Wednesday, July 28, 2010

ဗေဒင်ဆရာဆိုတာ (၁)



A joke is a very serious thing.
(Winston Churchill)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



ဗေဒင်ဆရာ ဘအေး မှန်လိုက်လေ


တောရွာတစ်ရွာတွင် ဗေဒင်ဆရာ ဘအေး အလွန်မှန်သည်ဟု နာမည်ကြီးနေ၏။ ထို့ကြောင့် တစ်နေ့တွင် ထိုရွာမှ လူတစ်ယောက်သည် ဗေဒင်ဆရာ ဘအေး ထံတွင် သွား၍ ဗေဒင်ကြည့်၏။ ထိုအခါ ဗေဒင်ဆရာက “ခင်ဗျား ဆယ့်လေးငါးရက် အတွင်းမှာ သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်” ဟူ၍ ဟောလိုက်၏။

ထိုသူလဲ ဆယ့်လေးငါးရက် စောင့်၍ကြည့်၏။ သူ့တွင်ဘာမှ မဖြစ်သဖြင့် ရွာထဲရှိ လူစုစုရှိသော နေရာတိုင်းတွင် ဗေဒင်ဆရာ ဘအေး မှန်တယ်၊ မှန်တယ် ဆိုတာ အလကားပါကွာ၊ တစ်နေ့ကသူ ငါ့ကို ဆယ့်လေးငါးရက် အတွင်း သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်လို့ ဟောတယ်၊ အခု ဆယ့်လေးငါးရက်ပဲ ရှိပေါ့ ဘာမှမဖြစ်ပါဘူး၊ ဒီဗေဒင်ဆရာ အလကားပါကွာ ဟူ၍ပြောပြီး နာမည် ဖျက်နေသည်။

ထိုသတင်းကို ကြားသော ဗေဒင်ဆရာ ဘအေးက “အင်း...ဒီကောင် ငါ့ထမင်းအိုးကို ခွဲမယ့်ကောင်ပဲ၊ မဖြစ်တော့ဘူး” ဟူ၍စဉ်းစားပြီး မှောင်မိုက်သော ညတစ်ညတွင် ဗေဒင်ဆရာ ကိုယ်တိုင် ထိုသူကို ချောင်းရိုက်တော့၏။ ထိုမှစ၍ ဗေဒင်ဆရာ ဘအေး သွေးထွက်အောင် မှန်တယ် ဟူ၍ နာမည် ပိုကြီး လာတော့၏။

++++++++++++++++++++++++++++++++++++



သွေးထွက်အောင် မှန်ချင်သလား

တခါက လူငယ်တစ်ယောက်က ဗေဒင်ဆရာဆီမှာ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး လာဆွေးနွေးတယ်။

လူငယ်။ ။ “ဆရာ၊ ကျနော့်နှလုံးသားရေးရာမှာ အခက်အခဲ ရှိနေတယ်”

ဗေဒင်ဆရာ။ ။ “ဘယ်လို အခက်အခဲလဲ မောင်ရင်ရ...”

လူငယ်။ ။ “အော်... ကျနော့်ကောင်မလေး မိဘတွေက ကျွန်တော့်ကို သဘောမကျဘူး ဖြစ်နေလို့ပါ... အဲဒါ...”

ဗေဒင်ဆရာ။ ။ “ဒီလောက်ဆို ရပြီ... မောင်ရင့်နာမည်က...”

လူငယ်။ ။ “ကျော်ကျော်ပါ... ကောင်မလေး နာမည်က... ရတနာ ဇေအေးထွန်းပါ...”

ဗေဒင်ဆရာ။ ။ “ကောင်မလေး နာမည်က ရတနာ ဇေအေးထွန်း ဟုတ်လား”

လူငယ်။ ။ “ဟုတ်ကဲ့ဆရာ...”

ဗေဒင်ဆရာ။ ။ “ဒါဆိုရင် ညာဘက် ပါးအောက်မှာ မှဲ့ရှိရမယ်...”

လူငယ်။ ။ “ဟာ... ဟုတ်တယ် ဆရာ”

ဗေဒင်ဆရာ။ ။ “ဆံပင်က ခါးလောက်ထိ ရှည်ရမယ်...”

လူငယ်။ ။ “ဟာ... ဟုတ်တယ်ဆရာ၊ အတိအကျပါပဲ...”

ဗေဒင်ဆရာ။ ။ “မောင်ရင်က သူ့မိဘတွေကို အပြင်မှာ မတွေ့ဖူးဘူး”

လူငယ်။ ။ “ဟုတ်တယ်ဆရာ၊ မှန်လိုက်တာ”

ဗေဒင်ဆရာ။ ။ “သူ့မိဘတွေက မင်းကို နည်းနည်းတောင်မဟုတ်ဘူး၊ တော်တော်လေး ကြည့်မရ ဖြစ်လိမ့်မယ်...”

လူငယ်။ ။ “ဒါလည်း ဟုတ်တယ်။ အရမ်းမှန်တာပဲ...”

ဗေဒင်ဆရာ။ ။ “ဒီမယ်မောင်ရင်...”

လူငယ်။ ။ “ဟုတ်ကဲ့ ဆရာ၊ အရမ်းမှန်တာပဲ...”

ဗေဒင်ဆရာ။ ။ “ဒီမယ် မောင်ရင်... သွေးထွက်အောင် ထပ်မမှန်ချင်ရင်တော့ ခု ချက်ချင်း ထပြန်ပါ... ရတနာ ဇေအေးထွန်းဆိုတာ... ငါ့သမီးပဲ...”

လူငယ်။ ။ “ဗျာ... ဟိုက်...”

လူငယ်လည်း တချိုးတည်း လစ်ပြေးလေတော့သည် ဟူသတတ်။

++++++++++++++++++++++++++++++++++++



ကျနော်ဘာလုပ်ရမလဲ ဆရာ

ခရီးသည်တင် လေယာဉ်တစ်စင်သည် အင်ဂျင်ချွတ်ယွင်းသဖြင့် လေယာဉ်မှူးက သတိပေးချက် ထုတ်ပြန်ပြီးနောက် လေယာဉ်ပေါ်၌ လိုက်ပါလာသူဗေဒင်ဆရာအား ခရီးသည်တစ်ဦးက ယခုလို မေးမြန်း လေသည်။

ခရီးသည်။ ။ “ကျနော် တို့တော့ ဒုက္ခရောက်ပြီထင်တယ် ဆရာ”

ဗေဒင်ဆရာ။ ။“စိတ်မပူနဲ့ ဗျာ”

ခရီးသည်။ ။ “ဟာ… လေယာဉ်က အောက်ကိုထိုးကျနေပြီဆရာရဲ့”

ဗေဒင်ဆရာ။ ။ “ဒီလောက်ကြီးလည်း မစိုးရိမ်ပါနဲ့ဗျာ”

ခရီးသည်။ ။ “အာ… ဆရာကသာ ပြောနေတာ၊ ကျနော်တို့ ကံကောင်းနိုင်ပါ့မလားဗျာ၊ ဗေဒင်လေး ဘာလေး တွက်ကြည့်ပါဦး”

ဗေဒင်ဆရာ။ ။ “မလိုပါဘူးဗျာ၊ တွက်ကြည့်မနေပါနဲ့”

ခရီးသည်။ ။ “အာ… ဒါဆို ကျနော်တို့ ဘယ်လိုလုပ်ရမလဲ”

ဗေဒင်ဆရာ။ ။ “လေယာဉ်ပေါ်က ခုန်ချလိုက်တာပေါ့ဗျာ”

++++++++++++++++++++++++++++++++++++



စိတ်မပူပါနဲ့

တခါက ဆယ်ကျော်သက်လူငယ်တစ်ယောက် ဗေဒင်ဆရာထံ အချစ်ရေးကံကြမ္မာ သိလို၍ သွားမေးသည်။

ဗေဒင်ဆရာ။ ။ “မောင်ရင်၊ ဒီလအတွင်း မိန်းမရမှာ...”

လူငယ်။ ။ “ဟုတ်ပါ့မလားဆရာ၊ မိန်းမ မပြောနဲ့၊ ရည်းစားတောင် မူးလို့ ရှူစရာ မရှိတာ...”

ဗေဒင်ဆရာ။ ။ “ငါက၊ ဟုတ်တယ်ဆို ဟုတ်တယ်၊ စိတ်မပူပါနဲ့ကွ...”

ဒါနဲ့ပဲ အဲဒီလူငယ်လည်း ပြန်သွားပါတယ်။ လကုန်ခါနီးကျတော့ ဗေဒင်ဆရာထံ အလောတကြီး ပြန်ရောက်လာတယ်။

လူငယ်။ ။ “ဆရာ၊ ဆရာပြောတော့ လမကုန်ခင် မိန်းမရမယ်ဆို၊ မနက်ဖြန်ဆို လကုန်ပြီ၊ ခုထိ...”

ဗေဒင်ဆရာ။ ။ “ငါက ရမယ်ဆို၊ ရမှာပဲ... စိတ်မပူပါနဲ့လေ... အခန်းထဲမှာ ငါ့သမီး ရှိပါသေးတယ်ကွ...”

++++++++++++++++++++++++++++++++++++



ကောင်းလိုက်တဲ့ ယတြာ

တစ်နေ့ ဘုရားပေါ်မှာ ဗေဒင်ဟောနေတဲ့ ဗေဒင်ဆရာ တစ်ယောက်ဆီကို မိန်းမတစ်ယောက် ဗေဒင် လာမေးသတဲ့။ အဲ့ဒီမိန်းမ ပုံကို ဗေဒင်ဆရာက ကြည့်လိုက်တော့ ပုံစံက သိပ်မဟုတ်ချင်ဘူး။ ဒါပေမယ့်လည်း ကိုယ့်ဆီလာတဲ့ Customer ဆိုတော့ မေးလိုက်တယ်။ “လာပါဗျာ ဗေဒင်မေးမလို့လား”

အဲ့ဒီမိန်းမက... “ဟုတ်ကဲ့ ဆရာ၊ ကျွန်မ အလုပ်အကိုင် သိပ်မကောင်းလို့ ယတြာလေးလိုချင်လို့”

ဗေဒင်ဆရာက “ဒါနဲ့ အစ်မ က ဘာ အလုပ်လုပ်လဲ။ ”

သူ့အလုပ်က ပြောလို့မကောင်းတဲ့ အလုပ်ဆိုတော့ အဲ့ဒီမိန်းမက “ဆရာ၊ ကျွန်မအလုပ်ကို မပြောပါရစေနဲ့…” လို့ ဆိုတယ်။

ဒါနဲ့ ဗေဒင်ဆရာလည်း “ရပါတယ်။ ခင်ဗျား မပြောချင်လည်း မပြောပါနဲ့” ဆိုပြီး ယတြာ လုပ်ပေးလိုက်သတဲ့။

ယတြာက... ကြက်တူရွေး ပုံကို အလုပ်လုပ်ရင် အိတ်ထဲမှာ အမြဲဆောင်ထား ရမယ်လို့ပြောလိုက်တယ်။ မိန်းမကြီးလည်း ပြန်သွားတော့တယ်။ နောက် နှစ်ပါတ်လောက် အကြာမှာ ဗေဒင် ဆရာဆီကို အဲ့ဒီမိန်းမ ပြန်ရောက်လာတယ်။

အဲဒီမိန်းမက... “အလုပ်အကိုင် အဆင်ပြေလို့ ဆရာကို ကျေးဇူးလာဆပ်တာပါ။ နောက်ပြီး ဆရာ ဘာဖြစ်လို့ ကျွန်မကို ကြက်တူရွေး ပုံကို ဘာဖြစ်လို့ ဆောင်ခိုင်းတာလဲ...” လို့ မေးတယ်။

ဗေဒင်ဆရာကပြောတယ်... “အော် ခင်ဗျားလုပ်တဲ့ အလုပ်ကို ကျွန်တော်သိနေတာပဲ။ ယတြာက ကြက်ချင်းတူရင် ရွေးရအောင်လို့...” တဲ့။

++++++++++++++++++++++++++++++++++++



မလွဲအောင် ဟောတဲ့ဆရာ

တခါက ကလေးမွေးခါနီး လင်မယားနှစ်ယောက်က ဗေဒင်ဆရာဆီ ဗေဒင်လာမေးတယ်။ သားသားလေး မွေးမှာလား၊ မီးမီးလေး မွေးမှာလားဆိုတာ။ အဲဒီမှာ ဗေဒင်ဆရာက “သားလေး မွေးမယ်” လို့ ပြောလိုက်တယ်။ ပြီးတော့ကာ သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာတော့... “သမီးလေး မွေးမယ်” လို့ မှတ်လိုက်တယ်။

ဗေဒင်အဟောခံရတဲ့လူတွေကလည်း မှန်ရင်သာ ပြန်လာမပြောတာ... မှားတော့ ဗေဒင်ဆရာဆီ ပေါက်ချလာပါလေရော။ ဒီတော့ ဗေဒင်ဆရာက သူ့မှတ်စုစာအုပ်ကို လှန်ပြပြီး... “ကျုပ်ဟောတာ မမှားပါဘူးဗျာ... ခင်ဗျားတို့ အမှတ်မှားတာနေမယ်... ဒီမှာလေ... သမီးလေးမွေးမယ်လို့ ရေးထားတာ” လို့ ဆိုပါသတဲ့။

အဲဒီလင်မယား ပြန်ထွက်သွားတာနဲ့ ဗေဒင်ဆရာက အခန်းထဲမှာ ရှိတဲ့လူတွေကို လှမ်းပြောလိုက်တာက... “အော်... လွဲလည်း ၅၀ ရာနှုန်းပဲ လွဲတာပါလေ...” တဲ့။

+++++++++++++++++++++++++++++++++++

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

2 comments:

  1. အဆင်ပြေလို့ "ကြက်တူရွေး" ဟာသကို အူနှိပ်ရယ်လိုက်ရတယ် အစ်ကိုရေ။

    ဗေဒင်ဟောပြောနေသူတစ်ယောက်ရဲ့ ဖြစ်ပုံဆန်းကို တင်ပြပါရစေဗျာ။

    တရံသောအခါက အကျွန်မောင်ပခန်းဟာ ချစ်သူရည်းစား မရှိလေသောကြောင့် (ရလိုရငြား) ဗေဒင်ဆရာ အစ်ကိုတစ်ယောက်ဆီ အပူကပ်မိပါတယ်။ သူ့ ညီမလိုခင်တဲ့ ကောင်မလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ အတန်အတန်တားတဲ့ကြားက အနော်က ဗေဒင်ဟောတတ်တယ် ဆိုတာကိုပါ ထည့်ပြောလိုက်ပါသတဲ့။

    ကောင်မလေးနဲ့တွေ့ကြတယ်ဆိုရင်ပဲ ခရီးမဆိုက် ဗေဒင်မေးပါတော့တယ်။ ဇာတာလေးဖတ်လိုက် သူမေးတဲ့ အချစ်ရေးတွေဖြေလိုက်နဲ့၊ ဒီလိုလူမျိုးနဲ့ တွေ့နိုင်တယ်ဆိုတဲ့ ဟောကိန်းတွေနဲ့ အတူ ( ကိုယ်က ဟောတာ နည်းနည်း၊ သူကပြောတာများများ ) သိလိုက်ရတာကတော့ သူ့ရင်ထဲမှာ ရှိဆဲ ရည်းစားတွေရော၊ ရင်ထဲမှာ မရှိတော့တဲ့ ရည်းစားတွေရော၊ နောင် ရင်ထဲရှိလာနိုင်ခြေရှိတဲ့ စိတ်ဝင်စားသူတွေပါ သိလိုက်ရတဲ့ အခါမှာတော့ အနော် မောင်ပခန်း သက်ပြင်းလေး ချမိပါတယ်။ ဘာမှထူးထူးခြားခြား ပြောစရာလည်း မရှိတော့တာမို့ "ဘာများမေးစရာရှိသေးလဲ ညီမ" လို့ပဲ ပြောလိုက်ရပါတော့တယ်။

    ညီငယ်
    ပခန်း

    ReplyDelete
  2. ခင်ဗျားအဖြစ်ကြီးကဗျာ... ရယ်ရခက် ငိုရခက်ကြီးပဲ... တကယ်လို့ သူ့ကိုသာ အတည်ကြံမယ်ဆိုရင်တော့ လံကြုပ်လုပ်ပြီး ဇာတာအရ ရည်းစား အထားများရင်ဖြင့် ကံမကောင်းဘူး ဆိုပြီး ခြောက်လိုက်ရမှာ... ပြီးသွားရင်ဖြင့် ဘယ်လိုလူမျိုးကို အတည်တကျ ထားသင့်တယ် ဆိုတဲ့ နေရာမှာ... ခင်ဗျားပုံစံမျိုးကို ထည့်ပြောရမှာ... ဟီးဟီး။

    ခင်မင်စွာဖြင့်
    အုပ်စိုး

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။