Monday, May 25, 2009

သူငယ်ချင်းတစ်ယောက်နဲ့ စကားများမလို ဖြစ်နေတာ

ကျနော် သူငယ်ချင်းတစ်ယောက်နဲ့ စကားများမလိုဖြစ်နေတယ်။ သူကကျနော့်ကို တွေ့ရင်ရှင်းမယ်ဆိုပြီး ဒီပြင့်သူငယ်ချင်းတစ်ယောက်က တဆင့်ပြောတာကို ကြားရတယ်။ သူနဲ့ ဖုန်းပြောတဲ့အခါမှာလည်း တောတော်ဒေါသထွက်နေတာကို တွေ့ရပါတယ်။ အဲဒါ သူနဲ့ သွားမတွေ့ရဲဘူးဖြစ်နေတယ်။ ဒါပေမယ့်လည်း သွားတွေ့ရမှာဖြစ်နေပြန်တယ်။ ဒါကြောင့် သွားတွေ့ရင် ဘယ်လိုမျိုး ဆက်ဖြစ်မလဲ ဆိုတာ သိချင်ပါတယ်။

လေးစားစွာဖြင့်
ကိုအောင်သိန်း

မတွေ့ရဲတဲ့သူကို သွားတွေ့ရမယ့် ကိုအောင်သိန်းရဲ့ အဖြစ်က လမိုက်ညမှာ သင်္ချိုင်းနား ဖြတ်လျှောက်ရသလိုပဲ နေမှာနော်... အဲဒီတော့ အဲလို `သွားတွေ့ရင် ဘယ်လိုမျိုးဖြစ်မလဲ´ ဆိုတဲ့ ကိုအောင်သိန်းရဲ့ အမေးကိုဖြေဖို့ လီနော်မန်ကတ်ပြား သုံးကတ်ကို ဆွဲထုတ်ကြည့်လိုက်ပါတယ်။ အောက်ကအတိုင်း ကျလာပါတယ်။


Fox + Child + Scythe


အကြမ်းအားဖြင့် တစ်ချပ်ခြင်း အဓိပ္ပာယ်ကောက်ယူရရင်ဖြင့် Fox ဆိုတဲ့ မြေခွေးကတ်ပြားဟာ လိမ်လည်မှု၊ လှည့်ဖြားမှု၊ လျှို့ဝှက်ကြံစည်မှု စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီ မြေခွေးကတ်ဟာ မကောင်းတဲ့ အဓိပ္ပာယ်များပေမယ့် အကောင်းဘက်ကတွေးရင်တော့ အကြံကောင်းတွေကို ရုတ်ချည်း ရိပ်မိသွားတာကိုလည်း ပြဆိုပါတယ်။ Child ဆိုတဲ့ ကလေးမလေး ကတ်ပြားကတော့ မရင့်ကျက်မှု၊ အစပျိုးမှု၊ အံ့သြစရာ၊ အမျိုးသမီးပြိုင်ဘက် စတာတွေနဲ့ အဓိက သက်ဆိုင်နေပါတယ်။ Scythe ဆိုတဲ့ တံစဉ်ကတ်ပြားကတော့ အန္တရာယ်ရှိခြင်း၊ ပြတ်စဲခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီကတ်ကျတဲ့အခါ စိုးရိမ်ရသဖြင့် မိမိအိမ်မှာပဲနေထိုင်တာ အကောင်းဆုံးဖြစ်ပါတယ်လို့ အကြံပေးပါရစေ။

ကတ်ပြားတွေကို အတွဲကောက်ရရင်တော့ မြေခွေး+ ကလေး အတွဲဟာ လိမ်လည်လှည့်ဖြားမှုတစ်ခု အစပျိုးလာတယ်လို့ ပြောလို့ရနိုင်သလို အဲဒီကိစ္စဟာ ကိုအောင်သိန်းထက် အသက်ငယ်တဲ့ အမျိုးသမီး ပြိုင်ဘက်တစ်ယောက်နဲ့ ပတ်သက်နေတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ကတ်ပြားထဲက ပုံတွေအရ ကလေးမလေးက ထွက်သွားတဲ့ မြေခွေးနောက်ကို လိုက်ပြီး ပန်းစည်းပေးနေတဲ့အတွက် အမျိုးသမီးတစ်ဦး လိမ်လည်မှုနောက်ကို လိုက်အဖြေရှာနေတယ်လို့လည်း ကောက်ချက်ယူနိုင်ပါတယ်။ နောက်ပြီးတော့ တစ်ခုပြဆိုတာက ခင်ဗျားတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အလွန်ပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြတယ်။ မိသားစုကို ပိုဦးစားပေးနေတယ် ဆိုတာမျိုး ပြတတ်တယ်။ ကလေးကတ်ပြားနဲ့ တံစဉ်ကတ်ပြား အတွဲက ပြဆိုတာကတော့ ခွဲခွာပြတ်စဲမှု တစ်ခုစတင်ဖြစ်လာနိုင်သလို အဲဒီလို ပြတ်တောက်သွားမှုဟာ သိပ်မပြင်းထန်ပဲ အသေးအမွှားလောက်ပဲ ဖြစ်လိမ့်မယ်လို့လည်း ဆိုလိုတာပါ။ ဒီပုံအရ ကလေးမလေးက တံစဉ်ကို ကျောခိုင်းနေတဲ့အတွက် ပြင်းပြင်းထန်ထန် အငြင်းပွား ပြတ်တောက်မှုအထိတော့ သူမက ဖြစ်စေမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဒီတော့ ကိုအောင်သိန်းရဲ့ မေးခွန်းကို အနှစ်ချုပ်ပြန်ဖြေရရင်တော့ ကိုအောင်သိန်း စကားများမလို ဖြစ်တာဟာ လိမ်လည်မှုကြောင့်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်နေပါတယ်။ ပြီးတော့ တွေ့ဆုံရတဲ့အခါ ထိခိုက်အန္တရာယ် ရရှိနိုင်ပါတယ်။ တတ်နိုင်ရင်တော့ အဲဒီလူနဲ့ မတွေ့ပါနဲ့ လို့ အကြံပေးချင်ပါတယ်။ ဒါပေမယ့် မတတ်သာလို့ တွေ့ဆုံဖြစ်ခဲ့ရင် အစွန်းရောက်တဲ့ စကားတွေ ရန်ဖြစ်စေမယ့် စကားတွေကို ရှောင်ပါ။ မျှမျှတတ ပြောဆိုဆက်ဆံမယ်ဆိုရင် လုံးဝ ပြတ်စဲမုန်းတီးသွားတဲ့အထိ ရောက်မသွားနိုင်ဘူးလို့ ထင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်...
အုပ်စိုး

++++++++++++

ကိုအောင်သိန်းရှင့်...
တားရော့နဲ့ ကို အောင်သိန်းရဲ့ အခြေအနေကို အလတ်တလောကြည့်မယ်ဆိုရင်...


7 of Swords + 10 of Wands + 6 of Cups

ပထမ ကဒ်ကတော့ .. 7 of Swords - ရှေ့ တမျိုးနောက်တမျိုးနဲ့ .. မျက်နှာ နှစ်မျိုးရှိသူ လို့ ယေဘုယျ ယူဆပါတယ်. အဲ့ဒီတော့ .. ကိုအောင်သိန်းရဲ့ သူငယ်ချင်းက .. ကိုအောင်သိန်းကို ရှေ့ တမျိုးနောက်တမျိုး ဆက်ဆံတတ်သူလို့ မြင်နေပါတယ်.

နောက်က လိုက်လာတဲ့ ဒုတိယ ကဒ်ကတော့... 10 of Wands ဖြစ်ပါတယ်။ တာဝန်တွေ မနိုင်မနင်းနဲ့ အလုပ်ရှုပ်ရပါလိမ့်မယ်... သူများကို အခမဲ့ကူညီသလိုမျိုး Volunteer အလုပ်မျိုးဖြစ်နိုင်ပါမယ်။ ကိုအောင်သိန်း မေးတဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီးဟောရရင် အဲ့ဒီသူငယ်ချင်း ကိစ္စနဲ့ တော်တော် အလုပ်များရပါလိမ့်မယ်။

နောက်ဆုံးကဒ် 6 of Cups ကတော့ .. ကိုအောင်သိန်းအတွက် lucky card လို့ ပြောရ ပါမယ်. သူငယ်ချင်းနဲ့ တွေ့ပြီး ပျော်ရွင်ကြည်နူးခြင်း အကူအညီရခြင်း ကိုဖော်ပြပါတယ်။

ခြုံငုံပြီး အဖြေထုတ်ရရင်တော့ ... အခုလောလောဆယ်တော့ ရှေ့ တမျိုးနောက်တမျိုး ဆက်ဆံတတ်သူလို့ ထင်နေပေမယ့်.. နောက်တော့ သူ့ ကိစ္စနဲ့ ခင်များအလုပ်များရပါမယ်.. နောက်ဆုံးမှာတော့ ပျော်ရွင်ခြင်း အကူအညီရခြင်းတွေ ခင်များခံစားရပါလိမ့်မယ်။ မပူပါနဲ့ .. အဆင်ပြေပါလိမ့်မယ်။

မေတ္တာဖြင့်...
မိုးသူ

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။