Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာ

(ဒီပုံကို http://demonmisty.blogspot.com/ မှ ကူးယူ အသုံးပြုပါသည်။)

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့…
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ…
တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်…
တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား…
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်…
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံ့ ရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု…
မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏…
လောကတွင် မိခင်၏ ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

(ဒေါ်အောင်ဆန်းစုကြည်)

ခင်တဲ့ သူငယ်ချင်းတွေက တိုက်တွန်းတာရယ်... ကျွန်ုပ်တို့ ကိုယ်တိုင်ကလည်း ဘာဖြစ်လာမလဲဆိုပြီး သိချင်စိတ်တွေရယ်နဲ့ ရိုးသားမှု အရင်းခံပြီး ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ပါသည်။

ပထမဆုံး အန်တီစုရဲ့ လတ်တလောကံကြမ္မာ ဘယ်လိုတွေဖြစ်နေသလဲ ဆိုတာကို ၃ ချပ်ဆွဲနည်းနဲ့ အရင်ဆုံး တွက်ကြည့်တဲ့အခါ အောက်ပါအတိုင်း လီနော်မန်ကတ်တွေ ကျလာပါတယ်။


Scythe + Bear + Cloud

ပထမဆုံး တစ်ချပ်ခြင်းအဟောတွေကို ကြည့်မယ်ဆိုရင်...

Scythe ဆိုတဲ့ တံစဉ်ကတ်ပြားက ပြတ်စဲခြင်း၊ ထိခိုက်ဒဏ်ရာရရှိနိုင်ခြင်း၊ ဘေးအန္တရာယ်ရှိခြင်းတွေကို ပြတာပါ။ ပြီးတော့ ဒီကတ်ပြားက အန်တီစုဟာ ပြဿနာတွေ၊ Stress တွေ၊ အိပ်ရေးပျက်တာတွေနဲ့ ရင်ဆိုင်နေရတာကို ဆိုလိုပါတယ်။ အဘက်ဘက်မှ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီကတ်မှာပါတဲ့ Jack of Diamonds ဆိုတာကတော့ စိတ်မြန်တဲ့အပြင် တစ်ဘက်သား ထိသွားအောင်၊ နာအောင် ပြောတတ်တဲ့ လူကို ကိုယ်စားပြုပါတယ်။

Bear ဆိုတဲ့ ၀က်ဝံကတ်ပြားကတော့ ကိုယ့်ခွန်အား၊ ကိုယ့်စိတ်ဓာတ်အပေါ် ယုံကြည်မှု၊ သူတစ်ပါးအပေါ် လွှမ်းမိုးနိုင်မှု စတာတွေကို ပြသတာပါ။ ကျန်းမာရေးအရ စိတ်ပျက်တာ စိတ်ပူပန်ရတာတွေကြောင့် ကိုယ့်စိတ်ကိုယ် ကိုပြန်ထူထောင်နေတဲ့အချိန်ကို ပြသပါတယ်။ ဒီမှာပါတဲ့ Ten of Clubs ဆိုတာဟာ နောက်ဆုံးစာမေးပွဲကြီး ဖြေနေရတဲ့အနေအထားမျိုးကို ပြဆိုပါတယ်။ (Ten ဆိုတာ ဂဏန်းပါတဲ့ ဖဲချပ်တွေထဲက နောက်ဆုံးအချပ်ကို ကိုယ်စားပြုရတဲ့ အတွက်ဖြစ်ပြီး Clubs ကတော့ အလုပ်အကိုင် အကြံအစည် စတာတွေကို ကိုယ်စားပြုလို့ပါပဲ)

Cloud ဆိုတဲ့ မိုးတိမ်ကတ်ပြားကတော့ မရှင်းလင်းခြင်း၊ စိမ်ခေါ်မှုများ၊ အခက်အခဲ အတားအဆီးများရှိခြင်း၊ အနှောက်အယှက်ရှိခြင်း စတာတွေကို ပြသတာပါ။ ဒါကြောင့် အခုအချိန်ဟာ အနားယူသင့်တဲ့အချိန်၊ စောင့်ဆိုင်းနေသင့်တဲ့ အချိန်လို့ ဆိုလိုပါတယ်။ ဒီမှာပါနေတဲ့ King of Clubs ကတော့ အဆိုးမြင်တတ်တဲ့ လူကို ကိုယ်စားပြုနေပါတယ်။

အတွဲကတ်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ Scythe + Bear အတွဲက အန်တီစုဟာ စိတ်မြန်တဲ့အပြင် ထိခိုက်အန္တရာယ်နဲ့ စိုးရိမ်ရဖွယ်ရှိသော်လည်း မိမိစိတ်ကို တင်းထားပြီး ယုံကြည်ချက်နဲ့ ဆက်လက် အသက်ဆက်နေတာကို ပြဆိုပါတယ်။

Bear + Cloud ဆိုတဲ့ ကတ်ပြားတွေက ပြဆိုတာကတော့ အန်တီစုဟာ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ချက်အပြည့်နဲ့ ရပ်တည်လုပ်ကိုင်နေပေမယ့် အခက်အခဲအတားဆီးတွေ မရေရာ မသေချာမှုတွေ ရှိနေတာကို ပြဆိုနေပါတယ်။

ဒီသုံးချပ်တွဲကို အနှစ်ချုပ်ပြောရရင်တော့ စိတ်ဓာတ်ပြင်းထန်ခိုင်မာတဲ့ အန်တီစုဟာ နောက်ဆုံး အရေးကြီးတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ ကြုံတွေ့ စစ်ဆေးခံနေရပြီး လုပ်ကိုင်သမျှတွေဟာလည်း အခက်အခဲ အတားအဆီးတွေနဲ့သာ ကြုံတွေ့နေရတယ်ဆိုတာကို ပြသနေပါတယ်။ ဒါ့အပြင် ဘေးအန္တရာယ်လည်း ကြုံတွေ့နိုင်ပြီး အဘက်ဘက်က စိုးရိမ်ရတဲ့ အနေအထားမှာရှိလို့ ဒီအချိန်မှာ စိတ်ရောကိုယ်ပါ အနားယူသင့်တာကို ပြသနေပါတယ်။

ဆက်လက်ပြီး အန်တီစုရဲ့ အနာဂတ်ကံကြမ္မာကို အသေးစိတ်သိဖို့အတွက် Pine Tree Spread ဆိုပြီး ကတ်ပြား ၁၂ ချပ်ပါတဲ့ ထင်းရှုးပင်ပုံ ဖြန့်ကျက်နည်းနဲ့ အောက်ပါအတိုင်း လီနော်မန်ကတ်တွေကို ခင်းကြည့်ပါတယ်။



What Crowns
Fox

Unexpected
Child + Bouquet

Expected.............Near Future
Rider + Scythe .........Cross + Lady

Present...........................................Future
Sun + Dog .............................Clover + Coffin

Summary
Birds

ပထမဆုံး Present Situation လောလောဆယ် အခြေအနေကို ကြည့်တဲ့အခါ Sun + Dog ကတ်ပြားက ကောင်းမွန်တဲ့ အခြေအနေကို ပြဆိုပါတယ်။ လောလောဆယ် အန်တီစုမှာ အားထားယုံကြည်လောက်တဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ရှိနေတာကို ပြသနေပါတယ်။

Expected Card တွေအနေနဲ့ ကျတဲ့ Rider + Scythe က ဆိုလိုတာဟာ အန်တီစု မျှော်လင့်တာက မကောင်းတဲ့သတင်းတွေ ဆိုးတဲ့အခြေအနေတွေကို ကြားရလာလိမ့်မယ် ဆိုတာပါပဲ။

Unexpected Card တွေက Child + Bouquet ဆိုတဲ့ ကတ်ပြားတွေပါ။ ဒီတော့ အန်တီစု မမျှော်လင့်တာအနေနဲ့ သူမပတ်ဝန်းကျင်မှာရှိတဲ့ တချို့သော အခြေအနေတွေ၊ သူမကို ကမ်းလှမ်းလာတဲ့ ကိစ္စတွေကို အမြင်သစ် အတွေးသစ်နဲ့ ရှုမြင်ဖို့ ဖြစ်ပြီး အဲဒါတွေကို အပြုသဘောကျကျ လက်ခံနိုင်ဖို့ပါပဲ။

Near Future မှာ ကျတဲ့ Cross + Lady ကတ်တွေအရ အန်တီစုဟာ စစ်ဆေးမေးမြန်းမှုတွေ၊ စမ်းသပ်မှုတွေနဲ့ ကြုံတွေ့ရမှာကို ပြဆိုပါတယ်။ ကံကြမ္မာရဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတာကိုလည်း ပြဆိုပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ခက်ခက်ခဲခဲနဲ့ အောင်မြင်မှု ရမယ်လို့ The Cross ကတ်က ဆိုလိုပါတယ်။

Future မှာ ကျတဲ့ Clover + Coffin ကတ်တွေအရ ဘယ်လောက်ပဲ ဆိုးတဲ့၊ စိမ်ခေါ်နေတဲ့ အခြေအနေဖြစ်ပါစေ အဆုံးသတ်ရောက်ဖို့ နီးစပ်လာပြီဟု ဆိုလိုတာပါ။

ဒီဟာတွေ အားလုံးအပေါ်ကို လွှမ်းမိုးနေတဲ့ Crown ကတ်ကတော့ Fox ဆိုတဲ့ကတ်ပါ။ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ လူတွေရဲ့ လိမ်လည်ကောက်ကျစ်မှုတွေ၊ မရိုးသားမှုတွေ၊ အကောက်ကြံစည်မှုတွေကို ပြဆိုနေတာပါ။

အဲဒါတွေအားလုံးရဲ့ အချုပ် Summary ကတ်ကတော့ Birds ဆိုတဲ့ ကတ်ပါ။ ယာယီ အခက်အခဲ၊ ၀မ်းနည်း ပူဆွေး၊ စိတ်ပူပန်မှုတွေကို ပြဆိုတာ ဖြစ်ပါတယ်။

ဒီဖြန့်ကျက်မှုကို အနှစ်ချုပ်ပြောရရင် အန်တီစုဟာ လက်ရှိမှာ ကူညီမယ့် မိတ်ဆွေကောင်းတွေ ရှိနေပြီး အခြေအနေ အဆိုးဆုံးအထိကို သူမ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သူမ မျှော်လင့်မထားတဲ့ ကမ်းလှမ်းလာမယ့် အခွင့်အလမ်းတွေ ရှိနေမှာဖြစ်ပြီး သိပ်မကြာခင်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အခက်အခဲတွေ ကြားထဲကပဲ အောင်မြင်သွားမယ်လို့ ယူဆနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း မရိုးသားတဲ့ အကောက်ကြံမှုတွေသာ ကြီးစိုးနေပေမယ့် အခုရင်ဆိုင်နေရတဲ့ ဒုက္ခတွေဟာ ယာယီသာဖြစ်ပြီး သိပ်မကြာခင်မှာ အဆုံးသတ်တော့မယ် ဆိုတာကို ပြောလိုက်ပါရစေ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်...
အုပ်စိုး

++++++++++++++

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာကို တွက်စစ်ဖို့ တားရော့ ၃ကတ်ဆွဲနည်းနဲ့ လေ့လာကြည့်ပါတယ်။


4 of Cups + Queen of Swords + Ace of Cups

4 of Cups ကဒ်က အလိုဆန္ဒ မပြည့်ဝခြင်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းခြင်း မဖြစ်နိုင်သည်ကို မျှော်လင့်မိခြင်း၊ အတိတ် ကိုကြည့်ရင် မဖြစ်နိုင်တာကို မျှော်လင့် မိနေတဲ့ သဘော စတာတွေကိုပြသပါတယ်... ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ တိုက်ပွဲလိုဖြစ်နေပါတယ်.. နောက်တစ်မျိုးကတော့ အခွင့်အရေးတစုံတရာ ပေါ်လာတဲ့ အခြေအနေလို့ လည်း ယူဆလို့ ရပါတယ်ဆိုတာပါ။

Queen of Swords ကတော့ အထီးကျန်ခြင်း နှလုံးသားခံစားချက်များကို မြိုသိပ်ထားခြင်း ရည်းစားပျက် အိမ်ထောက်ပျက် ဖြစ်တတ်ခြင်း ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းနေရခြင်း စတာတွေကို ပြသပါတယ်။ ဒီကဒ်ရဲ့ အဓိပ္ပါယ်ကို လွယ်လွယ်ကောက်ရရင်တော့... သူမဟာ အထီးကျန်ခြင်းနဲ့အတူ နှလုံးသားခံစားချက်တွေကို မြိုသိပ်ထားရင်း နဲ့ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်း ကို ဖော်ပြနေပါတယ်။

Ace of Cups ကဒ်ကတော့ စိတ်ချမ်းသာမှု အပြည့်အ၀ ရရှိခြင်း ၊ ပေါများ ကြွယ်ဝခြင်း ချစ်ခင်ပေါင်းသင်းဆက်ဆံမှု အစပျိုးခြင်း စတာတွေကို ပြသပါတယ်။ တကယ်တမ်းဆို ဒီကဒ် ကတော့ Result လို့ ပြောလို့ ရတဲ့ကဒ်ပါပဲ ။ စိတ်ချမ်းသာခြင်း ပေါများကြွယ်ဝခြင်း ချစ်ခင်ပေါင်းသင်းမှု အစပျိုးခြင်း စတာတွက ပြဆိုတာကိုကြည့်ရင်ဖြင့်... အန်တီစု အင်းစိန် ထောင်ကို မ၀င်ရဘဲ သူ့ အိမ်ကို ပြန်ရမယ့် အနေအထားမျိုး ဖြစ်စေမယ့် အခြေအနေ အသစ်တရပ်ပေါ်ပေါက်ပါလိမ့်မယ်.. သို့မဟုတ် သဘော တူညီမှုတခု ရမယ် .. သို့တည်းမဟုတ် မျှော်လင့်ချက် တရပ်ပေါ်လာပါလိမ့်မယ်လို့ ကောက်ယူနိုင်ပါတယ်။

အနှစ်ချုပ်အနေဖြင့် ဘယ်လိုအခြေအနေမျိုး ဖြစ်လာမလဲဆိုတာ အတိအကျမပြောနိုင်သော်လည်း အရင်အခြေအနေဟောင်းကို ပြန်သွားတော့မယ်မဟုတ်ဘူးလို့ ကောက်ချက်ချပါရေစေ။ ကောင်းသော အခြေအနေ အသစ်ဟာ အန်တီစုအတွက် အလွယ်တကူ ပေါ်လာမှာဖြစ်ပြီး အဲ့ဒီ အခြေအနေဟာလည်း လျှပ်စစ်လို လျှင်မြန်တဲ့ အရှိန်နဲ့ လာနေပါတယ်... သို့ မဟုတ်… ရေထဲက ဘွားခဲနဲ ပေါ်သလို ရုတ်ချည်း ပေါ်လာတဲ့အခြေအနေ ဖြစ်ပါလိမ့်မယ်လို့ ကောက်ချက်ပြုပါရစေ။

မေတ္တာဖြင့်...
မိုးသူ

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။