ဂ်ရဲ့ ဆိုက်ဒ်ဘားမှာ အဲဒီဆိုက်ဒ်တွေကို လင့်ခ်ပေးထားပါတယ်။ စိတ်ဝင်စားရင် သွားကြည့်လို့ ရပါတယ်။ ကျွန်တော် အဲဒီ ဆိုက်ဒ်တွေကနေ သင်ယူတာပါ။ အဲဒီမှာ ကတ်တွေကို ဒေါင်းလုပ်ဆွဲပြီး ဆရာမင်းသိင်္ခရဲ့ ကတ်တွေနဲ့ ယှဉ်ကြည့်တော့ အမှတ်စဉ်တွေ လွဲနေတာကို တွေ့ရပါတယ်။ လွဲတာမှ တက်တက်စင်အောင် တစ်ခုမှ မကိုက်ပါဘူး။

အဲလို အင်တာနက်မှာ မွှေနှောက်ရင်း နောက်ဆုံး တွေ့လာတာက ဆရာမင်းသိင်္ခက နံပါတ်စဉ်တွေ ပြောင်းထားတယ် ဆိုတာကိုပါ။ ဘာရည်ရွယ်ချက်နဲ့ သူပြောင်းထားတယ် ဆိုတာကို မသိပါဘူး။ နံပါတ် ၇ မြွေကတ်နဲ့၊ နံပါတ် ၁၁ ကြာပွတ်ကတ်ပဲ ကိုက်ပါတယ်။ လီနော်မန် ဖဲထုပ်တွေအားလုံးလိုလိုက... နံပါတ် (1- Rider) ကတ်ကနေ စပြီး (36 – Cross) ကတ်မှာ ဆုံးပါတယ်။ ဆရာမင်းသိင်္ခ ကတ်တွေက အဲလို မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်ဟာ ဆရာမင်းသိင်္ခရဲ့ လီနော်မန်တွေကို မသုံးချင်တော့ဘူး ဖြစ်သွားပါတယ်။ မှတ်တမ်းအနေနဲ့ စကန်ဖတ်ပြီး ကတ်ရော စာအုပ်ကိုပါ မိတ်ဆွေကို ပြန်ပေးလိုက်ပါတယ်။

ဒီတော့ ဆရာကေရဲ့ မေးခွန်းကို ဖြေရရင်ဖြင့် ကျွန်တော့်ကို စနစ်တကျ လီနော်မန် သင်ပေးခဲ့တဲ့ ဆရာတွေဟာ အင်တာနက်က လီနော်မန်ဆိုက်ဒ်တွေ၊ ဘလော့ဂ်တွေပါပဲ။ အဲဒီမှာ ရှာတွေ့တာတွေ၊ လေ့လာတာတွေ၊ ဟောနည်းတွေကို ဖိုင်တစ်ခုမှာ သိမ်းထားပြီး ပရင့်ထုတ်ပြီး စာအုပ်လေးလိုလုပ်ပြီး ဖတ်ပါတယ်။ ကျွန်တော့် မိတ်ဆွေဆီကရတဲ့ ဆရာမင်းသိင်္ခရဲ့ စာအုပ်ထဲမှာ ဟောနည်းက ဘာမှ မပါပါဘူး။ ကတ်ပြားတစ်ခုကို ဟောစာတန်း တစ်ကြောင်းဆီ... “ခက်ခက်ခဲခဲနှင့် အောင်မြင်မည်။ ငါးကြော်ဖြင့် ဘုရားဆွမ်းတော် ကပ်ပါ” လို့ ဆိုတာမျိုးပဲ ပါပါတယ်။ ဒါပေမယ့် သူ့စာအုပ်ဟာလည်း မြင်ဆရာထဲမှာ ပါတယ်လို့ ဆိုရပါမယ်။

ဆရာမင်းသိင်္ခဟာ ကတ်တွေကို နံပါတ်စဉ်ပြောင်းရုံတင်မဟုတ်ပါဘူး။ တချို့တွေကို ပုံကော ကောက်ယူပုံပါ ပြောင်းပါတယ်။ လီနော်မန်ရဲ့ နံပါတ်စဉ် ၁၁ ဟာ Whip (ကြာပွတ်) ကတ်ပြားဖြစ်ပါတယ်။ အဲဒီကတ်ဟာ ငြင်းခုန်မှုတွေနဲ့ သက်ဆိုင်တာ များပါတယ်။ ဆရာမင်းသိင်္ခက ကြာပွတ်ကို မြန်မာမှု ပြန်ပြုတဲ့အခါ တံမြက်စည်းလို့ ပြောင်းလိုက်ပါတယ်။ ပြီးတော့ အဓိပ္ပာယ်ကိုလည်း “ရှင်းလင်းသွားပြီ ချောမွေ့သွားပြီ ပူစရာမလိုတော့ပါ...” လို့ ယူဆပါတယ်။ အဲဒီတံမြက်စည်းကတ်ဟာ ကြာပွတ်ကတ်ကို ပြောင်းထားတာလို့ ကျွန်တော် ထင်တာပါ။ ဘာလို့လဲဆိုရင်ဖြင့် ကြာပွတ်ပုံဟာ တံမြက်စည်းနဲ့ အတော်လေး ဆင်လို့ပါ။ နံပါတ်စဉ်တွေ မကိုက်တဲ့အတွက် ဒါဟာ ကြာပွတ်ကို ပြောင်းထားတာ တကယ်ဟုတ်မဟုတ် ဆိုတာက ကျွန်တော်လည်း ယတိပြတ်တော့ မပြောနိုင်ပါဘူး။ သူသာလျှင် သိပါလိမ့်မယ်။

လီနော်မန်နဲ့ပတ်သက်တဲ့ ခိုင်ခန့်တဲ့ ကျမ်းစာအုပ်ဆိုတာကတော့ အတော်ရှားပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင်ဖြင့် လီနော်မန်ဟာ တားရော့ထက် အများကြီး သက်တမ်းနုပါတယ်။ သူဟာ နောက်မှပေါက်တဲ့ ရွှေကြာပင်ပါ။ နှစ်အတော်ကြာ လေ့လာခဲ့တဲ့ တားရော့ထက် လီနော်မန်ကို ကျွန်တော် ဘာကြောင့် လေ့လာဖြစ်လဲ ဆိုရင်... ခံစားချက်နဲ့ တစ်ထပ်တည်း ကျလို့ပါ။ သူ့ရဲ့ အဟောတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ဖဲထုပ်ထဲက ပုံတွေနဲ့ စရင်းနှီးကတည်းက ဒါတွေဟာ ကျွန်တော်နဲ့ တစ်သားတည်း ဖြစ်နေတယ်လို့ ခံစားရပါတယ်။ အဲဒါကြောင့် လီနော်မန်ကို လေ့လာခဲ့တာပါ။ ဆရာကေပြောသလိုတော့ “လီနော်မန် တစ္ဆေ” လို့ ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် မခံယူ၊ မသတ်မှတ် ရဲသေးပါဘူး။

လီနိမန် နဲ့ပက်သက်ပြီး နာမည်ကြီးစာအုပ်တွေအားလုံးနီးပါး ဖတ်ဖူးသလား။

လီနော်မန်နဲ့ ပတ်သက်တဲ့ တော်တော်လေး စနစ်တကျ ရှင်းပြထားတဲ့ စာအုပ်ကို ပြောပါဆိုရင်... Sylvie Steinbach ရေးတဲ့ The Secrect of the Lenormand Oracle ဆိုတဲ့ စာအုပ်ကို ပြရပါလိမ့်မယ်။ အနောက်တိုင်းက အင်တာနက်လောကမှာ မှိုလိုပေါက်နေတဲ့ လီနော်မန် ဘလော့အတော်များများဟာ အဲဒီ ဆရာမရဲ့ တပည့်တွေ ဖြစ်ကြပါတယ်။ သူမဟာ အွန်လိုင်းကနဲ့လည်း အဝေးရောက် သင်တန်းတွေ ပို့ချပါသေးတယ်။ သူမရဲ့ ဆိုက်ဒ်က ဒီမှာပါ... http://www.sylviesteinbach.com/

နောက်ထပ် လီနော်မန်နဲ့ ပတ်သက်ပြီး အွန်လိုင်းဆရာမ တစ်ယောက်ကတော့ Jozefa Seaqueen ဖြစ်ပါတယ်။ သူမရဲ့ ဆိုက်ဒ်လင့်ခ်ကတော့... http://seaqueen.wordpress.com/ ဖြစ်ပါတယ်။ အဲဒီမှာ ကတ်အတွဲတွေ (ဥပမာ... လက်စွပ်ပုံနဲ့ မြွေပုံနဲ့ အတူကျရင် ဘာဖြစ်မလဲ) စတာတွေကို တော်တော်လေး ရေးသားထားပါတယ်။

လီနိုမန် ဆိုတာဘာလဲ။ ဘယ်နိုင့်ငံကနည်းလဲ။ လီနိုမန်ရဲ့ ပထမဆုံး ဖခင်ကဘယ်သူလဲ။

လီနော်မန် (Lenormand) ဆိုတာဟာ တားရော့လိုမျိုး ကံကြမ္မာဟောလို့ ရတဲ့ ဖဲချပ်ပါပဲ။ နေ့စဉ်တွေ့ကြုံနေတဲ့ နမိတ်ပုံတွေပါဝင်တဲ့ ဖဲချပ် ၃၆ ချပ်ပါဝင်ပါတယ်။ ဘယ်နိုင်ငံက နည်းလဲ ဆိုရင် ပြင်သစ်ပြည်ကနည်းပါ။ ဒါကြောင့် လီနော်မန်ဖဲထုပ်အများစုထဲက ပန်းချီပုံတွေမှာ ပြင်သစ်ပြည်ရဲ့ အငွေ့အသက်တွေ ထုံလွှမ်းနေတာ ဖြစ်ပါတယ်။

လီနော်မန်မှာ ဖခင်မရှိပါဘူး။ မိခင်ပဲ ရှိပါတယ်။ လီနော်မန် (Lenormand) ဆိုတာဟာ ပြင်သစ်ပြည်မှာ (၁၇၇၂ ကနေ ၁၈၄၃အထိ) နာမည်ကျော်ခဲ့တဲ့ နိမိတ်ဖတ် ဆရာမ Marie Anne Lenormand ကို အစွဲပြုပြီး ပေးထားတဲ့ ဖဲထုပ်ဖြစ်ပါတယ်။ သူမဟာ လီနော်မန်ရဲ့ မိခင်ဖြစ်ပါတယ်။ နပိုလီယန်ဘုရင်ရဲ့ လက်ထက် ပြင်သစ်မှာ သူမဟာ အကျော်ကြားဆုံး Cartomancer ကတ်ပြားတွေနဲ့ ကံကြမ္မာ ဟောတဲ့လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ တစ်ခု စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကို ပြောချင်ပါတယ်။ အခု ကျွန်တော်တို့ ကမ္ဘာအဝှန်းမှာ အသုံးပြုနေတဲ့ လီနော်မန်ကတ်တွေကို အဲဒီ ဆရာမ Marie Anne Lenormand က အသုံးပြုခဲ့တာလား မပြုခဲ့ဘူးလား ဆိုတဲ့ ကိစ္စပါ။ အင်တာနက်ထဲက တချို့ဆိုက်ဒ်တွေက ဒီကတ်တွေကို သူမ ထွင်ခဲ့တာလို့ ဆိုပြီး တချို့ ဆိုက်ဒ်တွေကတော့ သူမသေပြီးနောက်ပိုင်းမှ ဖဲဗေဒင်ထွင်တဲ့ လူတွေက ဖန်တီးခဲ့တာပါလို့ ဆိုပါတယ်။ သူမ မသေခင်က တားရော့၊ ဖဲဗေဒင် စတဲ့ တခြားနည်းတွေနဲ့ နိမိတ်ဖတ်ခဲ့တာပါလို့ ဆိုပါတယ်။ ဒီတော့ လီနော်မန် ဖဲထုပ်ကို ဘယ်သူက ဖန်တီးခဲ့တယ်ဆိုတာဟာလည်း သေချာ မသိနိုင်ပါဘူး။ ဝီကီပိဒိယက Marie Anne Lenormand ရဲ့ Page မှာ ရေးထားတာက သူမဟာ... သေဆုံးပြီးနောက်ပိုင်း သူမနာမည်ကို အသုံးပြုပြီး တခြားလူတွေက ဖန်တီးခဲ့တာပါလို့ ဆိုပါတယ်။ ဒီအကြောင်းကို အသေးစိတ် လေ့လာချင်ရင်တော့ ဒီလင့်ခ်မှာ ရှိပါတယ်။

http://autorbis.net/tarot/biography/tarot-history-researchers/anne-marie-lenormand.html

ဆရာမင်းသိင်္ခရဲ့ လီနော်မန်ဟောနည်း စာအုပ်ရဲ့ အမှာစာလေးမှာတော့ အဲဒီကတ်တွေရဲ့ သမိုင်းကြောင်းလေးကို ပြောပြထားပါတယ်။ အဲဒီမှာ လီနော်မန်ဆိုတဲ့ မိန်းမကြီးဟာ ဈေးထဲမှာ ပန်းရောင်းတယ်လို့ ဆိုပါတယ်။ သူမရဲ့ ပန်းဆိုင်နားမှာ အမဲသားရောင်းတဲ့ ကောင်လေးက သူမနဲ့ ခင်ပါတယ်။ နောက် ပြင်သစ်အစိုးရက နိုင်ငံရေးမှုနဲ့ မသင်္ကာလို့ ဖမ်းတော့ ထောင်ကျသွားတယ်လို့ ဆိုပါတယ်။ ထောင်က လွတ်လာတဲ့အခါ သူမရဲ့ ဈေးထဲက ပန်းဆိုင်နေရာကို တခြားသူယူသွားပါတယ်။ ဒီတော့ သူမမှာ အလုပ်မရှိဖြစ်နေတဲ့အခါ သူမရဲ့ မိတ်ဆွေ အမဲသားသည်လေးက ကတ်ပြားအလွတ်မှာ ပုံတွေဆွဲ ဖြတ်တောက်ပြီး... သင်္ဘောပုံ ကျရင်ဖြင့် ခရီးသွားရမယ်၊ လက်စွပ်ပုံကျရင် စေ့စပ်ရမယ်...” စသဖြင့် အဟောတွေကို သင်ပေးတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ အသက်မွေးတာ နာမည်ကျော်ပြီး ပြင်သစ်ဘုရင် နပိုလီိယန်ကတောင် ခေါ်ပြီး အကြံဉာဏ် တောင်းခံရတယ်လို့ ဆိုပါတယ်။ သူမသေပြီးနောက်ပိုင်း သူမရဲ့ ခေါင်းအုံးထဲကနေ စာအုပ်နဲ့ ဖဲထုပ်ကို သူမရဲ့ ဆွေမျိုးသားချင်းတွေက တွေ့ပြီး ကတ်တွေကို ရိုက်နှိပ်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ဒါက ဆရာမင်းသိင်္ခစာအုပ်ထဲက ဇာတ်လမ်းလေးပါ။ သူက ဘယ်စာအုပ်ကနေ ကောက်နှုတ်ပြီး ရေးထားလဲ ဆိုတာတော့ မသိပါဘူး။ သူ့ဘာသာ ဖန်တီးထားသလား ဆိုတာလည်း မသိပါဘူး။ သူ့ဇာတ်လမ်းနဲ့ ဆင်တာကို အင်တာနက်မှာ ရှာမတွေ့သေးပါဘူး။

လီနိုမန်နဲ့ တားရော့ ဘာကွာခြားလဲ။

လီနော်မန်မှာ တားရော့လို မိုင်နာတွေ၊ မေဂျာကတ်တွေ မရှိပါဘူး။ လီနော်မန် ဖဲတစ်ထုပ်မှာ ကတ်ပြား ၃၆ ချပ်တည်း ရှိပါတယ်။ လူမှုနေ့စဉ်ဘဝမှာ တွေ့မြင်နိုင်တဲ့ လက်စွပ်၊ စာအိတ်၊ ကျောက်ဆူး စတဲ့... နိမိတ်သဏ္ဍာန် ၃၆ ခုကို အခြေခံပြီး ဖန်တီးထားတာပါ။

လီနော်မန်ကတ်တွေနဲ့ ပတ်သက်ပြီး တစ်ချပ်ခြင်းစီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို သိချင်ရင်ဖြင့် ဒီဆိုက်ဒ်... http://www.lenormand.eu/ မှာ လေ့လာနိုင်ပါတယ်။

ကျန်တဲ့ ဟောပုံဟောနည်း၊ လေ့လာနည်း စတာတွေကတော့ တားရော့နဲ့ အတော်လေးဆင်ပါတယ်။ ဖြန့်ကျက်ပုံ (Spread) တချို့ဆိုရင် တားရော့ ဖြန့်ကျက်ပုံတွေကို ကျွန်တော်တို့က ယူပြီး အသုံးပြုတာပါ။

ကမ္ဘာမှာ လီနိုမန်နဲ့တားရော့ ဘယ်နည်းကို ပို အသုံးများမယ်ထင်သလဲ။

တားရော့ကို ပိုအသုံးများတယ် ဆိုတာကိုတော့ အထူးရှင်းပြဖို့ မလိုဘူးလို့ ထင်ပါတယ်။ တားရော့ ဖြစ်တည်လာတဲ့ သက်တမ်း၊ တားရော့ရဲ့သမိုင်းဟာ လီနော်မန်ထက် ရှည်ပါတယ်။ တားရော့ထဲက နိမိတ်ပုံတွေ၊ သင်္ကေတတွေဟာ လီနော်မန်ဖဲထုပ်ထဲက သင်္ကေတတွေထက် ပိုလေးနက်ပါတယ်။ 22 Path of Tree of Life စတာတွေ၊ ဟီးဘရူးအက္ခရာနဲ့ တားရော့နဲ့ ဆက်စပ်တာတွေ၊ တားရော့နဲ့ Initiation ဆိုတဲ့ ထုံကူးပြီး အဆင့်မြင့်တဲ့နေရာတွေကို တက်လှမ်းတာ စတာတွေဟာ တားရော့ရဲ့ နက်ရှိုင်းမှုကို ပြသလို... တားရော့ရဲ့ ကျယ်ပြန့်မှုကိုလည်း ပြဆိုတာပါ။ လီနော်မန်မှာ အဲဒါမျိုးတွေ သိပ်မရှိပါဘူး။ ကျနော် လေ့လာမိသလောက် ကောက်ချက်ပြုတာပါ။

လီနိမန် နဲ့ဟောတယ့် ကမ္ဘာကျော် ပညာရှင်ကြီးတွေရှိလား။ (ဥပမာ။ လက္ခဏာမှာ ဆိုရင် ကိုင်ရို၊ KP မှာ ဆိုရင် ကရစ်သျှနားမူရတီး၊ အစရှိသဖြင့်) အခု ကမ္ဘာပေါ်မှာ လီနိုမန်နဲ့ဟောလို့ နာမည်ကြီးသူတွေ ရှိပါသလား။ သို့မဟုတ် စတင်အသုံးပြုခဲ့တယ့် နိုင်ငံမှာကော ရှိသလား။

လီနော်မန်နဲ့ သက်ဆိုင်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကို ပြပါဆိုရင် အထက်မှာ ပြောပြခဲ့တဲ့ ပြင်သစ်က နိမိတ်ဖတ် ဆရာမ Marie Anne Lenormand ကိုပဲ ပြရပါမယ်။ ဒီတော့ကာ ခုနက ဘဲဥအစ ရှာမရ ပုံပြင်ကို ပြန်ရောက် သွားပါလိမ့်မယ်။ လက္ခဏာ ဆရာကြီး ကိုင်ရိုဟာ လက္ခဏာဟောပြီး နာမည်ကျော်တာပါ။ ဆရာကြီး ကရစ်သျှနားမူရတီးက KP ကို ထွင်ပြီးဟောခဲ့၊ သုတေသန ပြုခဲ့လို့ နာမည်ကျော်ခဲ့တာပါ။ ပြင်သစ်က နိမိတ်ဖတ် ဆရာမ Marie Anne Lenormand ကလည်း ဥရောပမှာ အဲဒီခေတ်က နာမည်ကျော်ခဲ့ပါတယ်။ ဒါပေမယ့်... သူ့နာမည်ကို အစွဲပြုပြီးပေးထားတဲ့ လီနော်မန်ဖဲထုပ်နဲ့ ဟောခဲ့လို့ပဲ နာမည်ကျော်ခဲ့တာလား ဆိုတာကတော့ အတော်လေး မရှင်းလင်းတဲ့ ကိစ္စပါ။ ဒီကိစ္စဟာဖြင့် ဗိုလ်ချုပ်အောင်ဆန်းဈေးကို ဗိုလ်ချုပ်အောင်ဆန်း ရောက်ဖူးသလား မရောက်ဖူးသလား ဆိုတာထက် ဦးနှောက်စားပါလိမ့်မယ်။

လီနိုမန်မှာ ဘယ်လိုဟောနည်းတွေ ရှိသလဲ။ ဘယ်နည်း ကို ပိုကြိုက်သလဲ။ ဘာကြောင့်လဲ။

လီနော်မန်မှာ ဟောနည်းတွေ အမျိုးမျိုး ရှိပါတယ်။ အဲဒီဟောနည်းတွေဆိုတာ ဖြန့်ကျက်ပုံ (Spread) တွေပဲ ဖြစ်ပါတယ်။ ဖြန့်ကျက်ပုံ အမျိုးမျိုးနဲ့ ဟောလို့ ရပါတယ်။ နောက်ထပ်ပြီးတော့ အဲဒီ ဖြန့်ကျက်ပုံတွေထဲမှာပဲ ကိုယ်စားပြုကတ် ဆွဲပြီး ဟောတာမျိုးလည်း ရှိပါတယ်။ မေးလာတဲ့ မေးခွန်းပေါ်လိုက်ပြီး ဖြန့်ကျက်ပုံတွေကို ကျွန်တော် အမျိုးမျိုးအသုံးပြုပါတယ်။ အသုံးများတာက Yes/ No မေးခွန်းဆိုရင် ၃ ချပ်ဆွဲတဲ့နည်းပါ။ General ကိစ္စတွေနဲ့ ပတ်သက်တာကို မေးရင်တော့ Horse Shoe Spread ဆိုတဲ့ ၇ ချပ်နဲ့ မြင်းခွာပုံ ဖြန့်ကျက်နည်းနဲ့ ဟောပါတယ်။ ဘလော့ဂ်မှာ ကျွန်တော့် အရင်က လီနော်မန်အကြောင်း ပို့စ်တွေမှာ နမူနာတွေ ပြောပြဖူးပါတယ်။ စိတ်ဝင်စားရင် ပြန်ရှာဖတ်နိုင်ပါတယ်။

လီနိုမန်က လူတစ်ယော်ရဲ့ မူလအဟော လို့ခေါ်တယ့် လူတစ်ယောက် မွေးလာတာနဲ့ တခါတည်း ဟောလို့ရတယ့်နည်းရှိလား။ (ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ လူမှုရေး အစရှိသဖြင့် မွေးရာမှသေသည် အထိ ဟောနည်း ရှိလား။)

အဲဒီမေးခွန်းကို... “ရတယ်၊ မရဘူး” လို့ နှစ်မျိုးလုံး ဖြေရမှာ ဖြစ်ပါတယ်။ လီနော်မန်ကတ်တွေကို လေ့လာတဲ့အခါမှာ နည်းလမ်းတစ်ခုဖြစ်တဲ့ တစ်နေ့တာ ကိုယ်စားပြုကတ် (Card of the Day) ကို ဆွဲထုတ်ပြီး ဟောတဲ့နည်း ရှိပါတယ်။ အဲဒီနည်းအတိုင်းပဲ လူတစ်ယောက် မွေးလာတာနဲ့ တစ်သက်တာ ကိုယ်စားပြုကတ် (Card for the whole life) ဆိုပြီး ဆွဲလို့ ရပါလိမ့်မယ်။ ဒါပေမယ့် လီနော်မန်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ဆွဲပြီး ဟောခဲ့တယ်၊ မှန်ကန်မှုတွေ ရှိခဲ့တယ် ဆိုတာကတော့ ကျွန်တော် မကြားဖူးသလို ရှိလည်း မရှိဘူးလို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုရင်ဖြင့် တားရော့လိုပါပဲ၊ လီနော်မန်ဟာလည်း ကတ်ဗေဒင်ဖြစ်လေတော့ လေးငါးခြောက်လ ပတ်ဝန်းကျင်လောက်ကိုပဲ ဟောတာက ပိုသင့်လျော်ပါတယ်။ အဝေးကြီးကို လှမ်းဟောတာဟာဖြင့် လက္ခဏာကြည့်တဲ့ မှန်ဘီလူးနဲ့ ကောင်းကင်ကို ထောင်ကြည့်သလို ဖြစ်နေပါလိမ့်မယ်လို့ ထင်တယ်။ ဒီတော့ အနီးကြည့်တာကို အနီးအတွက်ပဲ အသုံးချတာ ပိုသင့်လျော်မယ်လို့ ထင်တယ်။

အခြားတစ်ဘက်မှာ အဲလိုမျိုး လာမေးတာကို ဟောဖူးပါတယ်။ ကျွန်တော်က လီနော်မန်နဲ့၊ မမိုးသူက တားရော့နဲ့ဟောတာပါ။ နက္ခတ်ဗေဒင် မှတ်စုများ ဘလော့ကို ရေးတဲ့ ကိုပခန်းက သူ့အနာဂတ် ဘဝကံကြမ္မာ ဆိုပြီး မေးလာခဲ့ဖူးပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က အချိန်တော်တော်ကြာကြာ မဖြေဘဲ အီးလေးဆွဲနေခဲ့ပါတယ်။ နောက်မှ သူကျေနပ်အောင် ဖြေလိုက်ပါတယ်။ အဲဒီအဖြေတွေကို နမူနာကြည့်ချင်ရင် ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။

http://mmtarotlenormand.blogspot.com/2010/01/blog-post_18.html
http://mmtarotlenormand.blogspot.com/2010/01/blog-post_12.html

ဒီတော့ တားရော့၊ လီနော်မန် စတာတွေမှာ တွေးစရာ၊ ဒါမှမဟုတ် ဦးစားစရာပေါ့ဗျာ။ အဲဒါက ဘာလဲ ဆိုရင်ဖြင့် ဒီကံကြမ္မာ ဖဲထုပ်တွေဟာ မှန်ကန်အောင် ဟောနိုင်တယ် ဆိုရင် ဘယ်လောက် ရှည်ကြာတဲ့ ကာလကိုပဲ လှမ်းမေးမေး မှန်ကန်ရမယ်ဆိုတဲ့အချက်ရယ်၊ အခြားတစ်ဘက်မှာက ခုနကပြောတဲ့ ၆ လ ပတ်ဝန်းကျင်လောက် အတွင်းကိုပဲ ဟောနိုင်တယ် ဆိုတဲ့ အချက်ရယ်... အဲဒီနှစ်ခု ဘယ်ဟာကို လက်ခံသင့်သလဲဆိုတာ ကျွန်တော့်မှာ ခုထိ အဖြေမရှိသေးပါဘူး။ ကျွန်တော်ကတော့ လောလောဆယ် ဖြစ်သင့်တယ်လို့ ထင်တဲ့ အနီးတစ်ဝိုက်ကိုပဲ ဟောတာများပါတယ်။ မမိုးသူ ရေးတဲ့ “တားရော့ အမေးအဖြေ” ဆိုတဲ့ ပို့စ်မှာ အဲဒီကိစ္စနဲ့ ပတ်သက်တာမျိုးတွေကို သေချာဆွေးနွေးထားပါတယ်။ ဒီလင့်ခ်မှာပါ။

http://mmtarotlenormand.blogspot.com/2010/04/blog-post_16.html

လီနိုမန်က မေးခွန်းမေးမှ ဟောနိုင်တာလား။ မေးခွန်းမမေးရင် မဟောနိုင်တော့ဘူးလား။ ဗေဒင်မေးတယ့်လူ လာတာနဲ့ ဘာမှမမေးဘဲ ဟောတယ့်နည်း လီနိုမန်မှာ ရှိသလား။

ဟောတဲ့နည်း ရှိပါတယ်။ တချို့လာမေးတဲ့ လူတွေက ဘာမှ မမေးဘဲ ဆရာမြင်တာ ပြောပါလို့ ဆိုတတ်ပါတယ်။ အဲဒီအခါမျိုးကျရင်ဖြင့် ကတ်များများပါတဲ့ ဖြန့်ကျက်ပုံ တစ်ခုကို ခင်းလိုက်ပါတယ်။ အဲဒီဖြန့်ကျက်ပုံမှာ ဘဝရဲ့ရှုထောင့်စုံဖြစ်တဲ့ အချစ်၊ အလုပ်၊ မိသားစု စတာတွေအတွက် သတ်မှတ်ထားတဲ့ နေရာတွေ ပါရပါမယ်။ အဲလို ဖြန့်ကျက်ပြီး အချစ်ရေးဟာဖြင့် ဘာဖြစ်လို့၊ မိသားစုရေးကတော့ဖြင့် ဘာဖြစ်နေပါပြီ ဆိုပြီး ပြောလို့ရပါတယ်။

လီနိုမန်မှာ လာမေးတယ့်သူက ဘာကိစ္စနဲ့ လာမေးတာလဲလို့ လာတာနဲ့ပြောနိုင်တယ့် နည်းရှိလား။

ဟောတဲ့သူရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ပြောနိုင်ပါတယ်။ နည်းလမ်းကတော့ အထက်မှာ ပြောသွားခဲ့သလိုပါပဲ။ သင့်လျော်ရာ ကတ်ဖြန့်ကျက်ပုံ တစ်ခုကို အသုံးချပြီး မေးလိုက်တာပါပဲ။ Personality Spread ဆိုတာမျိုးကိုသုံးပြီး လာမေးတဲ့လူဟာ ဘယ်လိုမျိုး ပုံစံရှိတယ်ဆိုတာကိုပါ အဖြေထုတ်ကြည့်လို့ ရပါတယ်။ ဒီနေရာမှာ မှန်ကန်မှုကတော့ အတွေ့အကြုံပေါ် မူတည်ပါလိမ့်မယ်။

လီနိုမန်မှာ ကိစ္စ တစ်ခုကို ခဏခဏ လာမေးလို့ ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်နေရင် ဒီကိစ္စကို ဘယ်လိုလုပ်မလဲ။ ဘယ်လိုနည်းနဲ့ဆုံးဖြတ်ချက်ချမလဲ။

ပညာရှင်တွေ အားလုံးနီးပါးက ကိစ္စတစ်ခုကို ခဏခဏ ပြန်မမေးသင့်ဘူးလို့ ဆိုကြပါတယ်။ ပြန်မေးတာဟာ ပညာရပ်ကို မလေးမစား ပြုရာရောက်တယ်လို့လည်း တချို့က ဆိုကြပါတယ်။ အဲဒီနေရာမှာ ဖြစ်နိုင်ချေ ၂ ခုရှိပါတယ်။ တစ်ခုက ကိစ္စတစ်ခုတည်းကို လူတစ်ယောက်တည်းက ခဏခဏ ပြန်လာမေးတာပါ။ အဲဒါမျိုးဆိုရင် ပြန်မမေးသင့်ဘူးလို့ ယူဆပါတယ်။

ကျွန်တော်လည်း ခဏခဏ ကြုံဖူးပါတယ်။ လာမေးတဲ့သူတွေက ကိစ္စတစ်ခုကို ခဏခဏ ပြန်လာမေးတာပါ။ တချို့လူတွေကို ကျနော်က ဟောလိုက်တယ် ခရီးထွက်ရမယ် ဆိုပြီးဟောလိုက်တာပါ။ နောက်ထပ် ၂ ပတ်လောက် အကြာမှာ... အဲဒီမေးတဲ့လူက အကြောင်းမထူးသေးပါလား ဆိုပြီး ထပ်လာမေးတယ် အဲဒီအခါ... ထပ်ဆွဲလိုက်တော့ ဖဲချပ်က... “အိမ်မှာနေရမယ်” လို့ ဖြစ်သွားပြန်တယ်။ အဲလိုမျိုး ကျွန်တော် ခဏခဏ ကြုံပါတယ်။ လာမေးတဲ့လူတွေက များလေတော့ ဘယ်သူ့ကို ဘယ်တုန်းက ဘာဟောလိုက်မှန်းတောင် ကျွန်တော် မသိပါဘူး။ အဲဒီအခါမှာ တချို့က... “ဆရာ၊ လွန်ခဲ့တဲ့ ၂ပတ်တုန်းက ခရီးသွားရမယ်ဆို... ခုကျတော့ ပြောင်းပြန်ပါလား” လို့ ပြောတယ်။ ဒီတော့ ဘယ်ဟာကို အမှန်ယူရမှာလဲ... လွန်ခဲ့တဲ့ နှစ်ပတ်က ဟာလား၊ ဒီနေ့တွက်တဲ့ဟာလား ဆိုတာ။

သင်္ချာမှာ နေရာတစ်ခုခုကိုညွှန်းချင်တဲ့အခါ စမှတ်ဆိုတဲ့ Reference Point တစ်ခု လိုပါတယ်။ ဥပမာ ကိုချမ်းမြေ့ဦးရဲ့ အိမ်ဟာ ကိုအုပ်စိုးအိမ်နဲ့ သုံးအိမ်ကျော်မှာ ရှိပါတယ်ဆိုတာမျိုးပါ။ သုံးအိမ်ကျော်ဆိုတာဟာ ညာဘက်ကနေ ရေတာလား၊ ဘယ်ဘက်ကနေ ရေတာလား ဆိုတာ သိရပါမယ်။ ကိုအုပ်စိုးအိမ် ဆိုတာကိုလည်း တစ်ဘက်သားက သိရပါမယ်။ မသိရင်ဖြင့် ကိုအုပ်စိုးအိမ်ဟာ ဓမ္မာရုံနောက်ဖေးပေါက်ကနေ လှမ်းမြင်ရတဲ့ တစ်ခုတည်းသော အိမ်ပေါ့ စသဖြင့် Reference Point ဆိုတာ ရှိရပါမယ်။

ဒီလိုပါပဲ လီနော်မန်နဲ့ ဟောတဲ့အခါမှာလည်း တစ်ခုကိုတော့ ပုံသေထားရပါမယ်။ ပထမတစ်ခုက အချိန်ကာလကို ပုံသေထားတာပါ။ ဆိုလိုတာက... ဟောထားတဲ့ ကိစ္စတစ်ရပ် ဖြစ်မလာမချင်း ထပ်မမေးတာမျိုးပါ။ အနည်းဆုံး ၂ ပတ်ကနေ အများဆုံး ၆ လအထိ ဖြစ်မလာမချင်း စောင့်သင့်ပါတယ်။ ၂ ပတ်၊ ၆ လ စသည်တို့က ဟောတဲ့လူရဲ့ ယူဆချက်ပါ။ အဓိဌာန်လို့လည်း ဆိုနိုင်ပါတယ်။

နောက်တစ်ခုက ကတ်အဟောကို ပုံသေ ယူတာပါ။ ဒီနေ့မေးလို့ သူဌေးဖြစ်မယ်ဟောပြီး မနက်ဖြန် ထပ်မေးတော့ ခွေးဖြစ်တယ်ဆိုရင် ခွေးဖြစ်မယ်လို့ ဟောလိုက်တာပါ။ ဒါဟာ ကတ်ကို ပုံသေထားတာပါ။ အဲလိုဆိုရင် ကောင်းတဲ့ကတ် မကျမချင်း တစ်ကတ်ပြီးတစ်ကတ် ဆွဲလို့ ရမလားဆိုပြီး တချို့က စောဒကတက်နိုင်ပါတယ်။ ဘယ်နှစ်ကြိမ်ဆွဲဆွဲ... တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင် ဆွဲလို့ ရပါတယ်... ဗေဒင်ဟောတဲ့လူက တကယ့်ကို ခံယူချက် ပြင်းပြင်းနဲ့ ကျလာတဲ့ အဓိဌာန်ပြီး ဆွဲရင်... ကတ်တွေကို ယုံကြည်ရင် ဘယ်နှစ်ခေါက်ဆွဲဆွဲ ကျလာတဲ့ ကတ်တွေက အဖြေနဲ့ အနီးစပ်ဆုံးကတ်တွေသာ ကျပါလိမ့်မယ်။ အဲဒီအခါမှာတောင် ကတ်တွေက အမျိုးမျိုး ကျနေတယ်ဆိုရင် ကျသမျှကို ပေါင်းစပ်ပြီးသာ ဟောရမှာ ဖြစ်ပါတယ်။

ဒီတော့ ကိုယ်ဟာ ဘယ်လိုယုံကြည်ချက်၊ ခံယူချက်နဲ့ ဟောမှာလဲဆိုတာကို အရင်ဆုံးဖြတ်ရပါမယ်။ ဗေဒင်မေးတဲ့လူတွေက အမျိုးမျိုးသော ယုံကြည်ချက်တွေနဲ့ ကိုယ့်စီကို လာကြတာပါ။ အဲဒီအခါမှာ ဟောတဲ့လူ ကိုယ်က တောင်ရောက်လိုက်၊ မြောက်ရောက်လိုက် ဖြစ်နေလို့ မရပါဘူး။ အချိန်ကာလကို ကိုယ်က သတ်မှတ်ထားတယ်ဆိုရင်ဖြင့် ၆ လမတိုင်လို့ ထပ်မဟောဘူး ဆိုရင်... ကိုယ်ဟောတာ မဖြစ်မချင်း မဟောပေးရပါဘူး။ အဲလို စည်းကမ်းရှိရပါမယ်။ တကယ်လို့ ၆ လလောက်ထိ စောင့်ပြီးသည့်တိုင် ဗေဒင်ဆရာ ဟောတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် ဘယ်လို ယူဆကြမလဲပေါ့။ ကိုယ်က ၆ လလို့ ဆုံးဖြတ်ပြီး ဟောပေးလိုက်ပြီးတော့... ၆ လကျော်တဲ့အထိ ဖြစ်မလာဘူးဆိုရင် ဗေဒင်ဆရာမှားပါတယ်။ အဲဒီအခါ အဲတုန်းက ဟောပေးလိုက်တဲ့ ကတ်တွေကို ပြန်ကြည့်သင့်ပါတယ်။ ဘယ်လိုမျိုး ယူဆလိုက်လို့ မှားသွားတာလဲ ဆိုတာကို ပြန်ကြည့်သင့်ပါတယ်။

ဥပမာ။ ။ အိမ်ထောင်ပြုဖို့ ဗေဒင်လာမေးတယ့်အခါ အမျိုးသမီးက သီးသန့်လာမေးတယ်။ အဲဒီအခါကောင်းလို့ ကောင်းတယ်ပြောပြီး နောက်နေ့မှ အမျိုးသားက ထပ်ရောက်လာပြီး မေးပြန်တယ်။ အဲဒီအခါ မကောင်းတဲ့ ကတ်ကျလို့... မကောင်းဘူး ဆိုပြီး ဟောလိုက်တယ်။ သူတို့ နှစ်ယောက်က အဲဒီကိစ္စနဲ့ကွိုင်တတ်ပြီး တပြိုင်တည်း ပြန်ရောက်လာရင် ဘယ်လို လုပ်မလဲ။ ဘယ်သူ့ကိုဟောတာ အမှန်ယူမလဲ။ (အဲလို မဟုတ်ဘဲ၊ နှစ်ယောက်လုံး ပြန်ရောက်လာလို့ အသစ် ပြန်ဟောရင် အရင်က ဟောတာတွေကို ဘယ်လိုလုပ်မလဲ။ အရင်ကဟောတာတွေက အလကားလို့ ယူဆရမလား။)

ဒီဥပမာကျတော့ ဒုတိယဖြစ်နိုင်ချေထဲမှာ ပါသွားပါတယ်။ သူက ကိစ္စတစ်ခုတည်းကို လူနှစ်ယောက်က တစ်ယောက်တစ်ခါစီ ပြန်လာမေးတာပါ။ ဒါဆိုရင်တော့ လူတစ်ယောက်တည်းက ခဏခဏ ပြန်လာမေးတာ မဟုတ်တဲ့အတွက် ဖြေသင့်ပါတယ်။ အဲလို ဖြေလိုက်တဲ့အခါ အဖြေက လွဲနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာပါ။ လွဲနိုင်ပါတယ်။ လွဲဖို့လည်း များပါတယ်။ ဘာလို့ လွဲရသလဲဆိုရင် လာမေးတဲ့လူက ၂ ယောက်ဖြစ်တဲ့အတွက် အဲဒီကိစ္စအပေါ်မှာ သူတို့ မြင်တဲ့ ရှုထောင့်က လွဲလို့ဖြစ်ပါတယ်။

ပထမလူ > > < < ဒုတိယလူ
^
^
ပထမလူ + ဒုတိယလူ

အထက်က ပုံမှာ ပထမလူက “ပ” လို့ မြင်ပေမယ့် ဒုတိယ လူက “ဂ” လို့ပဲ မြင်ပါလိမ့်မယ်။ တကယ်လို့ လူနှစ်ယောက်ပေါင်းရဲ့ ရှုထောင့်ကနေ မြင်ရင်ဖြင့် “င” ဖြစ်သွားပါမယ်။ (နမူနာပြောပြတာပါ) အဲလိုပါပဲ ကိစ္စတစ်ရပ်ကို လူနှစ်ယောက်က လာမေးတဲ့အခါမှာ သူတို့တွေရဲ့ ရှုထောင့်နဲ့ ခံစားပုံ မတူလေ ရလာတဲ့ အဖြေက မတူကွဲပြားလေ ဖြစ်ပါလိမ့်မယ်။ ဗေဒင်ဟောတဲ့သူက ဒီသဘောကို နားလည်ထားရပါမယ်။

ပထမရက်မှာ အမျိုးသားက လာမေးတယ် အဲဒီအခါမှာ... “ခင်ဗျားသာ အိမ်ထောင်ကျရင်ဖြင့် အတော်လေး စိတ်ဆင်းရဲရမှာဗျ...” လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ နောက်ရက်မှာ သူနဲ့ ယူဖို့စဉ်းစားတဲ့ အမျိုးသမီးက လာတဲ့အခါမှာကျတော့ ကတ်တွေက အင်မတန်ကောင်းတာတွေ ဖြစ်နေပြန်တယ်။ ဒီအခါမှာ... “ခင်ဗျားအိမ်ထောင်ကတော့ အတော်လေး စိတ်ချမ်းသာတဲ့ အိမ်ထောင်ဖြစ်မှာပဲဗျ...” လို့ ဟောလိုက်ပြန်တယ်။ အဲလိုပဲ ဟောလိုက်ရမှာပါပဲ။ အဲလိုမှ မဟောရင် ဗေဒင်ဆရာဟာ ဗေဒင်အပေါ် သစ္စာဖောက်ရာ ရောက်ပါလိမ့်မယ်။ ကျွန်တော်ပြောတဲ့ ဗေဒင်ဆရာဆိုတာ ကတ်တွေနဲ့ ဟောတာကို ပြောတာပါ။ ကျလာတဲ့ အဖြေတွေက ဘာလို့ အဲလို မတူကွဲပြားရလဲ ဆိုရင်ဖြင့် လာမေးတဲ့အချိန်မှာ အဲဒီအမျိုးသားရော အမျိုးသမီး နှစ်ယောက်လုံးက ပုဂ္ဂိလိက ခံစားချက်ဆိုတဲ့ Personal Feeling တွေ လွန်ကဲနေလို့ပါ။

ဗေဒင်ဆရာဟာ သူယုံကြည်တဲ့ ကတ်တွေက ပြတဲ့အတိုင်း ဟောရမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ်လောက် ကြာတော့ လင်မယားနှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ရောက်လာပြန်တယ်။ ဒီအခါမှာ ကတ်တွေ ထပ်မဆွဲဘဲနဲ့ ဘယ်လိုကောက်ချက်ချနိုင်လဲဆိုရင်... ဒီ ၂ ယောက် အိမ်ထောင်ပြုရင်ဖြင့် တစ်ယောက်က အင်မတန် စိတ်ဆင်းရဲပြီး တစ်ယောက်ကတော့ ပျော်ရွှင်မယ်လို့ ကောက်ချက်ချရပါမယ်။ ယောက်ျားက အိမ်ထောင်ကျပြီး မိန်းမကြောက်ရတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါမယ်။ ဒါက နမူနာ ပြောပြတာပါ။ ဖြစ်နိုင်ချေတွေက အမျိုးမျိုးရှိပါလိမ့်မယ်။

ဒီတော့ အဲဒီ ၂ ယောက် အတူထပ်လာပြီး မေးရင်ဖြင့် ဗေဒင်ဆရာအဖို့ သွေးပျက်နေစရာ မလိုပါဘူး။ ကတ်တွေ ထပ်မံဆွဲပေးပြီးတော့ အရင် ၂ခေါက်က ဟောခဲ့တာတွေနဲ့ ပေါင်းစပ်ခြုံငုံပြီး အဖြေထုတ်ပေးဖို့ပဲ လိုပါတယ်။ အဲဒီအခါမှာ ဗေဒင်ဆရာအနေနဲ့ ဗေဒင်ဟောယုံတင်မဟုတ်ဘဲ... အကြံဉာဏ်သဘောမျိုးနဲ့... အိမ်ထောင်ရယ်လို့ ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက်က အလျှော့ပေးသင့်တာ ပေးရမယ်... တစ်ယောက်ကလည်း တစ်ယောက်ကို သိပ်ပြီးတော့ အနိုင်မယူသင့်ဘူး စတာတွေကို ပြောရပါမယ်။ ဗေဒင်ပညာဟာ လက်တွေ့မှာ အသုံးချဖို့ပါ။ ဗေဒင်ဟောတဲ့သူဟာလည်း လက်တွေ့ကို အမြဲတမ်း မျက်ခြေမပြတ် သတိရှိနေရမှာပါ။

ဒီတော့ အထက်က ပြောခဲ့တာတွေကို ပြန်အနှစ်ချုပ်ရရင်ဖြင့် ဗေဒင်ဟောတဲ့လူဟာ အချိန်ကာလကို ပုံသေသတ်မှတ်ပြီး (၆ လ၊ တစ်နှစ်) စသည်ဖြင့် ဟောမှာလား၊ ကတ်အဟောကို ကြည့်ပြီး ဟောမှာလား ဆိုပြီး ၂ မျိုးရှိပါမယ်။ နောက်တစ်ခါ ကိစ္စတစ်ရပ်တည်းကို လူတစ်ယောက်တည်း မေးတာလား လူနှစ်ယောက်က မေးတာလား ဆိုတာကိုလည်း ဆုံးဖြတ်ရပါမယ်။ ဗေဒင်လာမေးတဲ့လူတွေက အလွှာအသီးသီးက လူတန်းစားအဖုံဖုံ ဖြစ်နေနိုင်ပါတယ်။ သူတို့ကို သွားပြီးတော့ ပုံသေသတ်မှတ်လို့ မရပါဘူး။ ဗေဒင်ဟောတဲ့ ဆရာကသာ ဘယ်လိုကိစ္စဖြစ်လာရင်ဖြင့် ဘယ်လိုဟောမယ်ဆိုတာကို ပုံသေ သတ်မှတ်ထားရပါမယ်။ အဲလိုသတ်မှတ်ထားပြီးပြီဆိုရင် ကျလာတဲ့အတိုင်း မြင်တာကို ဟောလိုက်ဖို့ နောက်တွန့်နေစရာ မလိုပါဘူး။ အဲလိုနောက်မတွန့်ဘဲ ဟောလိုက်လို့ မှားနေသေးတယ် ဆိုရင်တော့... ကိုယ်နဲ့ လီနော်မန်နဲ့ဟာ တစ်သားတည်း မကျသေးဘူးလို့ပဲ ယူဆရပါတော့မယ်။ ဆက်လက်လေ့ကျင့် လေ့လာဖို့ လိုအပ်နေတာကိုလည်း ပြဆိုပါတယ်။

လီနိုမန်နဲ့ဟောတယ့်အခါ အဝေးက လူက လှမ်းမေးရင် ဘယ်လို ဟောမလဲ။ အဲလိုနည်းတွေ လီနိမန် ကျမ်းတွေထဲမှာ စနစ်တကျ ဟောပြတာရှိလား။

ခေတ်စနစ်တွေပြောင်းလာတော့ ဖုန်းတွေ၊ ချက်တင်းတွေ ပေါ်လာတဲ့အခါမှာ ဗေဒင်ဆရာတွေက ချက်တင်ဘောက်စ်ကနေ၊ ဖုန်းထဲကနေ၊ မေးလ်ကနေ ဟောကြပါတယ်။ အရင်တုန်းကတော့ စာတိုက်ကနေ ဟောတာရှိပါတယ်။ ရှေးက ကျမ်းစာအုပ်တွေမှာ ဒီလိုဟောလို့ ရတယ်လို့ ပြမထားပါဘူး။ ဒါပေမယ့် ဟောကြပါတယ်။ လီနော်မန်ကော တားရော့ကိုရော ဒီလိုပဲ ဟောကြပါတယ်။ ဂျီတော့ခ်ကနေပြီး ကျွန်တော့်ကို လာမေးကြတာတွေ ရှိပါတယ်။ အဲလိုမေးတဲ့အခါမှာ မေးတဲ့သူကိုယ်စား ဟောတဲ့သူ ကျွန်တော်က ဖဲထုပ်ကို ချိုးပြီး ကို့ဘာသာ ဆွဲရပါတယ်။ ကိုက အဲလို လုပ်နေတဲ့အခါမှာ မေးတဲ့သူက မေးခွန်းကို အာရုံပြုနေရပါတယ်။ ဒါဆိုရင် အတော်လေး နည်းစပ်တဲ့ ဟောကိန်းတွေကို ရပါတယ်။ အပေါ်မှာ ညွှန်းခဲ့တဲ့ မမိုးသူ ရေးတဲ့ “တားရော့ အမေးအဖြေ” ဆိုတဲ့ ပို့စ်လေးမှာ အဲဒီကိစ္စကို အတော်လေးဆွေးနွေးထားပါတယ်။ စိတ်ဝင်စားလို့ ပြန်ဖတ်ကြည့်ချင်ရင် ဖတ်ကြည့်နိုင်ပါတယ်။ ဒီလင့်ခ်မှာပါ။

http://mmtarotlenormand.blogspot.com/2010/04/blog-post_16.html

လီနိုမန် မှာ အဆောင်၊ယတြာ ပေးနည်းတွေ ရှိပါသလား။ ယုံကြည်ရတယ့် ကျမ်းရင်းတွေမှာကော ပါသလား။

တကယ်တမ်းက လီနော်မန်မှာ အဆောင်တွေ ယတြာတွေ မရှိပါဘူး။ လီနော်မန်ဟာ ကံကြမ္မာ ဖတ်ဖို့အတွက်ပါပဲ။ ဒါပေမယ့် လိုအပ်တဲ့လူတွေရှိရင်၊ တောင်းရင်တော့ ကျွန်တော်ပေးပါတယ်။ ကျွန်တော်က ယတြာတွေကို မယုံကြည်ပါဘူး။ ယုံကြည်လို့ အတင်းလာတောင်းရင် ပေးလိုက်ပါတယ်။ အဲဒီအခါ “ကျွန်တော်ကတော့ မယုံဘူး၊ ခင်ဗျားဘာသာ ယုံရင်တော့ ဆောင်ဗျာ” အဲလိုမျိုး လုံးဝ မပြောပါဘူး။ သူကယုံလို့ လာတောင်းတဲ့အတွက် သူ့ယုံကြည်မှု ပျက်သွားမှာ စိုးရိမ်လို့ပါ။ ကျွန်တော် ပေးလိုက်တာတွေက ငွေကြေးနဲ့ ပတ်သက်ရင် ငွေကြေးကို ကိုယ်စားပြုတဲ့ ကတ်လေးကို ဆောင်ခိုင်းလိုက်တာ အဲဒါမျိုးပါပဲ ပါပဲ။ ကျွန်တော့်ရဲ့ ပို့စ်တစ်ခုမှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီလိုပေးတဲ့နည်းလမ်းကို တခြားသော တားရော့ ဆရာသမားတွေဆီက အတုခိုးတာလို့ဆိုရင် မမှားပါဘူး။ (ဥပမာ ကျန်းမာရေး မကောင်းတဲ့လူကို Strength ဆိုတဲ့ တားရော့ကတ်ကို ဆောင်ခိုင်းတာမျိုးပါ) ကျွန်တော်ဖတ်ဖူးသလောက် လီနော်မန် စာအုပ်တွေမှာတော့ အဆောင်တွေပေးတာ မတွေ့ဖူးပါဘူး။

ကျမ်းတွေက အချင်းချင်းဆန့်ကျင်နေရင် ဘယ်လို နည်းနဲ့အမှားအမှန်ဆုံးဖြတ်မလဲ။ ဘယ်ကျမ်းကို မူသေယူပြီးဆုံးဖြတ်မလဲ။

တခြားဗေဒင်တွေမှာတော့ ဘယ်လို ယူဆမယ် မသိပါဘူး။ ကျွန်တော်က ကတ်ဗေဒင်တွေ လေ့လာတဲ့ နေရာကနေ ပြောတာပါ။ လေ့လာလေ ကျမ်းတွေ များလေလေ၊ မူကွဲတွေ တွေ့လာမှာဖြစ်ပါတယ်။ ဘယ်ဟာက ယုံကြည်ရတဲ့ ကျမ်းဖြစ်မှာလဲ ဆိုတာကို ဆုံးဖြတ်ဖို့ လိုလာပါပြီ။ အဲဒီအခါ ကိုယ်က ပုံသေဖြစ်နေဖို့လိုပါတယ်။ အထက်ကပြောခဲ့သလို Reference Point ရှိဖို့လိုပါတယ်။ ဥပမာအနေနဲ့ ပြရမယ်ဆိုရင် နံပါတ် ၁၁ ကြာပွတ် ကတ်ပြားပါ။

ဒါကို Lenormand.edu ဆိုက်ဒ်က

Think before you speak, and consider exactly who you say what.

With the whip many important things can happen. Discussions may degenerate. Wrong words can hurt someone. You can demonstrate power with words or you can help somebody with knowledge. With words and voice can also bring delight. Think about it!


သူက စကားပြောခြင်းဟာ တစ်ယောက်ယောက်ကို ထိခိုက်စေနိုင်လို့... စကားပြော ဆင်ခြင်ပါလို့ ဆိုပါတယ်။

ဒါကို Chancery.com က ဘယ်လို ဆိုလဲ ဆိုရင်ဖြင့်...

The Rod represents overall harmony in your domestic environment. You may have mild family quarrels or domestic trouble, but they will prove inconsquential.


သူကကျတော့ အကြမ်းအားဖြင့် ဟာမိုနီ (လိုက်ဖက်ညီမှု) ရှိမယ်လို့ ဆိုပါတယ်။ အထက်က အဓိပ္ပာယ်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဆရာမင်းသိင်္ခရဲ့ တံမြက်စည်းကတ်ကိုပါ ဒီကြာပွတ်ကတ်နဲ့ အတူတူပဲလို့ ယူဆမယ် ဆိုရင်... သူ့ကောက်ယူချက်ဖြစ်က... “ရှင်းလင်းသွားပြီ ချောမွေ့သွားပြီ ပူစရာမလိုတော့ပါ။” လို့ ဆိုထားပါတယ်။

ဒီတော့ ကတ်ပြားတစ်ခုတည်းမှာတင် ဖွင့်ဆိုချက်က ၃ ခုဖြစ်နေပါတယ်။ ဘယ်ဟာကို ယူဆမလဲလို့ ဆိုတာက စဉ်းစားစရာပါပဲ။ ကျွန်တော်ကတော့ ယုံကြည်ရာ တစ်ခုကို ယူဆတာ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ ကိုယ်က ကြာပွတ်ကတ်ကို အငြင်းအခုန်ကတ်လို့ မှတ်ယူရင် အမြဲတမ်း၊ ဒီကတ်ကျတိုင်း ငြင်းခုန်ရမယ်လို့ ဟောရပါမယ်။ တကယ်လို့ ဆရာမင်းသိင်္ခရဲ့ မူနဲ့ ရှင်းလင်းသွားခြင်းလို့ ယူဆမယ်ဆိုရင် အမြဲတမ်း ရှင်းလင်းသွားခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို ယူဆရပါမယ်။ ဒီသဘောပါပဲ။ ကျီးကန်း တောင်းမှောက်သလို တောင်ရောက် မြောက်ရောက်တော့ မရပါဘူး။ ဒီတော့ မိမိယုံကြည်ရာ နှစ်သက်ရာ ယူဆ၊ အားကိုးလိုက်တဲ့ စာအုပ်ဟာ မိမိအတွက် ယုံကြည်ရတဲ့ ကျမ်းပါပဲ။

ဥပမာ... လူတစ်ယောက်က ကျွန်တော့်ကို အချစ်ရေးနဲ့ ပတ်သက်လို့ ဗေဒင်လာမေးလို့ ကြာပွတ်ကတ်ကျတဲ့အခါ ကျွန်တော်က “ရန်ဖြစ်၊ စကားများမယ်” လို့ ဆိုလိုက်ပါမယ်။ တကယ်လို့ အဲလူက ကျွန်တော့်ကို မမေးဘဲနဲ့ ဆရာမင်းသိင်္ခမူအတိုင်း ဟောတဲ့လူဆီ သွားမေးတယ် ဆိုပါတော့... အဲဒီအခါမှာ ကြာပွတ်ကတ် ကျချင်မှ ကျပါလိမ့်မယ်... ပြီးတော့ ဟိုဗေဒင်ဆရာကလည်း “ခင်ဗျား အချစ်ရေးနဲ့ ပတ်သက်ပြီး ငြင်းခုန်ရမယ်” ဆိုပြီး အနီးစပ်ဆုံးတူတဲ့အဖြေကို တခြားကတ်နဲ့ ပြောပါလိမ့်မယ်။ ဒါဟာ ကတ်ဗေဒင်တွေရဲ့ နှစ်လိုဖွယ်ရာ ကောင်းတဲ့ အနှစ်သာရ တစ်ခုပါ။ ဒါကြောင့် လေ့လာသူ၊ ဟောပြောသူပေါ် မူတည်ပြီး ကတ်တွေကျတာ ကွာခြားမှာ ဖြစ်တယ်။ ဒါပေမယ့် အဟောတွေကတော့ အနီးစပ်ဆုံး တူညီမှာပါပဲ။

ဒါကို သေချာအောင် ထပ်ရှင်းရရင်ဖြင့် ဟောတဲ့သူ၊ ဗေဒင်ဆရာမှာ အမြဲတမ်း တိကျတဲ့ ဖွင့်ဆိုချက် ရှိနေရမယ်လို့ ဆိုလိုတာပါ။ တကယ်လို့ ဖွင့်ဆိုချက်က A, B, C ဆိုပြီး ၃ မျိုးဖြစ်နေတယ် ဆိုရင် ဘယ်လို ယူနိုင်သလဲဆိုတဲ့ ဖြစ်နိုင်ချေတွေက...

A
B
C
A + B
A + C
B + C
A + B + C

ဒီတော့ အဲဒီထဲက ကြိုက်နှစ်သက်ရာ တစ်ခုခုကို ပုံသေသတ်မှတ်ပြီး ယူဆထားရပါမယ်။ ဒီနေ့ A လို့ ဟောလိုက်၊ နောက်ရက် B+C လို့ ဟောလိုက်တော့ လုပ်လို့ မရပါဘူး။ ဒါကြောင့် တားရော့ ဟောသင်တဲ့ ဆရာတွေ၊ စာအုပ်တွေ အများစုက စာအုပ်တစ်အုပ်ထဲကို ပုံသေ ဆရာတင်ခိုင်းတာလို့ ထင်ပါတယ်။ အကောင်းဆုံးကတော့ A + B + C ပေါင်းစပ်ပြီး အဖြစ်သင့်ဆုံး အဖြေကို ရွေးထုတ်ဟောတာပါ။ အဖြစ်သင့်ဆုံးအဖြေကို ရွေးထုတ်ဖို့အတွက် ကပ်လျက်၊ ပတ်ဝန်းကျင်က ကတ်တွေနဲ့ တွဲပြီး အဖြေရှာလို့ ရပါလိမ့်မယ်။ ဒီတော့ စသင်တဲ့လူအတွက်က စာအုပ်တစ်အုပ်တည်း ပုံသေဆိုပေမယ့် နောက်ပိုင်းမှာ စာအုပ်များများ ဖတ်ပြီး ပေါင်းစပ် ဟောသင့်ပါတယ်။ မူကွဲတွေ များလေလေ ထည့်စဉ်းစား ပေါင်းစပ်ပြီး ဟောလေလေ ပိုပြီး အသေးစိတ်တဲ့ ကောက်ချက်တွေကို ချနိုင်မှာ ဖြစ်ပါတယ်။

လီနိုမန် နဲ့ နက္ခတ်ဗေဒင် ဘယ်နည်းက သင်ရပိုလွယ်ကူ မယ်ထင်သလဲ။ လီနိုမန် ကို နက္ခတ်ဗေဒင် နဲ့ ယှဉ်ရင် သူရဲ့အားသာချက် နဲ့ အားနည်းချက်က ဘာတွေလဲ။

ဝက်သားနဲ့ အမဲသား ဘယ်ဟာဖြင့် ပိုချက်ရ လွယ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဝက်သားပဲ ချက်တတ်ပြီး အမဲသားမချက်တတ်တဲ့ ကျွန်တော် အမောင်အုပ်စိုးက ဖြေဆိုဖို့ ခေါင်းရှောင်လိုက်ပါတယ်။ တချို့ ကုလားပြည်က အမဲသားကျွမ်းကျင် စားဖိုမှူးတွေကတော့ ဝက်သားပါ ချက်တတ်တယ်လို့ ကြွေးကြော်ထားလေတော့ သူတို့ကို သွားမေးတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ အဲဒီလူတွေကတော့ နက္ခတ်ဗေဒင်လည်း တွက်သလို တားရော့လည်း သူတို့ရပါတယ်လို့ ပြောနေတဲ့လူတွေဖြစ်ပါတယ်။ သွားပြီးတော့သာ မေးကြည့်လိုက်ပါတော့ဗျာ။

လီနိမန်နဲ့ မြန်မာနိုင်ငံမှာ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင်ဟောနိုင်တယ့် သူတွေ့ဘူးလား။ ရှိရင် မေးကောမေးဘူးလား။ ကျေနပ်မှုကော ရရဲ့လား။ လီနိမန် နဲ့ပက်သက်ပြီး တော်တော့်ကိုမေးဘူးလား။ မေးခဲ့ရင် ကျေနပ်အားရမှုရှိသလား။

လီနော်မန်အကြောင်းကို (ကျွန်တော်သိလောက်) စာအုပ်ရေးတာ မြန်မာပြည်မှာ ဆရာမင်းသိင်္ခ တစ်ယောက်ပဲ တွေ့ဖူးပါတယ်။ သူ့စာအုပ်ကလည်း လက်ထောက်ဗေဒင် စာအုပ်သာသာပဲ ရှိပါတယ်။ ပြီးတော့ သူကိုယ်တိုင်ကော အဲဒီကတ်တွေနဲ့ ဟောသလား ဆိုတာ ကျွန်တော်က သူ့အသိုင်းအဝိုင်းနဲ့ သိပ်မပတ်သက်လေတော့ မသိပါဘူး။ သူ့ရဲ့ စာအုပ်ကို ဖတ်ပြီး ဟောတဲ့သူတော့ ရှိကောင်းရှိမှာပါ။ ကျွန်တော်မေးဖူးတဲ့ လီနော်မန် ဟောတဲ့သူ မရှိသေးပါဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်တော့မှ မကျေနပ်လို့ တွက်မကြည့်ဖူးပါဘူး။

လီနိမန်၊ တားရော့နဲ့ ပက်သက်ပြီး လေ့လာ ချင်တယ့်သူတွေကို ဘယ်လိုများ အကူအညီပေးနိုင်မလဲ။

ကျွန်တော့်ဘလော့ဂ်မှာ လီနော်မန်လေ့လာလိုသူတွေအတွက် အများကြီး လမ်းညွှန်ထားပါတယ်။ အဲဒါတွေကို “လီနော်မန်” ဆိုပြီး Category ခွဲထားတဲ့အထဲမှာ တွေ့နိုင်ပါတယ်။ ဆက်လက် ပြီးတော့လည်း ဝေမျှသွားပါဦးမယ်။ သိလိုတာတွေ၊ မရှင်းလင်းတာတွေ ရှိခဲ့ရင် မေးလ်ကနေ မေးမြန်းနိုင်ပါတယ်။ အတတ်နိုင်ဆုံး ကူညီပေးမှာပါ။

လီနိမန် နှင့် တားရော့နဲ့ ပက်သက်ပြီး ထဲထဲဝင်ဝင် သေသေချာချာ လေ့လာမှုမရှိဘဲ ထင်ရာမြင်ရာ လျှောက်ပြောနေတယ့် သူတွေကို ဘယ်လိုများ စိတ်ရင်းစေတနာနဲ့ အကြံပြု လမ်းညွှန်ပေးချင်ပါသလဲ။

ကုလားပြည်ကနေလာပြီး ဝက်သားတုတ်ထိုးရောင်းချင်တယ်ဆိုတဲ့ စာဖိုမှူးတွေကို မြင်တိုင်း ရယ်ချင်ပက်ကျိဖြစ်မိတာ အမှန်ပါ။ တစ်ခုပဲ ပြောချင်တာပါ။ အရာအားလုံးဟာ ယုံကြည်မှုပေါ် အခြေခံထားတယ် ဆိုတာကို သိစေချင်ပါတယ်။ ယုံကြည်မှုဆိုတာသာ မရှိရင် ဗေဒင်ဆိုတဲ့ ပညာရပ်လည်း ရှိလာစရာ အကြောင်းမရှိပါဘူး။

ယုံကြည်မှု ဆိုတာဟာ အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ ခံယူချက် (Reference Point) နဲ့လည်း သက်ဆိုင်ပါတယ်။ ဗေဒင်ဟောတဲ့သူ၊ ဆရာတိုင်းမှာ ကိုယ်ပိုင် ခံယူချက်တစ်ခုဆီ ရှိနေပါတယ်။ ပြီးတော့ အဲလို ခံယူချက်တွေ၊ ယုံကြည်ချက်တွေကို ဘယ်သူကမှ ထင်သာမြင်သာ နှဖူးစည်းမှာ ရေးထိုးထားသလို ပြောပြမနေတတ်ပါဘူး။ ပညာရှင် ဖြစ်လာရင်၊ ပညာရှင် ပီသစွာ ပြုမူတယ်ဆိုရင် ဒါကိုနားလည်ရပါမယ်၊ သိနေရပါမယ်။ သူတစ်ပါးရဲ့ ခံယူချက်၊ ယုံကြည်ချက် စတာတွေကို မတိုက်ခိုက်ရပါဘူး။

လွန်ခဲ့တဲ့ လေးငါးလ ပတ်ဝန်းကျင်တုန်းက မြန်မာ့ရိုးရာဗေဒင်နှင့် နက္ခတ်ဘလော့ဂ်မှာ ရေးနေတဲ့ ဆရာတေးအေးရိပ်က ကျွန်တော်တို့ တားရော့ သမားတွေကို မေးခွန်းတွေလာမေးပါတယ်။ ကျွန်တော်တို့ကို မေးခွန်းမေးလို့ မရဘူး မဟုတ်ပါဘူး။ မေးလို့ရပါတယ်။ ကျွန်တော့်ဘလော့ဂ်ရဲ့ ဆီဘောက်စ်၊ ကော်မန့်ဘောက်စ် စတာတွေကို တစ်ခုမှ ပိတ်မထားပါဘူး။ ခုချိန်ထိပါ။

ဒါပေမယ့် သူတစ်ပါးရဲ့ ခံယူချက်ကို ထိပါးတဲ့ မေးခွန်းမျိုးကို မေးတာကဖြင့် ပညာရှင် မပီသပါဘူးလို့ ဆိုချင်တာပါ။ ဆရာတေးအေးရိပ်က မြန်မာဗေဒင်လောကမှာ ဘယ်လို ခံယူချက်တွေနဲ့ ဗေဒင်ဟောစား နေတယ်ဆိုတာကို မသိပေမယ့် ကျွန်တော်တို့ရဲ့ ခံယူချက်ကို ထိပါးတာကိုတော့ လက်ခံလို့ မရနိုင်ပါဘူး။

ဥပမာပြောပြပါမယ်။ ကျွန်တော်တို့ မမိုးသူတို့က တားရော့၊ လီနော်မန် စတာတွေကို တစ်ချပ်တည်း ဆွဲပြီး မဟောတတ်ပါဘူး၊ ဟောလေ့လည်း မရှိပါဘူး။ ဒါဟာ ကျွန်တော်တို့ ခံယူထား၊ ယုံကြည်ကျင့်သုံးနေတဲ့ နည်းစနစ်ပါ။ ဒါကို ရန်လာလုပ်ပြီး တစ်ကတ်တည်း ဟောလို့မရဘူးလား၊ ဟောတဲ့နည်း မရှိဘူးလားလို့ မေးတာက အင်မတန်မှ ပညာသည် မဆန်တာလို့ ဆိုချင်ပါတယ်။

ဆရာကိုချမ်းမြေ့ဦးရဲ့ ဘလော့ဂ်မှာ ကိုချမ်းမြေ့ဦးက... “အမျိုးသမီးများ ဓမ္မတာလာစဉ် မမေးရပါဘူး” လို့ ဆိုထားပါတယ်။ ဒါကိုလည်း ဆရာတေးအေးရိပ်က သွားပြီးတော့ကာ... မေးရင် ဘာဖြစ်မလဲ စသည်ဖြင့် ပြဿနာလုပ်ပါတယ်။ တကယ်က ပညာရှင် ပီသစွာ ပြုမူတတ်ရင် ဒီလိုမျိုးလုပ်တာဟာ အင်မတန်မှ ရိုင်းပြတဲ့အလုပ်လို့ ဆိုချင်ပါတယ်။

မရှင်းသေးရင် ဥပမာတစ်ခု ထပ်ပြောပါ့မယ်။ အရှေ့အလယ်ပိုင်းဒေသက လေဆိပ်တစ်ခုမှာ ဗလီဦးထုပ်ဆောင်းပြီး ထမင်းစားနေတဲ့ လူတစ်ယောက်ရှိတယ် ဆိုပါတော့... ဒါကို ဆရာတေးက သွားပြီး... “ခင်ဗျား... ဝက်သားနဲ့ ထမင်းမစားဘူးလားဗျ၊ ဝက်ကလီစာနဲ့ဆို ပိုတောင်မှ အရသာ ရှိသေးတယ် စားကြည့်ပါလား...” အဲလိုသွားမေးတယ် ဆိုရင် ဘာဖြစ်မလဲ... ဒီသဘောပါပဲ။ ဒါကြောင့် အဲလိုလူတွေကို မြင်တိုင်း၊ ပညာစမ်းချင်လို့ပါဆိုပြီး လာမေးတဲ့ ပညာရှင်ဆိုတဲ့ လူတွေကို တွေ့တိုင်း ကျွန်တော်က ရယ်ချင်ပက်ကျိ ဖြစ်တယ်လို့ ဆိုတာပါ။

မေးခွန်းမေးလို့ မရဘူးလားဆိုရင် မေးလို့ ရပါတယ်။ တစ်ဘက်သားရဲ့ ခံယူချက်တွေ၊ ကာလံဒေသံတွေကို လေ့လာပြီးမှ မေးသင့်တယ်လို့ ဆိုချင်တာပါ။ မဟုတ်ရင်တော့ “ပါးစပ်က... ပညာ၊ ပညာ၊ လက်က... အာပလာ၊ အာပလာ သာထွက်တဲ့ ပညာရှင်တွေ” လို့ မှတ်ချက်ပြုရပါမယ်။ ကျွန်တော်တို့တွေ ဘလော့ဂ်ရေးတာကလည်း ဘာပိုက်ဆံ၊ ဘာဆိုဘာမှ မရတာပါ။ သိတာလေးတွေကို အခြားသူတွေကို မျှဝေချင်လို့ ဖန်တီးခဲ့တာပါ။ Donation ဆိုပြီး ရေးထားတဲ့ အလှူခံပုံးလေးကလည်း အကြွေစေ့ ပြုတ်ကျသံတောင် မကြားရပါဘူးဗျာ။ ဘာမှမရဘဲ တခါတခါ အကုသိုလ်များရတာကတော့ အတော်စိတ်မကောင်းဖြစ်ရပါတယ်။

မြန်မာမှာ တားရော့ဆိုတာ ရှိပါသလား။ တချို့တွေက မြန်မာတားရော့လို့ ပြောနေလို့ပါ။ လေ့လာသူတွေ အတွက် စနစ်တကျလေး ဖြစ်အောင်ဖြေပေးပါ။

ဘောင်းဘီဆိုတာ ဘာလဲ၊ ပုဆိုးဆိုတာ ဘာလဲဆိုတာ လူတိုင်း ခွဲခြားသိပါတယ်ဗျာ။ တားရော့ဆိုတာဟာ မေဂျာ ၂၂ ချပ်ရှိရမယ်။ ဒါ့အပြင် မိုင်နာ ၅၆ ချပ်လည်း ပါချင်ပါမယ်။ အဲလိုဖြစ်မှ တားရော့လို့ ခေါ်ရပါမယ်။ မဟုတ်ရင်ဖြင့် တခြားဟာ ခေါ်ရပါမယ်။ လီနော်မန်က ၃၆ ချပ်ရှိပါတယ်။ တားရော့မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က လီနော်မန်လို့ပဲ ခေါ်ပါတယ်။ တားရော့လို့ ပုံမှားမရိုက်ပါဘူး။ လီနော်မန် ဟောတတ်တာကိုလည်း တားရော့ဟောနိုင်တယ်လို့ ကျွန်တော် မကြွေးကျော်ပါဘူး။

စတိုင် ဘောင်းဘီ၊ ဂျင်းဘောင်းဘီ၊ ညဝတ် ဘောင်းဘီ စသဖြင့် ရှိပါတယ်။ ဘောင်းဘီဆိုတာ ဘာဆိုတာ၊ ဘယ်လိုမျိုးဆိုတာ... ကလေးက အစသိပါတယ်။ ပုဆိုးကြီး ဝတ်လာပြီး ဒါဟာ တို့မြန်မာ့ရိုးရာ ဘောင်းဘီလို့ ပြောတာကိုတော့ အူတက်အောင်အထိ ရယ်ချင်ပက်ကျိ ဖြစ်မိတာ အမှန်ပါ။ ဆရာမင်းသိင်္ခ ဖန်တီးထားတဲ့ တားရော့ ရှိပါတယ်။ အဲဒါက မေဂျာ ၂၂ ချပ်ပါတဲ့ တားရော့ပါ။ မြန်မာဆန်အောင် မြန်မာပုံတွေနဲ့ ဖန်တီးထားပြီး မြန်မာမှု တားရော့လို့ ဆိုထားပါတယ်။ ဟုတ်ပါတယ်၊ ဆိုလို့ရပါတယ်။ မြန်မာမှု တားရော့ပါ။ ကြော်ငြာတာ မဟုတ်ပါဘူး သိချင်တဲ့လူတွေ လေ့လာလို့ ရအောင် ပြောပြတာပါ။ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။

http://mmtarotlenormand.blogspot.com/2010/07/blog-post_14.html

နောက်ဆုံးမေးချင်တာ ကတော့ ဗေဒင်ကို ယုံပါသလား။ ဘာကြောင့်ယုံ၊ မယုံ အကြောင်းအရင်းလေးနဲ့ ပြောပါနိုင်မလား။

အတိုင်းအတာတစ်ခုအထိ ယုံပါတယ်။ ဗေဒင်ဟာ လူတစ်ယောက်ရဲ့ ကံတရားကို ပြောပြနိုင်တယ် ဆိုတာကိုလည်း ယုံပါတယ်။ (ကျွန်တော့် ကိုယ်တွေ့တွေပါပဲ) ဒါပေမယ့် ဗေဒင်ပညာရပ် အားလုံးကိုတော့ အလုံးစုံ မယုံပါဘူး။ ကျွန်တော့်ရဲ့ ခံစားချက်၊ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ တိုက်ဆိုင်တာ၊ ရင်ဘတ်ခြင်း တူတာတွေဆိုရင် လက်ခံပါတယ်။ ယုံကြည်ပါတယ်။

နောက်တစ်ခု ထပ်ပြောချင်တာက ဗေဒင်ဆိုတာဟာ စနစ်တကျ လေ့လာသင်ယူသင့်တဲ့ ပညာဖြစ်ပြီး လူတွေကို တတ်နိုင်သလောက် အကူအညီပေးနိုင်တဲ့ အသက်မွေးမှု ပညာတစ်ရပ်လို့ ဆိုချင်တာပါ။ တတ်ယောင်ကားတွေကြောင့် ဗေဒင်ပညာဟာ လူလည်ပညာလိုလို၊ လူလိမ်ပညာလိုလို ဖြစ်နေရတာပါ။ အသက်မွေးမှုဖြစ်တဲ့အတွက် တချို့ဗေဒင်ဆရာတွေဟာ... ပညာရပ် အစစ်အမှန်ကိုသုံးပြီး၊ ဟောတယ်၊ တွက်ချက်ပေးတယ် ဆိုရင်ဖြင့် ဉာဏ်ပူဇော်ခ ပေးရပါမယ်။ ပေးလည်း ပေးသင့်ပါတယ်။ ဒီလို ငွေကြေးယူလိုက်တဲ့အတွက်... သူတို့ဟာ လိမ်စားနေတာ မဟုတ်ပါဘူး။ ပညာရပ်တစ်ခုနဲ့ အသက်မွေးနေတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒီလိုဟောဖို့အတွက် အချိန်တွေ၊ ငွေတွေစတေးပြီး ပညာရပ်တွေကို ဆည်းပူးခဲ့ရတာပါ။

အခြားတစ်ဘက်မှာက ဗေဒင်ဆရာဟာ အသက်မွေးမှုလို့ အမည်ခံပြီးလုပ်မယ်ဆိုရင် တာဝန်ကျေရမယ်လို့ ဆိုချင်ပါတယ်။ ခင်ဗျားနောက် ၆ လအတွင်း ခရီးထွက်ရမယ်လို့ ဟောလိုက်ပြီး... ၆ လသာ ကျော်သွားတယ် ခရီးမထွက်ဖြစ်ဘူးဆိုရင် ယူထားတဲ့ ငွေကို ပြန်အမ်းသင့်တယ်လို့ ထင်ပါတယ်။ (ကျွန်တော့်ထင်မြင် ယူဆချက်ပါ) ဒီတော့... ဗေဒင်ပညာရှင်တိုင်း... ဟောခန်းရှေ့... ဘလော့ဂ်ရှေ့မှာ “မမှန်ရင် ငွေပြန်အမ်းတယ်” လို့ ရဲရဲဝံ့ဝံ့ ချိတ်ထားတာမျိုး ဖြစ်စေချင်ပါတယ်။ အဲဒီလို ကိုယ့်ဘက်ကနေ ခံယူချက် မပြတ်သားဘဲနဲ့ အခကြေးငွေ၊ ဉာဏ်ပူဇော်ခယူပြီး ဗေဒင်ဟောမယ် ဆိုရင်တော့ သူဟာ... ဗေဒင်မေးသူရော ဗေဒင်ပညာကိုပါ လိမ်လည်ရာရောက်တယ်လို့ ထင်ပါတယ်။ ဗေဒင်ကို အသက်မွေးမှုတစ်ရပ် တကယ်ပီသစေချင်ရင်တော့ ဗေဒင်ဆရာတွေကလည်း ဗေဒင်မေးသူတွေ စိတ်ကျေနပ်သည်အထိ ကိုယ်ဟောတာကို ကိုယ်တာဝန် ယူသင့်တယ် လို့ ဆိုချင်ပါတယ်။

1 comment:

  1. သင့်​ရဲ့ခံယူချက်​ကို
    ကျွန်​​တော်
    သ​ဘောကျတယ်

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။