Sunday, May 9, 2010

မာလင်ရဲ့ တားရော့



ဒီနေ့ပဲ လက်ဆောင်ရပါတယ်။ Merlin Tarot လို့ အမည်ရပါတယ်။ လက်ဆောင်ပေးတဲ့လူက ကျွန်တော်နဲ့ အစ်မလို ခင်ရတဲ့ ဘလော့ဂါ မဆုမွန်ပါ။ သူတို့တွေကို လမ်းကြုံရင် တွက်ပေးလေ့ ရှိတာကြောင့် ဒီတစ်ခေါက် ကျွန်တော်တို့ မြို့ကို အလည်လာတဲ့အခါမှာ လက်ဆောင်ဝယ်ပေးခဲ့တာပါ။ ဖဲထုပ်တွေ အများကြီး ရှိနေတာတောင် အသစ်တစ်ထုပ်ရတာ အင်မတန်မှ ပျော်ရွှင်ကြည်နူးရပါတယ်။ သူဝယ်ပြီး လက်ဆောင်ပေးမယ် ပြောတော့လည်း အလွယ်တကူပဲ ခေါင်းငြိမ့်လိုက်ပါတယ်။ ဒီအပျော်တွေကို မျှဝေချင်လို့ပါ (ဒေါ်မိုးသူ မနာလိုဖြစ်စေရန် မဟုတ်ပါ)

ပေးတဲ့လူအကြောင်း မိတ်ဆက်ပြီးပြီ ဆိုတော့ ဖဲထုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တားရော့တွေကို အရူးအမူး ခင်တွယ်တဲ့ ကိုချမ်းမြေ့ဦး ကတော့ သဘောကျချင်မှ ကျပါမယ်။ မေဂျာကတ် ၂၂ ချပ်စလုံးကို နံပါတ်တွေ အကုန်ပြောင်းထားပါတယ်။ တစ်ချပ်မှ မကိုက်ပါဘူး။ ကတ်တွေရဲ့ အစီအစဉ်ကတော့ ဒီအတိုင်း ဖြစ်ပါတယ်။ (ဆြာခြမ်းရေ... လန်ထွက်လို့ ဒန်ခွက်နဲ့ ခေါက်သင့်တယ် ဆိုတာ ဒါမျိုးဖြစ်မယ်...)

1. The Moon
2. The Sun
3. The Star
4. Fortune
5. Justice
6. Judgement
7. The Fool
8. The Magician
9. The Chariot
10. The Guardian (Devil)
11. The Tower
12. Death
13. The Hanged Man
14. The Hermit
15. The Innocent (Hierophant)
16. Temperance
17. The Emperor
18. Strength
19. The Empress
20. The Lovers
21. The Priestess
22. The Universe (World)




အထက်ကလို မေဂျာကတ်တွေရဲ့ အစီအစဉ်တွေကို အကုန်လုံးပြောင်းပစ်တာကို ဖဲထုပ်ကို ထွင်တဲ့ R. J. Stewart က သူ့ရဲ့ အညွှန်းစာအုပ်လေးမှာ ကောင်းစွာ ရှင်းပြထားပါတယ်။ ဒီကတ်တွေရဲ့ အစီအစဉ်ဟာ မာလင်ရဲ့ ဘဝဖြစ်စဉ်နဲ့အတူ စကြဝဠာကြီးအပေါ် မြင်တဲ့ သူ့ရဲ့ အမြင်တွေအပေါ် အခြေခံထားတာပါ။ အရမ်းကာရော၊ စိတ်ထင်သလို ပြောင်းထားတာ မဟုတ်ပါဘူး။ (ခုလိုကျတော့လည်း ဒန်ခွက်ကို ပြန်သိမ်းထားရ တော့မယ်)

ဖဲထုပ်ထဲမှာ ကတ်ပြား အချပ် ၈၀ ပါပါတယ်။ အပို ၂ ချပ်က ဗေဒင်ဟောတဲ့အခါ အလွယ်တကူ လျှင်မြန်စွာ Reference လုပ်နိုင်ဖို့ ထည့်ပေးထားတဲ့ ကတ်တွေပါ။ 22 Paths of Tree of Life ပုံစံကို အနည်းငယ် ပြောင်းလဲထားတာလို့ ထင်ပါတယ်။

မေဂျာကတ်တွေ ပြီးတော့ မိုင်နာကတ်တွေကို ပြောပြချင်ပါတယ်။ “တုတ်၊ ခွက်၊ ဓါး၊ ဒင်္ဂါး” ဆိုတဲ့ သင်္ကေတတွေ တစ်ခုမှ မပါပါဘူး။ အဲဒီနေရာမှာ ဘာတွေ ဖြစ်လာသလဲဆိုတော့... “မြွေနဂါး၊ ငါး၊ ငှက်၊ သားရဲကောင်” စတာတွေ ဖြစ်လာပါတယ်။ ဒီတော့ သင်္ကေတလေးခုဟာ “Serpent, Fish, Bird, Beast” ဆိုပြီး ဖြစ်လာပါတော့တယ်။



ဒီလိုပြောင်းလဲရခြင်းကို ကျွန်တော် နားလည်တာက... ခွက်ဆိုတာ ရေဓာတ်ကို ကိုယ်စားပြုတာပါ။ ဒီတော့ ငါးအဖြစ်နဲ့ သူပြောင်းလိုက်တာလို့ ထင်ပါတယ်။ ဓါး ဆိုတာက လေဓာတ်ကို ကိုယ်စားပြုလေတော့... ငှက်ကို သူပြောင်းလိုက်တာ ဖြစ်ပါလိမ့်မယ်။ အလားတူပါပဲ မြေဓာတ်နဲ့ မီးဓာတ်ကို ကိုယ်စားပြုတဲ့ တုတ်နဲ့ ဒင်္ဂါးသင်္ကေတကို သားရဲကောင်နဲ့ မြွေနဂါးအဖြစ် ပြောင်းလိုက်တာ ဖြစ်ပါလိမ့်မယ်။ မိုင်နာကတ်တွေမှာ ရုပ်ပုံတွေမပါဘဲ သာမန်ကစားစရာ ဖဲချပ်လို ဖန်တီးထားပြီးတော့ ကတ်ပြားနာမည်တွေအစား Loss, Conflict စတဲ့ ကတ်တွေရဲ့ Key Words တွေကို ဖော်ပြထားပါတယ်။ ဒီတော့ အခက်အခဲ သိပ်မရှိဘဲ ဟောနိုင်မယ်လို့ ယူဆရပါတယ်။

ပါကင်ထုပ်ထားတဲ့ ဗူးထဲမှာ... ဖဲထုပ်တစ်ထုပ်ရယ် အညွှန်းစာအုပ် တစ်အုပ်ရယ်၊ ဂျာနယ်မှတ်စု စာအုပ် တစ်အုပ်ရယ် ပါပါတယ်။ အညွန်းစာအုပ်က တော်တော်လေး ပြည့်ပြည့်စုံစုံရှိပါတယ်။ ကတ်အဓိပ္ပာယ် (Divinatory Meaning) တွေတင်မကပါဘူး၊ မိတ်ဘက် မေဂျာကတ် (Partner Trumps) ဂြိုဟ်ခွင်နဲ့ ပတ်သက်တာ (Sphere & Planet) သက်ဆိုင်ရာ နတ်ဘုရားတွေ (God & Goddess Form) သက်ဆိုင်ရာ နံပါတ်တွေ (Related Number Cards) စတာတွေ အပြင် မူရင်း မာလင်ကျမ်းစာထဲက (Merlin Text) တွေပါ ထည့်ပေးထားပါတယ်။



ပြောချင်တာတွေ ပြောပြီးပါပြီ။ ကြွားချင်တာလည်း ကြွားပြီးပါပြီ။ အပျော်တွေကို ခံစားမိမယ်လို့လည်း ထင်ပါတယ်။ အခုလောလောဆယ်တော့ ဒီစာအုပ်ကို လေ့လာနေဆဲ ဖြစ်ပါတယ်။ အချိန်ယူရမှာ ဖြစ်ပါတယ်။

ဖဲထုပ်အသစ်တစ်ထုပ် ရလာတာဟာ ရင်သွေးလေး တစ်ယောက် မွေးစားလိုက်သလိုပါပဲ။ လက်ပွန်းတသီးနဲ့ သေချာ ဂရုတစိုက်ကိုင်တွယ်ပြီး ကိုယ့်ရဲ့ အသွေးအသား၊ နှလုံးသားတွေနဲ့ အသားကျအောင် လုပ်ယူရတာပါ။ ခုရေတွင်းတူ ခုရေကြည်သောက် လုပ်လို့ မရတာ အမှန်ပါ။ ဒါကလည်း ကျွန်တော့် ခံယူချက်ပါ။ “ရတယ်” ဆိုတဲ့ လူတွေလည်း ရှိချင် ရှိပါလိမ့်မယ်။ ယုံကြည်ချက် တစ်ခုစီနဲ့ ရှေ့ကိုသွားနေတဲ့ နေရာမှာ အမှန်တရားဟာ နှိုင်းရဖြစ်သွားပါလိမ့်မယ်။ ငြင်းခုန်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အတွေ့အကြုံနဲ့ ခံစားချက်၊ ခံယူချက်တွေပေါ်လိုက်ပြီး မှန်ကန်တိကျမှုကတော့ ကွဲပြားချင် ကွဲပြားပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

1 comment:

  1. ကိုဟန်သစ်ရေ

    အစ်ကိုနဲ့ မာလင်နဲ့ကတော့ တစ်သားတည်းဖြစ်နေပြီဗျ။ အစ်ကိုကျနော့်ကို မာလင်တားရော့နဲ့ ဟောလိုက်တာတွေ အားလုံးမှန်ပါတယ်ဗျာ။ ကျနော်ထင်မထားတဲ့ Job offer ရတာရော။ အဲဒီ job ကို ကျနော် စိတ်မဝင်စားဘူးဆိုတာရော။ အစ်ကို့နဲ့ မာလင်တားရော့ကိုတော့ အရမ်းလေးစားသွားပြီဗျာ။ ကျနော်မြန်မာပြည်မပြန်ခင်လေး တစ်ခေါက်လောက် ဟောပေးပါဦးနော်။ :)

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။