Tuesday, June 2, 2009

ချစ်သူဟောင်း၏ အမြင်သစ်

ကျမကို ချစ်သူအဟောင်းက ဘယ်လိုများ ရှေ့လျှောက် အနာဂတ်မှာ ဆက်ဆံမှာလဲ... ဘယ်လို သဘောထားပြီး ဘယ်လို တုန့်ပြန်မလဲ သိလို ပါတယ်... သိလိုပါတယ်.. အခု လက်ရှိမှာတော့ အဆက်အဆံ လုံးဝ မရှိပါ... သို့ သော် မလွဲမရှောင်သာ ထပ်မံ ဆုံတွေ့ ပတ်သတ်ရရင် သူ့ ဘက်က ဆိုးဆိုးဝါးဝါး ပြောဆိုဆက်ဆံတာ အမြင်မကြည်လင်တာတွေများ ရှိမှာလား သိချင်ပါတယ်... ပြေပြေလည်လည် မိတ်ဆွေများလို ဆက်ဆံနိုင်ဖို့ မျှော်လင့်နေပါတယ်။

လေးစားစွာဖြင့်
မသီတာအေး


မသီတာအေးရှင်...
မသီတာအေးရဲ့ မေးခွန်းကိုဖြေရာမှာ ထူးထူးခြားခြား 3 ကဒ်စလုံးက မေဂျာကဒ်တွေ ပေါ်ထွက်လာပါတယ်။


The Hierophant + The Star + Judgement

The Hierophant - သူတော်ကောင်း တရား၊ ပညာ၊ အသိ၊ အတွင်းလူ
ဒီကတ်က ဆိုလိုတာဟာ မသီတာအေးရဲ့ ချစ်သူအဟောင်းက သူတော်ကောင်းတရား၊ ပညာ၊ အသိ စတာတွေနဲ့ ပတ်သက်ပြီး မသီတာကို အတွင်းလူ (သို့) လူရင်းလို့ သတ်မှတ်လိမ့်မယ် ထင်ပါတယ်။ သို့မဟုတ် သူ့ဆီမှာ အဲလို စိတ်သဘောထား ရှိနေတာဖြစ်နိုင်ပါတယ်။

The Star - အောင်မြင်မှု ၊ မျှော်လင့်ချက် ၊ မေတ္တာ ငြိမ်းချမ်းရေး
ဒါကြောင့် ဒီကတ်က ဆိုလိုတာဟာ မေတ္တာတရား ငြိမ်းချမ်းရေး စတာတွေ မသီတာအေး မျှော်လင့်တဲ့အတိုင်း အောင်မြင်ပါလိမ့်မယ် ဆိုတာပါပဲ။

Judgement - ကိုယ်ပြုသမျှ ကိုယ်ပြန်ရ ၊ အကြံအစည်သစ် ၊ ပြန်လည်ဖြစ်ပေါ်တိုးတက်ခြင်း
နောက်ဆုံး ကဒ်က တော့ အဆက်အဆံ ပျက်နေတာတွေ ပြန်လည်ဖြစ်ပေါ်တိုး တက်မှာကို မျှော်လင့်ထားပါ သို့မဟုတ် တိုးတက်ပါလိမ့်မယ် ဆိုတာကို ပြဆိုတာပါ။ ဒါ့အပြင် အကြံအစည် အသစ်တွေ အခြေအနေအသစ်တွေ ပေါက်ပေါက် ပါလိမ့်မယ်။

ခြုံပြောရရင်တော့ 3 ကဒ် လုံးကတော့ အကောင်းကို ရည်ညွန်းပါတယ်။ ဒီတော့ နောက်ဆက်တွဲ ဘာကြောင့် ဆိုတဲ့ မေးခွန်း အတွက် နောက်ထပ် ကဒ်ပြားတစ်ခု ဆွဲကြည့်ပါတယ်။ အဲဒီအခါမှာတော့...

8 of Wands

8 of Wands - ခတ်ခဲကြန့်ကြာမှုများ ပြီးဆုံးခြင်း၊ အကျိုးအမြတ်နဲ့၊ သတင်းစကား၊ ခရီး စတာတွေကို ဆိုလိုပါတယ်။ ဒါကြောင့် အပေါ်က အကျိုးကတ်ပြား ၃ ချပ်က ဒီ 8 of Wands ကဒ်ပြားရဲ့ အကြောင်းကနေ အခြေခံလာပါတယ်လို့ ဆိုတာပါပဲ။

ကိုအုပ်စိုးရဲ့အဟောနဲ့ ထပ်မံ တိုက်ဆိုင် ကြည့်ဖို့ အကြံပြုပါတယ်။ ကျမ ကတော့ မသီတာအေး ဆန္ဒပြည့်ဝမယ်.. ပြန်လည် သင့်မြတ်မယ်လို့ ယူဆပါတယ်။

မေတ္တာဖြင့်...
မိုးသူ

+++++++++++++

အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည် ဖြစ်ချင်နေတဲ့ မသီတာအေးရဲ့ အမေးကိုဖြေဖို့ Horse-shoe Spread ဆိုတဲ့ လီနော်မန်ကတ်ပြား ၇ ချပ်ဆွဲပြီး စစ်ဆေးကြည့်ပါတယ်။ ကျလာတဲ့ ကတ်ပြားတွေကတော့...


Past = Ship
Present = Gentleman
Near Future = Sun
Outcome = Fish
Surrounding = Bouquet
Attitude = Tower
Answer = Stars

တစ်ကတ်ခြင်းဆီ ပြောရရင်ဖြင့်...

၁) Ship ဆိုတဲ့ သင်္ဘောကတ်ပြားအရ အတိတ်မှာခင်ဗျားတို့ ဖြစ်ခဲ့တာကို သူက မေ့မေ့လျော့လျော့ ယူဆနေပုံရှိပါတယ်။ အင်္ဂလိပ်စကားတစ်ခု ရှိပါတယ်။ 'like ships that pass in the night' တဲ့။ ညဘက်ဖြတ်သွားတဲ့ သင်္ဘောတွေလိုပဲ တွေ့ခဲ့ရတာ ဖြတ်ခနဲပေါ့။ မြန်မာလို ဆီလျော်အောင် ပြန်ရရင် တွေ့ဆုံကြုံကွဲ ဘ၀ဓမ္မတာပါပဲ။ အဲဒီသဘောမျိုး သူက ခံယူခဲ့လိုက်ပါတယ်။

၂) Gentleman ဆိုတဲ့ လူကြီးလူကောင်း ကတ်ပြားဟာ အခု လောလောဆယ်မှာ သူဆီမှာ ယောက်ျားတစ်ယောက်ရဲ့ မာနမျိုးရှိနေ ဖြစ်နေတာကို ပြသပါတယ်။ ဒီကတ်က ခင်ဗျားချစ်သူကို ကိုယ်စားပြုတာပါ။ ဒါကြောင့် လောလောဆယ်မှာ သူဟာ သူ့ကိုယ်သူ ပိုအလေးထားနေတာကို ပြသတာပါ။

၃) Sun ဆိုတဲ့ နေမင်း ကတ်ပြားက ကောင်းတဲ့အဓိပ္ပာယ်ပါ။ မဝေးတော့တဲ့ အနာဂတ်မှာ ခင်ဗျားအပေါ် သူအမြင်တွေ ကြည်လင်လာမှာကိုပြသနေပါတယ်။ ခင်ဗျားအပေါ်ကို အပြုသဘောနဲ့ ပြန်လည်ဆက်ဆံလာမယ်လို့လည်း ယူဆလို့ ရပါတယ်။

၎) Fish ဆိုတဲ့ ငါး ကတ်ပြားကတော့ ငွေနဲ့ သက်ဆိုင်တာပါ။ ငွေဝင်မယ်၊ စီးပွားကောင်းမယ်၊ လာဘ်ရွှင်မယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် သူနဲ့ ပတ်သက်ပြီး ခင်ဗျား ပိုက်ဆံရကိန်း ငွေဝင်ကိန်းတွေ ရှိနေပါတယ်လို့ ပြောပါရစေ။

၅) ပတ်ဝန်းကျင်ကို ကိုယ်စားပြုတဲ့ Bouquet ဆိုတဲ့ ပန်းစည်းကတ်ပြားက ခင်ဗျားကို သူပတ်ဝန်းကျင်၊ အသိမိတ်ဆွေတွေကနေ ပြန်လည် ဆက်သွယ် စကားပြောမယ်ဆိုတာကို ပြဆိုပါတယ်။ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုကြောင့် ခင်ဗျားပြန်လည် ဆက်သွယ်မယ်လို့လည်း အဓိပ္ပာယ်ကောက်နိုင်ပါတယ်။

၆) Tower ဆိုတဲ့ ကင်းမျှော်စင် ကတ်ကတော့ သူရဲ့ စိတ်သဘောထားအမြင်ပါ။ ဒီကတ်ဟာ မူရင်းအဟောအတိုင်း အဓိပ္ပာယ်ကောက်ရရင် တရားရုံး၊ အစိုးရငှာန စတာတွေနဲ့ သက်ဆိုင်ပါတယ်။ နောက်တစ်ခုကတော့ အထီးကျန်ဆန်ခြင်း၊ ဖယ်ခွာခံရခြင်း စတာတွေကို ပြဆိုပါတယ်။ ဒီတော့ သူဟာ ခင်ဗျား ရုံးရောက်ဂတ်ရောက် ဆောင်ရွက်လာမှာကို တွေးနေတယ်လို့ ယူဆနိုင်သလို၊ ခင်ဗျားမရှိလို့ အထီးကျန်ဆန်နေတာကိုလည်း ပြဆိုနိုင်ပါတယ်။

၇) Starts ဆိုတဲ့ ကြယ်ကတ်ပြားက ကောင်းတဲ့ကတ်ပါ။ နာမည်တက်ခြင်း၊ ကျော်စောခြင်း၊ စိတ်သက်သာရာရခြင်းတွေကို ပြဆိုပါတယ်။ ဒါကြောင့် ကောင်းတဲ့ဆက်ဆံမှုတွေ သူ့ဆီက လာမယ်လို့ ယူဆလို့ရပါတယ်။

အားလုံးကို အနှစ်ချုပ်ပြောရရင် သူဟာ အတိတ်မှာဖြစ်ခဲ့တာတွေကို သင်ပုန်းချေပြီး ခင်ဗျားဆီကို ကောင်းတဲ့အမြင်၊ အပြုသဘောဆန်တဲ့ လူကြီးလူကောင်းပီသတဲ့ ဆက်ဆံမှုတွေနဲ့ လာရောက်ကမ်းလှမ်း ဆက်ဆံမယ်လို့ ယူဆနိုင်ပါတယ် ခင်ဗျာ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်...
အုပ်စိုး

1 comment:

  1. ညီမ က မဟေမာ ဦးပါ အကို..
    ညီမ အခု စင်ကာပူမှာအလုပ်ရှာနေပါတယ်.
    အခုထိအခက်အခဲတွေနဲ.အလုပ်မရဘဲ ရှိနေပါသေးတယ်။
    ညီမအလုပ်နဲ.ပါတ်သက်ပြီးကံ ကြမာဘယ်လို ရှိလဲဆိုတာလေးသိချင်လို.ပါ။

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။