Saturday, July 24, 2010

ဗေဒင်ဂေါ့ဒ်ဖားသားနှင့် အင်တာဗျူး



(Source: http://www.sxc.hu/photo/1185571)

K ဆိုတဲ့ မြန်မာဗေဒင်ပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ http://www.baydingodfather.co.cc/ ဆိုတဲ့ ဘလော့ဂ်လေးက မြန်မာအွန်လိုင်း ဗေဒင်လောကမှာ ပေါ်ထွက်လာတာ သိပ်မကြာသေးပါဘူး။ K ဆိုတာ ဘယ်သူလဲ King လား၊ Killer လား၊ Kid လား ဆိုပြီး သိလိုသူတွေထဲမှာ ကျွန်တော် အမောင်အုပ်စိုးလည်း ပါပါတယ်။ ဒါကြောင့် သိချင်တဲ့ စိတ်ကို မြိုသိပ်မနေတော့ဘဲ စိတ်ထဲပေါ်လာသမျှကို စာစီလို့ မေးခွန်းလေးတွေပြုပြီး သူ့ထံကို ပို့လိုက်ပါတော့တယ်။ ဒီအင်တာဗျူးက ကျွန်တော် သိလိုသလောက်သာ ဖြစ်တဲ့အတွက် မေးခွန်းတွေ မေးခဲ့တဲ့အထဲမှာ တချို့ ဆရာတွေ သိချင်တာ၊ မေးချင်တာတွေ ပါချင်မှပါပါလိမ့်မယ်။ ကျန်ခဲ့တာတွေ ရှိကောင်း ရှိပါမယ်။ အဲဒီမေးခွန်းတွေကိုတော့ သူ့ရဲ့ လိပ်စာကို ကိုယ်တိုင် ဆက်သွယ်ပြီး မေးမြန်းကြပါလို့ အကြံပြုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=======================================================

ဗေဒင်ဆိုတာ မြန်မာဝေါဟာရပါ။ God Father ဆိုတာက အင်္ဂလိပ် ဝေါဟာရပါ။ ဒီတော့ ဗေဒင် ဂေါ့ဒ်ဖားသားဆိုတာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးခဲ့တဲ့ နာမည်ဖြစ်ပြီးတော့ ဂေါ့ဒ်ဖားသား ဖြစ်တည်လာရခြင်းရဲ့ နောက်ခံသမိုင်းကြောင်းလေးကို ပြောပြနိုင်မလားဗျာ။

Baydin Godfather က သူငယ်ချင်းတစ်ယောက်ကပေးလိုက်တာပါ။ ကျွန်တော်က မပေးချင်ပါဘူး။ ကျွန်တော်ပေးချင်တာက Baydin Ghost ပါ။ လူတစ်ယောက်ဟာ တစ်စုံတစ်ခုကို စိတ်စွဲလန်းရင်း သေသွားရင် အဲဒီဟာနဲ့ပက်သက်ပြီး စွဲလန်းလွန်းလို့ မကျွတ်ဘဲ တစ္ဆေ ဖြစ်တယ်လို့ ကြားဖူးတယ်။ ကျွန်တော်ဟာလည်း ဗေဒင်နဲ့ ပက်သက်ရင် အဲဒီလောက်ကို စွဲလမ်းလွန်းပါတယ်။ Baydin Godfather ဆိုတယ့် ဒီနာမည်ဟာ ဆန်းပျက်တယ်လို့ ဆရာဇေယျာမောင်က ပြောတယ်ဗျ။ ဘာကြောင့် ပျက်တယ်လို့တော့ မပြောဘူး။ ဆန်းပျက်ရင် ဘာဖြစ်နိင်တယ်လို့လဲ မပြောဘူး။ ကျွန်တော်ကတော့ ဆရာဇေယျာမောင် မပြောချင်တာလို့ဘဲ ထင်ပါတယ်။

ဒါပေမယ့် ကျွန်တော်အဲဒီလိုကြားရတော့ တော်တော်ပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဆန်းဗေဒင်ကို စာအုပ်တွေ ဖတ်ပြီး သင်လာတာ မဟုတ်ဘဲ ဆန်းဗေဒင်ကို မူရင်း ဇစ်မြစ်အထိ လိုက်စားတဲ့ ဆရာသမားတွေဆီမှာ သင်လာတာ ဆိုတော့ ဆန်းဗေဒင်ရဲ့ အကျော်ဒေးယျ ဖခင်တွေ ကိုယ်တိုင် ဆန်းပျက်နေတယ် ဆိုတာ ကျွန်တော်သိထားတယ်။ အဲဒီတော့ ကျွန်တော်ကို ဆန်းဗေဒင်ရဲ့ အကျော်ဒေးယျ ဖခင်တွေနဲ့ဘဲ နှိုင်းပြီး ပြောလိုက်လေသလားလို့ ကိုယ်လိုရာ ဆွဲတွေးပြီး ဆရာဇေယျာမောင်ကို ကျေးဇူးတောင် တင်မိသေးတယ်။

နောက် ဒီနာမည်ကို စီးတယ်လို့ ပြောသံလေးတွေ နည်းနည်းလေး ကြားနေရတယ်။ ဘာကြောင့်ပြောတယ်၊ ဘယ်သူတွေ ပြောသလဲတော့ မသိပါဘူး။ ဟုတ်ကဲ့၊ ပြောတဲ့သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ နာမည်ကတော့ ဘာစီးမလဲ မသိပေမယ့် ဒီနာမည်ရဲ့ Blog ပိုင်ရှင် ကျွန်တော်ကတော့ အနိမ့်ဆုံး PARADO လောက်တော့ စီးချင်ပါတယ်ဗျ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။

Baydin Godfather ဆိုတယ့် နာမည်ကို ပြန်စဉ်းစားကြည့်တော့လည်း လူတစ်ယောက်ဟာ သူလုပ်တဲ့ မည်သည့် အလုပ်မှာ မဆို အထွဋ်အထိပ် တော့ ရောက်ချင်တာဘဲ။ မရောက်ချင်ဘူး ဆိုတာ အလကားပြောတာ။ ကျွန်တော်ကတော့ လုံးဝဥဿုံ မယုံဘူး။ ဒါကြောင့် ဗေဒင်နဲ့ ပက်သက်ရင်လည်း ဗေဒင်လိုက်စားတဲ့ သူတွေအားလုံးလည်း အထွဋ်အထိပ် ရောက်ချင်မှာဘဲ။ ဒီဆန္ဒလေးဟာလည်း ဗေဒင်ပညာရှင်တွေဆီမှာလည်း ရှိမယ်လို့ ထင်ပြီး မပြောင်းတော့တာပါ။

ပြီးတော့ “Everybody Calls Me K” လို့ ဆိုထားတာလည်း တွေ့ရပါတယ်။ ဒီတော့ ဆရာ့ရဲ့ နာမည်ရင်းက ဘာဆိုတာကို ပြောပြနိုင်မယ်ဆိုရင် သိပါရစေ။ K ဆိုတာဟာ... Knowledge, Key, King, Killer, Kid အမျိုးမျိုးဖြစ်နိုင်တာကြောင့် ဘာကို ဆိုလိုတာပါလဲ။ Kyaw, Khine, Khin, Kyi စတဲ့ နာမည်ရဲ့ အစစာလုံး (Initial) ကို ဆိုလိုတာပါလား။

နာမည်အရင်းကိုတော့ မဖော်ပြချင်တော့လို့ မဟုတ်ပါဘူး။ K ဆိုတာက ကျွန်တော် နာမည်ရဲ့နောက်ဆုံး စကားလုံးပါ။

ဗေဒင်ပညာရပ်တွေမှာ ဆရာ အဓိကနဲ့ စနစ်တကျလေ့လာခဲ့တဲ့ ပညာရပ်တွေက ဘာတွေဖြစ်ပါသလဲ။ နောက်ပြီးတော့ ဘယ်ဆရာတွေ၊ ဘယ်စာအုပ်တွေကနေ အများဆုံး လေ့လာ၊ ဆည်းပူးခဲ့တယ် ဆိုတာကို ပြောပြနိုင်မယ်ဆိုရင် သိရှိပါရစေ။

ကျွန်တော်သင်ဖူးတဲ့ ဆရာတွေကတော့ များပါတယ်။ ဆရာတွေကိုတော့ နာမည် မဖော်ပြချင်တော့ပါဘူး။ ကျွန်တော်ဖော်ပြခဲ့ရင် တစ်ချို့က ကြွားတယ်ထင်မှာ စိုးလို့ကတစ်ကြောင်း၊ ကျွန်တော်ကြောင့် သူတို့နာမည်ကို ထိခိုက်သွားမှာ စိုးလို့ကတစ်ကြောင်းကြောင့် မဖော်ပြတော့ပါဘူး။

သင်ဖူးတာက မြန်မာရိုးရာဗေဒင်၊ နက္ခတ်ဗေဒင်၊ KP ၊ လက္ခဏာ တို့ပဲ သင်ဖူးပါတယ်။ အဲဒီထဲမှာ လက္ခဏာပညာရပ်ကိုတော့ ဆရာနဲ့ သင်ဖူးတာ နည်းပါတယ်။ KP ကတော့ လက်တွေ့ထက် စာတွေ့တွေ ပိုများမယ်ထင်ပါတယ်။ ဖတ်တယ့် စာအုပ်တွေကတော့ အများကြီးပါ။ ပညာကို စနစ်တကျ ရေးသားထားတဲ့ ဘယ်စာအုပ်တွေ မဆို ဖတ်ဖြစ်ပါတယ်။

ဆရာ K ရဲ့ ဘလော့ဂ်မှာ... “ကျွန်တော်တို့ ဗေဒင်လေ့လာသူများ အတွက်ပညာမှန်များကို တွေ့နိုင်ရန်လည်း ရယ်ရွယ်၍...” ဆိုပြီး ရေးထာတာ တွေ့ရပါတယ်။ ဒီတော့ အမှန်၊ အမှားကို ဘယ်လို စံနဲ့ ဆုံးဖြတ်မှာလည်းဆိုတာ သိပါရစေ။ ဒီမေးခွန်းကို ဘာလို့ မေးရလဲဆိုတော့ အွန်လိုင်းက တချို့ ဗေဒင်ပညာရှင်တွေက... “အယူအဆတခုကိုသာ ဗဟုသုတအလို့ ငှာ တင်ပြခြင်း ဖြစ်ပြီး အမှန်အမှားကို ငြင်းခုံနေမှာ မဟုတ်ပါဘူး...” လို့ ဆိုနေကြလို့ပါ။

နောက်ပြီးတော့... “၀ိဝါဒကွဲပြားမှုတွေရှိနေကြပါက ချိန်ခါမရွေး လူချင်းတွေ့ဆုံပြီး ဆွေးနွေးခြင်း အွန်လိုင်းပေါ်မှာ ဆွေးနွေးခြင်းများကို လက်ခံကမ်းလင့်ကြိုဆိုနေပါတယ်...” လို့ ဆိုထားတာ တွေ့ရပါတယ်။ ဒါဆိုရင်ဖြင့်... “ပညာအဆူဆူ၊ ဆရာအဆူဆူမို့ အယူအဆကွဲလွဲခြင်းများ ရှိနိုင်ပါတယ်...” လို့ ဆိုကြတဲ့ အွန်လိုင်းက တချို့ပညာရှင်တွေကို ဆရာ့အနေနဲ့ ဘယ်လိုမျိုး မှတ်ချက်ပေးချင်ပါသလဲဗျာ။

အဲဒီမှာ ကျွန်တော်ပြောချင်တဲ့ ပညာစစ်ပညာမှန်ဆိုတာ မူရင်းကို ပြောချင်တာပါ။ အထူးသဖြင့် မြန်မာရိုးရာဗေဒင်ပေါ့။ နက္ခတ်ဗေဒင် ကတော့ ကျွန်တော်လည်း အိန္ဒိယကို မရောက်ဘူး။ အိန္ဒိယမှာလည်း မသင်ဘူးတော့ ဘယ်သူက မူရင်း၊ ဘယ်သူက နောက်မှ ပေါ်တယ်ဆိုတာ စာအုပ်တွေဖတ်ပြီး သိရုံလောက်ပဲသိတာ။ ဟုတ်မဟုတ်ကို သေသေချာချာ သိတာမဟုတ်ဘူး။

ကျွန်တော် မြန်မာဗေဒင်သင်တော့ သင်ပေးတဲ့ ဆရာတွေက ဘယ်သူကမူရင်း၊ ဘယ်သူကမူကွဲ၊ ဘယ်နည်းက အမှန်များသလဲ၊ မူကွဲတွေနဲ့ ပြဿနာ ဖြစ်လာရင်လည်း ဘယ်မူတွေနဲ့ ဖြေရှင်းရမယ်ဆိုတာကို စနစ်တကျနဲ့ သင်ပေးထားပါတယ်။ သင်ပေးခဲ့တဲ့ ဆရာတွေကိုယ်တိုင် ကလည်း သူတို့ကိုယ်တိုင်က ဗေဒင်ကို ၀ါသနာကြောင့် ဘ၀ တစ်ခုလုံးကို နှစ်မြုပ်ပြီး စနစ်တကျ အပင်ပန်းဆင်းရဲခံပြီး လေ့လာခဲ့တဲ့ သူတွေပါ။

အခုခေတ်မှာတော့ တစ်ချို့က မူရင်းဆရာနဲ့လည်း မသင်ဖူး။ မူရင်းဆရာတွေရဲ့ မှတ်စုတွေကိုပဲရပြီး လေ့လာ၊ သေသေချာချာလည်း နားမလည်၊ ထင်ရာမြင်ရာတွေပြောပြီး ဆန်းသစ်အောင်လုပ်တယ်။ ဆန်းသစ် တီထွင်တယ်လို့ ပြောကြတယ်။ ဆန်းသစ်တီထွင်တာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဆန်းသစ်တဲ့ နည်းက လက်တွေ့မှာ အမှန်များဖို့ လိုတယ်။ လက်တွေမှာလည်း အမှန်မရှိသလောက်ကို တွေ့နေရတယ်။ စနစ်တကျ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဝေဖန်အကြံပြုတော့လည်း သူတို့ဆန်းသစ်တာကို မနာလိုဘူးလို့ ပြောကြတယ်။ တကယ် ဆန်းသစ်တီထွင်လို့ လက်တွေ့မှာ အမှန်များရင်လည်း သွား၍ကန်တော့ပြီးတောင် သင်ချင်ပါတယ်။ (သင်မပေးလည်းကျေနပ်ပါတယ်။) ဒါပေမယ့် လက်တွေ့မှာ မမှန်၊ စာအုပ်ထဲမှာတော့ မှန်လိုက်တာ ဂွပ်ခနဲပဲ။ သူ့ဆရာက ဟောလိုက်၊ သူက ဟောလိုက်နဲ့ ကြားရတဲ့သူတောင် သူတို့ ရှေ့သွားမှာ ကြောက်လာတယ်။ (ဟီး ဟီး ကိုယ့်လျှို့ဝှက်ထားတဲ့ ကိုယ့်အကြောင်းတွေများ ပေါ်သွားမလားလို့။)

ကျွန်တော်တို့က အဲလိုရေးထားတဲ့ ဆရာတွေဆီမှာ လက်တွေ့ကို သွားမေးကြည့်တာ။ ၁ယောက်၊၂ယောက် မေးတာမဟုတ်ဘူး။ အများကြီးမေးတာ။ မေးပြီးတော့လည်း မှတ်တမ်းတွေနဲ့ ထားထားတာ။ ဘယ်နေ့ ဘယ်အချိန်မှာ ဘာအရောင်ဝတ်ပြီး သွားမေးတာလည်းဆိုတာတောင် မှတ်ထားတယ်။ လက်တွေ့ သွားမေးကြည့်တော့ စာအုပ်ထဲမှာ ပြောတာနဲ့ တခြားစီ။ ဂွပ်ခနဲမှန်အောင် လုပ်ဖို့ဆိုရင် သူတွက်တဲ့ စာအုပ်ကြီးနဲ့ ရိုက်မှပဲ မှန်တော့မယ်။ အဲ... အဲဒီမှာတောင် သူဘာနဲ့ တွက်မယ်ဆိုတာ လူတွေသိသွားမှာစိုးလို့လား မသိဘူး။ တွက်နည်းကိုတောင်မပြဘူး။ ကာထားတယ်။

သူတို့စာအုပ်ကို ဖတ်မိတဲ့ သူတွေကတော့ အဟုတ်ကြီးထင်နေလိုက်တာ။ လက်တွေ့ ဘယ်လောက်များ မေးဖူးလို့လဲတော့ မသိပါဘူး။ စာအုပ်ထဲမှာတော့ လူတိုင်းကိုဟောလို့ မှန်နိုင်တာပေါ့ဗျာ။ ကိုအုပ်စိုးလည်း ရေးလို့ရတာပဲ။ ဘယ်သူ့ကို ဘယ်လိုဟောလိုက်တာ မှန်လွန်းလို့ နောက်လာမေးရမှာတောင် ကြောက်သွားတယ်ပေါ့။ ဒါပေမယ့်လက်တွေ့မှာ လာမေးလို့ အဲဒီလို မဟောနိုင်ရင်တော့ ဒါဟာ လိမ်လှည်မှု မြောက်သွားနိုင်တယ်ဗျ။

အဲဒီလိုမျိုး ရေးထားတဲ့ စာအုပ်တွေက ဗေဒင်လောက အတွက်တော့ အဆိပ်အတောက်တွေပဲ။ သူတို့စာအုပ်တွေကတော့ ဗေဒင်လေ့လာတဲ့ သူတွေ အတွက်တော့ ရင်ကို မြားမှန်စေချင်ခြင်းပဲဗျ။ အဲဒီစာအုပ်မျိုးတွေကို ဖတ်၊ တကယ်နားလည် တတ်ကျွမ်းတဲ့ ဆရာနဲ့လည်း ပညာကို စနစ်တကျ မသင်ဘဲ ရမ်းပြောနေတဲ့ သူတွေကတော့ သူတို့အပြစ်ကိုသူတို့ သိတောင်မသိရှာဘူး။ သနားစရာလေးတွေဗျ။

အဲ... အဲဒီမှာ ကျွန်တော် တစ်ခုကိုသွားသတိရတယ်။ ကျွန်တော်တို့ဆီမှာ ဗေဒင်ကို မမေးရရင် မနေနိုင်တယ့် ခေတ်ပညာတတ် ရာထူးရာခံကြီးတဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်။ သူက ကျွန်တော်မမွေးခင် ကနေ အခုထိ နာမည်ကြီးတွေရော နာမည်မကြီးတွေပါ မြန်မာပြည်မှာသူ မမေးဘူးတာ မရှိသလောက်ပဲ ထင်တယ်။ ရောက်တဲ့နေရာမှာ ဗေဒင်ဆရာရှာပြီး ဗေဒင်မေးလေ့ရှိတယ်။ မေးပြီးသမျှကိုလည်း ဖိုင်နဲ့ သပ်သပ်ရပ်ရပ် သိမ်းထားတယ်။ သူက ဗေဒင်တော့မတတ်ဘူး။ ဒါပေမယ့် ဗေဒင်မေးသက် ရင့်လာတော့ အဟောခံရတာနဲ့ ဘယ်နည်းနဲ့ ဟောတာလည်းတော့ သိတယ်ဗျ။

တစ်နေ့ သူကနာမည်ကြီး လက္ခဏာဆရာတစ်ယောက်ရေးတဲ့ ဆောင်းပါးကိုဖတ်ပြီး အဲဒီဆရာကို သွားမေးတယ်။ ဆောင်းပါးထဲမှာ ရေးသားထားတာကတော့ ထုံးစံအတိုင်း ဂွပ်ခနဲ၊ ဂွပ်ခနဲ ဟောလိုက်တာ မေးတယ့်သူက မျက်လုံးလေး ကလယ်ကလယ်နဲ့ပေါ့ စသည်ဖြင့် ဘာညာကွိကွ အရမ်းမှန်အောင် ဟောနိုင်တယ်ဆိုပြီး သူ့ကိုယ်သူ ကြော်ငြာထားတယ်။ အဲဒီတော့ ဗေဒင်မေး ၀ါသနာပါတဲ့ ဦးလေးကြီးက အဲဒီဆောင်းပါးလေးကို ကိုင်ပြီး သူကသွားမေးတာ။ ဟိုရောက်တော့ နာမည်ကြီးဆရာက ဟောလိုက်တာ သူရေးခဲ့တဲ့ ဆောင်းပါးနဲ့ ဘာမှမဆိုင်။ တော်တော်များများက ယေဘုယျ ဟောကိန်းလေးတွေ။ ဒါနဲ့ သူက ဆရာ ကျွန်တော့်ကို ဆရာဆောင်းပါးထဲမှာ ရေးသားထားတယ့် အတိုင်းဟောပေးပါလို့ ပြောတော့ အဲဒီဆရာက “ကျွန်တော်မဟောတတ်ပါဘူးဗျာ။ ကျွန်တော်က ဗေဒင်မဟောခင် ပြဇာတ်ထဲမှာ ပြဇာတ်စာရေးဆရာလုပ်ခဲ့လို့ အခုလည်း ဗေဒင်လာမေးတယ့်သူတွေ စိတ်ဝင်စားလာအောင် မဟုတ်တာကို အဟုတ်လုပ်ပြီး ကြော်ငြာဆောင်းပါး ရေးထားတာ” လို့ ပြောတယ်။ အဲဒီမှာ ဗေဒင်မေးတဲ့ ဦးလေးကြီးက “ကျွန်တော်ဆရာ့ပြဇာတ်လာကြည့်တာ မဟုတ်ဘူး၊ နောက်ဒီလို လိမ်လည်လှည့်ဖျားပြီး ရေးတာလည်း မလုပ်ကောင်းပါဘူး၊ ပညာကို စော်ကားရာရောက်တယ်” လို့ ပြောပြီး ပြန်ထွက်လာတယ်။ ကောင်းရောဗျာ။ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။

အဲဒီလိုမျိုးစာအုပ်တွေ မဂ္ဂဇင်းတွေထဲမှာ ကြီးကြီးကျယ်ကျယ်ရေးပြီး ကိုယ့်ကိုကိုယ် ကြော်ငြာ။ လက်တွေ့မှာ ဘာမှမဟုတ်တဲ့ လူတွေက အများကြီး။ ပြောရင်ပြီးမှာတောင် မဟုတ်ဘူး။ အဲဒီလူတွေရေးတဲ့ ဆောင်းပါးတွေ စာတွေကိုဖတ် အထင်တွေကြီးပြီး အဲဒီလို လိုက်ဟောနေတဲ့ သူတွေကတော့ ဗေဒင်ကိုအခုမှ စတင်လေ့လာပြီးလိုက်စားတဲ့ သူတွေဆို အကြောင်းမဟုတ်ပါဘူး။ နောက်ပိုင်း ကျရင်နားလည်သွားနိုင်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာအောင် လေ့လာပြီးတောင် ဒါကိုမှ မသိတဲ့ သူတွေ အတွက်တော့ အခြေအနေ ဆိုးပါးတယ်။ ဗေဒင်ဗဟုသုတ အင်မတိ အင်မတန် နည်းပါးတဲ့ သူတွေလို့ဆိုရမယ်။ အဲဒီလို လူမျိုးတွေကိုပြောလို့ ရရင်တော့ ကောင်းတာပေါ့။ ပြောလို့မရရင်လည်း သူတို့ထိုက်နဲ့ သူတို့ ကံပဲပေါ့။ ကျန်စစ်သားက စောလူမင်းသွားကယ်သလိုပဲ။ ကယ်လို့ရရင် ကယ်မယ်။ ကယ်လို့မရရင်လည်း ခွေးသေ၀က်သေ သေပေတော့ ဆိုပြီး ပစ်ထားခဲ့ရမှာဘဲ။

ဒါ့အပြင် ဆရာရဲ့ အမှန်တရားခေါင်းစီးအောက်မှာ... “ကျွန်တော်ရေးသားထားသော ပညာရပ်ပိုင်း ဆိုင်ရာများသည် စာအုပ်တအုပ်စ နှစ်အုပ်စ လေ့လာပြီး (နားလည်ချင်ယောင်ဆောင်ပြီး) ရေးသားထားသော စာများမပါပေ ကိုယ်တိုင် ဆရာ့ ဆရာကြီးများထံ နည်းနာခံယူကာ မူပေါင်းမြောက်မြားစွာကို စနစ်တကျ လေ့လာပြီး ရေးသားမှုများဖြစ်ပါသည် ဆရာအထွေထွေ၏ နည်းမူကွဲများကို လေ့လာမှုမရှိပဲ မူကွဲများ ရှိနိုင်ပါသည်ဟု ၀ါးလုံးချီးသုတ်ရမ်းခြင်းသည် ပညာရှင်ဟု ကျွန်တော်မယုံကြည်ပါ...” လို့ ဆိုထားတာ တွေ့ရပါတယ်။ ဒီတော့ အဲလို ဝါးလုံးချီးသုတ်ရမ်းတဲ့ ပညာရှင်တွေကို ဟုတ်၏ မဟုတ်၏၊ မှား၏ မှန်၏ စသည်ဖြင့် ပြန်လည်ထိုးနှက် ရေးသားသွားမှာလား ဆိုတာကိုလည်း သိပါရစေ။

ပြန်လည်ထိုးနှက်သွားမှာလားဆိုတယ့် စကားကိုမပြောပါနဲ့ဗျာ။ မကောင်းပါဘူး။ ပညာလေ့လာတဲ့ သူအချင်းချင်း ပြန်လည်ထိုးနှက်တယ်ဆိုတဲ့ စကားလုံးကိုတော့ မသုံးသင့်ဘူး ထင်ပါတယ်။ ဝေဖန် ဆန်းစစ် အကြံပြု ရေးသား မလားလို့ သုံးရင်ကောင်းမယ်ထင်တယ်။ ဝေဖန် ဆန်းစစ် အကြံပြုမယ် ဆိုရင်လည်း စနစ်တကျ လေ့လာဆည်းပူး သင်ယူသူ အချင်းချင်း ပြောရင် ပိုကောင်းပါတယ်။ စနစ်တကျ မသင်ဖူးသူတွေနဲ့ သွားပြောရင် ငါ့စကားနွားရ ပြောမယ့်သူတွေ အများကြီးဗျ။ သူတို့က စနစ်တကျမှ မသင်ဖူးတာ။ သွားပြောမိတဲ့ သူကိုတောင် သူတို့လောက် မသိဘူးလို့တောင် ဆိုနိုင်သေး။

နောက် ကျွန်တော်က ကိုယ့်လမ်းကိုယ်လျှောက်မှာပါ။ ကျွန်တော့်ဆရာပြောနေကျ စကားနဲ့ပြောရရင်တော့ မှောင်မဲလွန်းတယ့် ညအခါမှာ ဘာမှမမြင်ရလို့ အလင်းရောင်ရအောင် မီးတုတ်ကိုင်ပြီး ကိုယ့်လမ်း ကိုယ်လျှောက်တာ မီးတုတ်အလင်းရောင်ကြောင့် ဘေးနားပတ်ဝန်းကျင်မှာ မကောင်းမှုတွေလုပ်နေတာ ပေါ်သွားရင်တောင် ကျွန်တော့်နဲ့တော့ ဘာမှမဆိုင်ပါဘူးလို့ သဘောထားမှာပါ။ ကျွန်တော်ကတော့ ကိုယ်လမ်းကိုယ်လျှောက်တာဘဲ။ သူတို့ဘာသာ မကောင်းမှုလုပ်နေလို့ ပေါ်သွားတာ။

နောက်ဆုံးအနေနဲ့ မေးချင်တာက... မြန်မာ့ပညာရပ်တွေ စနစ်တကျ တိုးတက်ဖို့၊ ဖြစ်တည်လာဖို့ ဆရာ့အနေနဲ့၊ ဆရာ့ဘလော့ဂ်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍတွေကနေ ပါဝင်ရွက်ဆောင်သွားမယ် ဆိုတာကို သိရှိပါရစေ။

မြန်မာဗေဒင်တိုးတက်ဖို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတယ့်မေးခွန်းလေးကတော့ ကျွန်တော့်အတွက် အင်မတန်မြင့်မားပါတယ်ဗျာ။ ကျွန်တော်က အဲဒီလောက်ကို မတတ်ပါဘူး။ ကျွန်တော့်ကို ကျွန်တော်တောင် ဘာကောင်မှန်းမသိပါဘူး။ သိတာလေးဆိုတော့လည်း စနစ်တကျ သင်ထားတာလေးပဲ ရှိပါတယ်။ မြန်မာဗေဒင်နဲ့ ပက်သက်ပြီး သိချင်တာ၊ လေ့လာလိုက်စားချင်တဲ့ သူတွေရှိလို့ မေးခဲ့မယ်ဆိုရင်လည်း ကျွန်တော်သိသလောက် နားလည်သလောက်တော့ ပြောပါနိုင်ပါတယ်။ ဒါပေမယ့်လည်း ကြိုပြောထားမယ်ဗျ ကိုယ့်ကိုကိုယ် ဘာကောင်မှန်းတော့ မသိဘူးနော်။

ဆရာ့ကို ဆက်သွယ်ချင်ရင် ဘယ်လိပ်စာကနေ ဘယ်လိုဆက်သွယ်ရင်ဖြင့် အဆင်ပြေမယ် ဆိုတာကိုလည်း သိပါရစေ။ ကျေးဇူးတင်ပါတယ်။

ကျွန်တော်ကို ဆက်သွယ်ချင်ရင် ကျွန်တော့်ရေးသားထားတယ့် “ကျွန်တော်နဲ့ရည်ရွယ်ချက်” ဆိုတဲ့ ဆောင်းပါးလေမှာ ကျွန်တော် gmail ပါပါတယ်။ ဒါပေမယ့်သေချာကြည့်မှ ကျွန်တော်တောင် ပြန်မြင်တာပါ။ ဒါကြောင့်ဒီမှာပဲ ရေးပေးလိုက်မယ်။

magician.kha@gmail.com က ကျွန်တော့် mail ပါ။

ဗေဒင်ကိုစနစ်တကျ လေ့လာလိုက်စားတယ့် သူတွေအားလုံး မင်္ဂလာပါဗျာ။
ကျန်းမာ၊ချမ်းသာ ပျော်ရွှင်နိုင်ပါစေလို့ ပြောချင်ပါတယ်ဗျာ။

7 comments:

  1. ယောင်္ကျားတွေပဲဗျာ..။ ဒဲ့ပဲ ပြောမယ်။ ရိုးရိုးသားသား ကိုယ့်ဆီ အားကိုးတကြီးနဲ့ ဗေဒင်လာမေးသူက ဒါမူရင်းနည်းစနစ်နဲ့ ဟောတာလား၊ မူမှန်နည်းစနစ်နဲ့ ဟောတာလား ဆိုတာ ပြန်လျှာရှည်တတ်သလား....။ မူရင်းမူမှန်နဲ့ ဟောလို့ မှားတာနဲ့ ရေဘဝဲက ဟောလို့ မှန်တာနဲ့ ဘာကွာသလဲ မသိပါ....။ ကျွန်တော်သိတာကတော့ ဗေဒင်လာမေးသူ၊ တိုင်ပင်ဆွေးနွေး အကြံတောင်းသူအတွက် ကိုယ်တတ်စွမ်းသမျှ ပညာနဲ့ ဖြူစင်ရိုးသားစွာ အကြံပြုပေးလိုက်တာပါပဲ။ ကိုယ်လည်း တတ်သလောက် ဟောတယ်။ သူလည်း မှန်လို့ ၊ အဆင်ပြေလို့ ကျေနပ်တယ်။ ဒီမှာတင် ပွဲက ပြီးပါပြီ။ အဲဒါကိုမှ ကြားကနေ မကျေမနပ် ဖြစ်နေရင်တော့ နေရင်းထိုင်ရင်း အကုသိုလ်ပွားတာပါပဲ။ တကယ်လို့များ ပညာစစ်စစ်ကို အားလုံးတတ်စေချင်ရဲ့ ဆိုရင် K အနေနဲ့ ကိုယ်သိထား တတ်ထားတာကို တစ်ပတ် တစ်ပုဒ်လောက် ဘလော့ဂ်ပေါ်တင် ရေးပြပါလား။ ဒါဆို အားလုံးက လေးစားမှုအပြည့်နဲ့ ကျေးဇူးတင်မိမှာပါ။ ယင်နဲ့ယန်ကိုမှ နားမလည်ဘဲ ဗေဒင်သင်နေရင် ဗေဒင်ဟောနေရင် ပြောရင်းသာ ပျံတော်မူပါလိမ့်မယ်။

    ReplyDelete
  2. ကိုအုပ်ရေ ဒါလေးကိုကွန်မန့်မှာ ရေးပေးပါ။ ဒီမှာတင်လို့မရလို့ပါ

    5:24 PM k: k :
    ပညာကို ကိုရန်ဂန်းက ရေဘ၀ဲနဲ့နှိုင်းတာ စိတ်မကောင်းစရာဗျာ။ အမှန်ဆိုပညာတောင် မသင်တင့်တော့ဘူး။ အကြားအမြင်ရအောင်ပဲ တရားထိုင်ရတော့မယ်ထင်တယ်။ ကျွန်တော်ပြောချင်တာကိုလည်း နားမလည်ဘူးဖြစ်နေတယ်။ ကျွန်တော်ပြောတာအမှန်ကိုပြောတာပါ။ ကိုမီးတိုင်နဲ့ကိုယ်လျှောက်တာပါ။ ဒါပေမယ့်ဘာဖြစ်လို့လဲ မသိပါဘူး။ ကိုရန်ဂန်းပြောတယ့် ယင်နဲ့ယန် မှာ ကျွန်တော် သိတာက ယင်ကောင်နဲ့ ကိုရန်ဂန်းကိုဘဲသိပါတယ် ကိုရန်ဂန်းရေ။

    အဲဒီရေဘဝဲကလည်း မှန်လွန်းလို့ဗျာ။ ဒါပေမယ့်
    လူမဟုတ်လို့။ လူဖြစ်ပြီး ပညာကို စနစ်တကျတတ်ရင် ကျွန်တော်က သွားကန်တော့ပြီး သင်ပေးရင်တောင် သင်မှာ။ စနစ်တကျ မတတ်ဘဲ ရမ်းပြောရင်တော့ အဲရေဘဝဲလည်း နောက်တစ်ခါ အင်တာဗျူးထဲမှာ ရမ်းပြောရမ်းမှန်လို့ ပြောမှာ..

    ပညာဆိုတာ သင်ပေးလို့ ရတယ်။ အကြားအမြင်တို့၊ သူပြောမှ မှန်တယ်၊ ကိုယ်ပြောရင် မရဘူး ဆိုတာတွေက ပါရမီလို့ ဖြစ်လာတယ်
    သင်ပေးလို့မှ မရတာ ဘယ်လို ပညာလို့ ခေါ်မလဲ။ အဲဒါတွေကိုမှ အထင်ကြီးပြီး ပညာလို့ပြောရင်တော့ မပြောတတ်ဘူး.

    မုန်းသူမရှိ၊ ရန်သူမရှိ
    k

    ReplyDelete
  3. ကိုယ့်မီးတိုင်နဲ့ ကိုယ်သွားရင် သူများ မီးတိုင်တွေကို အတုကြီးကွ၊ မူရင်း မဟုတ်ဘူးကွလို့ လက်ညိုးမထိုးပါနဲ့တော့ဗျာ။ သူ့ဖာသာ စစ်စစ်၊ တုတု သောက်ဂရုစိုက်စရာ မလိုပါဘူး။ ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့်ထမင်းကိုယ်စားရုံပါပဲ။

    တကယ်လို့ ကိုယ့်ဆီမှာ တကယ့်သမိုင်းစဉ်ဆက် ပညာစစ် ရှိတယ်ဆိုရင် အဲဒီပညာနဲ့ လူတွေကို အကျိုးပြုကြပါ။ ဝမ်းသာပါတယ်။ အားလည်းပေးပါတယ်။ လက်ခုပ်လည်း တီးပါတယ်။ ပညာနည်းပါး သကောင့်သား ကျွန်တော်ကို မျှဝေသည် ဖြစ်စေ၊ ဒိုင်လျှိုထားသည် ဖြစ်စေ ကိစ္စ မရှိပါဘူး။

    တကယ်လို့ မူရင်းမူမှန်တွေ မသိ၊ မတတ်လို့ ဗေဒင်ဟောမစားကြနဲ့ဟေ့ ဆိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းက ဗေဒင်ဆရာတော်တော်များများ ထမင်းငတ်ကုန်ပါလိမ့်မယ်။ သူတို့လည်း ကိုယ်သိထားတဲ့ ပညာစစ်တွေ သိပါစေ၊ တတ်ပါစေဆိုရင်တော့ ကျမ်းပြု၊ ပညာဝေ လုပ်ကြပါ။ ကျေးဇူးအများကြီး တင်မိမှာပါ။ ရှားပါးအဖိုးတန်လို့ ဖြစ်စေ၊ ပညာမျှဝေရမှာ နှမျောရင် ဖြစ်စေ၊ ကိုယ့်ပညာ သူများနာမည်ခံ လုပ်စားမှာ စိုးလို့ ဖြစ်စေ မတင်ပြ၊ မဖြန့်ဖြူးဘဲ နေနိုင်ပါတယ်။


    ဒီအတွက်လည်း ကျွန်တော်တို့လို စာအုပ်အားကိုး၊ အတွေ့အကြုံ အားကိုး သာမညောင်ည ဝါသနာရှင်တွေက စိတ်မကောင်း ဖြစ်နေမှာ မဟုတ်ပါဘူး။ (မှတ်ချက် ပြောရရင် ဆရာဒဂုန်၊ ဆရာဦးမောင်မောင်ကြည်တို့လည်း ကျွန်တော့်ရဲ့ မြင်ဆရာတွေပါပဲ )


    ဒါပေမယ့် ကိုယ့်ရှိတာလေးနဲ့ ကျေနပ်ရောင့်ရဲ ဟောပြောကြရမှာပါပဲ။ ခင်ဗျားက ဘယ်လို ဖြစ်နေလဲဆိုတော့ ကိုယ်သိတာကို သူများ သင်ပေးဖို့ကျ ဝန်လေးတယ်။ သူများက သိတာလေးနဲ့ လုပ်ကိုင်စားသောက်နေတာကျတော့ ငါ့လောက် မသိ၊ ငါ့လောက် မတတ်၊ င့ါလို မသင်ဖူးဘူး။ ပညာတုကြီး အင်ကြီး ဆိုပြီး ပြစ်တင်တယ်။ ကိုယ်သူ့ထက် တော်တယ်၊ တတ်တယ်ဆို လုပ်ပြလိုက်စမ်းပါ။ ကဲပါဗျာ.. စကားတွေ ပြောရတာလည်း ရှည်ပါတယ်။ ဒီတော့ ဒီမှာတင် ရပ်လိုက်တယ်။ ထပ်ပြီး မှတ်ချက် မပေးလိုတော့ဘူး။ ကိုယ့်လမ်း ကိုယ်လျှောက်ကြတာပေါ့ဗျာ။ လေးဖြူသီချင်းထဲကအတိုင်း လမ်းချင်းတော့ လာမထိနဲ့ မငြိနဲ့ပေါ့ဗျာ။

    ReplyDelete
  4. k: အင်း
    ဗေဒင်ကို ဘယ်သူကမှ ဗွီတို အာဏာနဲ့ ပိတ်ပင်ထားလို့ မရဘူး။ ကြိုက်တာနဲ့ ဟောလို့ရပါတယ်။ ခင်ဗျား ဘာသာ နံကြားထောက် ဟောလို့မှန်တယ် ဆိုရင်လည်း ရပါတယ်။ ဒာရူးတောင် သွားမေးလို့ရတယ် မှန်ရင်ပြီးရောဆို။ ဒါပေမယ့် စနစ်တကျ လေ့လာမယ်သူဆိုရင် ပညာဟာ စည်းနဲ့ကမ်းနဲ့ ရှိပါတယ်။ ပြောချင်တိုင်းပြော ဟောချင်တိုင်းဟောလို့ မရပါဘူး။ မှားရင်တောင် ပညာနဲ့ဘဲမှားရမယ်။ နည်းစနစ်မရှိဘဲ ရမ်းပြောရမ်းမှန် ဖြစ်တာကိုအထင်ကြီးရင်တော့ ဒေ၀ဒတ်ကို ဆရာတင်သလိုဖြစ်နေမှာပေါ့။

    ပညာနဲ့ ပတ်သက်လို့တော့ ပေးချင်တာပေါ့ဗျာ။ ဒါပေမယ့် ပညာကိုရသွားရင် ကိုယ်ကတီထွင်တာလို့ လုပ်နေတယ့်လူတွေက များနေလို့ ချင့်ချိန်နေရတာ။ ပေးတယ့်သူတောင် သူ့လောက်မသိ သူ့လောက်မတတ် လုပ်တာကိုတွေ့နေရတာကိုး။ အထောက်အထား တွေနဲ့တောင်ပြချင်သေး။

    ခင်ဗျားက လက်တွေ့ဗေဒင် လောကထဲမှာ သေချာ မကျင်လည်ဖူးလို့လား မသိဘူး ဗေဒင်လောက အကြောင်းကို မသိဘူးထင်တယ်။ ဆရာသမားကြီးတစ်ယောက်ရဲ့ စကားကို ငှားပြောရရင် ကိုယ်နှစ်ပေါင်းမြောက်မြားစွာ လေ့လာခဲ့တယ့် အတွေ့အကြုံကို ပေးရတာ ထန်းလျှက်လှေနဲ့ ကျောက်ခဲလှေ လဲပေါက်သလိုပဲ တဲ့ဗျာ။ ခင်ဗျားပြောတတ်တယ့် စကားကို ငှားပြောရရင် ပညာအသွယ်သွယ်ကို ရင်မှာသာ ကွယ်ဖျောက်ထားတာပါ။ တမင်တကာ ဖယ်တာတော့ မဟုတ်ပါ။ ဥာဏ်တူရင် ယူပေတော့လို့သာ ပြောတော့မယ်။

    ခင်ဗျားကိုယ်တိုင် ကျွန်တော်ကို အထင်ကြီးရင်တော့မသိ။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်တတ်ကြောင်းလည်း မပြော၊ သူများကို အတုလည်းမပြော ခဲ့ဖူးပါဘူး။ ကျွန်တော့်ကို ကျွန်တော်တောင် ဘာကောင်မှန်းမသိလို့ဘဲ ရေးခဲ့ပါတယ်။ ခင်ဗျား ဘယ်လိုတွေးလဲတော့ ကျွန်တော်မသိဘူး။

    တစ်ခုတော့ပြောမယ်ကျွန်တော့် မီးတိုင်ကြောင့် ဘေးနားက ခင်ဗျားလုပ်တာကို တွေ့သွားတယ်လို့ ခင်ဗျားယူဆလည်း ခင်ဗျားဆန္ဒပါ။
    စေတနာကို နားမလည်ရင် ကျန်စစ်သားနဲ့ စောလူးမင်းလိုပေါ့ဗျာ။

    စကားမစပ် တစ်ခုပြောချင်တယ်ဗျာ။ ကိုယ့်မြန်မာပြည်မှာလည်း ကောင်းတယ့်ပညာတွေအများကြီးပါ။ ခင်ဗျား အမေကျော်ပြီး ဒွေးတော် လွမ်းတာတော့ မကောင်းဘူး ထင်တယ်။

    မုန်းသူမရှိ၊ ရန်သူမရှိ
    k

    ReplyDelete
  5. ဗေဒင်ဆရာတယောက် ထပ်ပေါ်လာပြီလား။ ဟီးဟီး။ ဗေဒင်မေးရတော့မှာပေါ့ စောစောစီးစီး ပြောတာဟုတ်ဘူး ကိုအုပ်စိုးတို့။ နောက်ထပ် ဗေဒင်မေးဖို့ တယောက်တိုးလာပြီဆိုတော့ ကောင်းတယ်။
    မိုးသူ

    ReplyDelete
  6. ဗေဒင်တင် မဟုတ်ဘူးဗျ။ ယတြာပါ တောင်းလို့ရမယ်ထင်တယ်။ မေးကြည့်ပေါ့ဗျာ။ နောက်တချိန် အွန်လိုင်းက ဗေဒင်ဆရာတွေကို မှန်မမှန် စစ်တမ်းယူမယ်ဆိုရင် ခင်ဗျားပဲ အားကိုးရမှာ... သေချာအောင်သာ မေးထားပေတော့ဗျို့... :)

    ReplyDelete
  7. ဗေဒင်ကို ပညာရပ်တစ်ခုအနေနဲ့ လေးစားစရာကောင်းတယ်လို့ မှတ်ယူထားပါတယ်၊ လူတစ်ရောက်အနေနဲ့ “ဗေဒင်” ဆိုတဲ့ စကားလုံးကို မြင်ရင် အတည်ပဲဖြစ်ဖြစ်၊ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အပျော်ပဲဖြစ်ဖြစ် မေးတတ်ကြသည်မှာ ကျွှန်တော်မမွှေးခင်ကတည်းက လို့ထင်ပါတယ်၊ သို့ပေမယ့် ဧည့်သည်တစ်ယောက်အနေနဲ့ ၀င်ကြည့်လိုက်တဲ့ အချိန်မှာ သိချင်တာပဲ သိရသိရ၊ ဗဟုသုတပဲရရ၊ စိတ်အပန်းပဲ ပြေပြေ၊ စာရေးသားသူရင်မှာ ၀မ်းသာကြည်နူးမိမယ်ထင်ပါသည်၊ အခုတော့ “စောင့်မျှော် ရှုစား ကြိုးဝိုင်းစကား” လို့ပြောရမလား၊ စိတ်မကောင်းစရာပါ ။ နောက်ပြီးတော့ ပညာကိုတန်ဖိုးထားလို့ “ပညာမာန်တက်ရင်” ပညာသားပါဖို့တော့လိုပါလိမ့်မယ်၊။ ရည်ရွယ်ချက်ကောင်းစွာနဲ့ ဘလောက် တင်တယ်ပြောပြော၊ ၀ါသနာအရပဲလုပ်လုပ်၊ စီးပွါးရေပဲလုပ်လုပ် မြန်မာ့ဗေဒင်ဆရာတွေ ၁၀ စုနှစ် အတွင်းမှာ online ပေါ် ရောက်လာတာကို ၀မ်းပန်းတသာ ကြိုဆိုလျှက်ပါ။ အချင်းချင်း သင့်သင့်မြတ်မြတ်နဲ့ ဆိုရင်ပိုကောင်မယ်လို့ထင်ပါတယ်။ အလည်လာရင်း အားပေးသွားပါတယ်။

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။