Wednesday, September 29, 2010

တားရော့နှင့် သူ၏ ရုပ်ပုံများ (၃)



(Source: http://hermetic.com/crowley/equinox/)

တကယ်တမ်း ဒီဆောင်းပါးအခန်းဆက်တွေကို တာဝန်ယူရေးတာက မမိုးသူပါ။ ကျွန်တော်က သူဘာသာပြန်ထားတာကို နှမ်းဖြူးသဘော ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပုံတွေ ရှာထည့်၊ ဆွဲထည့် ပေးတာပဲ လုပ်ခဲ့တာပါ။ ခု သူက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အင်မတန်မှ အလုပ်များလေတော့ ဒီဆောင်းပါး အဆက်ကို ကျွန်တော်ကပဲ ကြိုးစားပြီး ဘာသာပြန် တင်ဆက်ပေးတာပါ။ တားရော့ရဲ့ သင်္ကေတတွေက A ကနေ Z အထိ စဉ်လိုက်မယ် ဆိုရင်ဖြင့် အတော်လေး များလေတာကြောင့် အခန်းတော်တော်များများ ဆက်ပြီး ရေးရဦးမှာဖြစ်ပါတယ်။ ဒီကြားထဲ မမိုးသူ အဆင်ပြေတဲ့အခါ သူပဲ ဆက်လက်လို့ ရေးသားပါလိမ့်မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

+ + + + + + +

Brick Wall



အုတ်နံရံ (Brick Wall) သင်္ကေတကို The Sun ဆိုတဲ့ နေမင်းကတ်ပြားမှာ တွေ့နိုင်ပါတယ်။ အုတ်နံရံဟာ မိမိဘာသာ တွန့်ဆုတ်မှုတွေ ဖြစ်စေမှာဖြစ်တဲ့အပြင် အပြုသဘောဆောင်တဲ့ အခြေအနေတွေကနေ တားဆီးခြင်းခံရတာကို ပြဆိုတဲ့ သင်္ကေတပါ။ ဒီလိုဖြစ်ရတာဟာ မမှန်ကန်တဲ့ အဆိုးမြင်တဲ့ စဉ်းစားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ တားရော့မှာ ဒီသင်္ကေတ ကျလာခြင်းအရ ကျွန်ုပ်တို့ဟာ ကောင်းမွန်ခြင်းတရားတွေ (နေမင်းရဲ့ စွမ်းအားတွေ) ကျွန်ုပ်တို့အပေါ် တောက်ပထွန်းလင်းဖို့ အတွက် ခွင့်ပြုရမှာကို ဆိုလိုပါတယ်။ ဒီသင်္ကေတက နောက်ထပ် ပြဆိုတာက ကျွန်ုပ်တို့ဘာသာ တွန့်ဆုတ်မှုတွေ ပြတ်တောက်မှုတွေ မဖြစ်လာအောင် နေထိုင်သင့်တယ်လို့လည်း ဆိုလိုပါတယ်။

တားရော့မှာပါဝင်တဲ့ အုတ်နံရံ သင်္ကေတဟာ စည်းစနစ်ကျမှု၊ အချိန်နှင့်အမျှ တိုးတက် ဖြစ်တည်လာမှုတွေကို ရည်ညွှန်းပါတယ်။

အုတ်နံရံရဲ့ တည်ဆောက်ပုံက အခြားအဆောက်အဦတွေနဲ့ မတူတာကြောင့် အုတ်နံရံ (Brick Wall) ပါတဲ့ ကတ်ဟာ တခြား နံရံ (Wall) တွေ၊ အကာအရံ (Division) စတဲ့ ကတ်တွေနဲ့လည်း အလိုလို ကွဲပြားပြီးသား ဖြစ်ပါတယ်။

အုတ်နံရံရဲ့ သရုပ်သကန်ကို ပြဆိုတဲ့ ဆိုရိုးတစ်ခုက... “အုတ်တစ်ချပ်ချင်းစီဖြင့် ကျွန်ုပ်တို့ ခံတပ်တည်မည်၊ Brick by brick we build our fortress” ဖြစ်လေသည်။ ဒီသဘောအရ အုတ်နံရံဟာ တိုးတက်မှုကို ပြဆိုတဲ့ သင်္ကေတ ဖြစ်ပါမယ်။

တကယ်လို့ သင့်ရဲ့ အာရုံမှာ ဒီအုတ်နံရံသင်္ကေတ ကျလာခဲ့ရင် သင် (သို့) ဗေဒင်မေးသူရဲ့ နှလုံးသားနဲ့ စိတ်စွမ်းအင်ဆိုင်ရာတွေမှာ ရှိတဲ့ ကာကွယ်တားဆီးခြင်းနဲ့ ဆိုင်တဲ့ ရွက်ဆောင်မှုတွေကို ပြဆိုတာ ဖြစ်ပါတယ်။

အပြုသဘော ကောက်ယူမယ်ဆိုရင် တားရော့မှာ ရှိတဲ့ အုတ်နံရံ သင်္ကေတဟာ တိုးတက်မှုကို ပြဆိုတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘဝမှာ ဂုဏ်သိက္ခာ၊ ယုံကြည်ချက်၊ ဆင့်ကဲဖြစ်စဉ် တွေ ထူထောင်တည့်မတ် လာတာကိုလည်း ပြဆိုပါတယ်။ ကျွန်ုပ်တို့ရဲ့ အလုပ်အကိုင်၊ မိသားစု၊ ငွေကြေး ကိစ္စတွေမှာ အင်ပါယာသစ် ထူထောင်နိုင်ခြင်း ကိုလည်း ညွှန်းဆိုပါတယ်။

တားရော့မှာ ရှိတဲ့ အုတ်နံရံကတ်နဲ့ သက်ဆိုင်တဲ့ အကြံပြုချက်တွေကတော့...

  • တိုးတက်မှု (Progress)
  • ဖွံ့ဖြိုးမှု (Development)
  • သွက်လက်ထက်မြက်မှု (Enterprise)
  • အတားအဆီး (Barrier)
  • အပိတ်အဆို့ (Blockage)
  • တည်ငြိမ်မှု (Stability)
  • နယ်နိမိတ် (Border)
  • အကန့်အသတ် (Limit)
  • တိုးမြှင့်တည်ဆောက်ခြင်း (Building Upward)
  • ကြီးရင့်လာခြင်း (Escalation)
  • အကာအကွယ် (Protection)

ဒါကြောင့် အုတ်နံရံကတ်အတွက် ဘယ်ဖွင့်ဆိုချက်ကို သင်ရွေးခြယ် ဟောကြားရမယ် ဆိုတာကတော့ သင့်ရဲ့ အာရုံမှာ ဖြစ်တည်လာတာနဲ့ ပတ်ဝန်းကျင်က ဖြန့်ကျက်မှုမှာ ရှိတဲ့ ကတ်တွေအပေါ် မူတည်နေမှာပါ။

ဘဝရဲ့ အရိပ်ဆိုးကြီးထဲမှာ အချိန်အတော်ကြာ ခံစားနေရတဲ့ ဗေဒင်မေးသူတစ်ယောက်ကို ဟောကြားလို့ နေမင်းကတ် ကျလာတယ် ဆိုပါတော့။ အဲဒီအခါမှာ အုတ်နံရံကတ်က ဗေဒင်မေးသူဟာ အလွန်အမင်း သိမ်ငယ်စိတ်တွေနဲ့ မိမိကိုယ်ကိုယ် တိုက်ပိတ်လို့ ဒုက္ခတွေကို အောင့်အီးသည်းခံနေတာကို ပြဆိုပါတယ်။

အုတ်နံရံက စီမံကိန်းတွေ၊ ကျွမ်းကျင်သေသပ်တဲ့ လက်မှုအတတ်ပညာတွေ စတာကိုလည်း ပြဆိုနေပါသေးတယ်။ တကယ်တမ်း ပြောရရင် ဖရီးမေဆင်တွေဟာ လက်မှုပညာနဲ့ ပတ်သက်ပြီး အနုစိတ်အထိ ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ ဒီအနေအထားနဲ့ ဆိုရင် အုတ်စီထပ်ခြင်းဟာ ဗေဒင်မေးသူရဲ့ ဘဝအတွက် နည်းစနစ် ကျကျ ရည်ရွယ်ပြုလုပ်တာလို့ ဆိုရပါမယ်။

အကာအကွယ်သဘောပဲဖြစ်ဖြစ်၊ တိုးတက်မှု သဘောပဲဖြစ်ဖြစ် အုတ်နံရံကတ်ဟာ တားရော့ဟောကြားတဲ့နေရာမှာ အတော်လေး အရေးပါတာကြောင့် ဒီကတ်ပြားအပေါ်မှာ ရှိတဲ့ သင့်ရဲ့အမြင်ကို ဗေဒင်မေးသူအား ပြောပြရွေးခြယ် အတည်ပြုခိုင်းတာက ပိုသင့်လျော်ပါလိမ့်မယ်။

ရိုင်ဒါဝိတ်တားရော့မှာ အုတ်နံရံ သင်္ကေတပါတဲ့ ကတ်ကတော့ The Sun ကတ်ပဲ ဖြစ်ပါတယ်။



+ + + + + + +

Bridge

တံတား (Bridge) တွေဟာ ကျွန်ုပ်တို့ကို တစ်နေရာကနေ အခြားတစ်နေရာကို ရောက်ရှိစေတာကြောင့် ဒီ သင်္ကေတဟာ ကျွန်ုပ်တို့ ရရှိ၊ ရယူနိုင်တဲ့ အကူအညီတွေ၊ အရင်းအမြစ်တွေကို ကိုယ်စားပြုနေပါတယ်။ ဒါကြောင့် တံတားသင်္ကေတက သတိပေးတာက ပြီးစီးဖြစ်မြောက်ဖို့ နည်းလမ်း၊ နည်းနာတွေဟာ ကျွန်ုပ်တို့အတွက် အမြဲရရှိနိုင်တယ် ဆိုတာပါ။ Five of Cups ကတ်မှာပါတဲ့ တံတားပုံဟာ ပူဆွေး၊ ဝမ်းနည်းမှုတွေကနေ ဘဝရဲ့အခြားစာမျက်နှာကို ရွေ့လျားသွားတာကို ကိုယ်စားပြုပါတယ်။

တားရော့ရဲ့ များပြားလှတဲ့ သင်္ကေတတွေထဲမှာ တံတားပုံဟာ ခိုင်မာအစွန်းရောက်တဲ့ ပြဆိုမှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒီသင်္ကေတရဲ့ သဘောသဘာဝတွေကတော့...

  • ဆက်နွှယ်မှု (Connection)
  • ညွှန်ပြမှု (Direction)
  • ပံ့ပိုးမှု (Assistance)
  • တည်ငြိမ်မှု (Stability)
  • ဖြတ်သန်းမှု (Crossing)
  • တိုးတက်မှု (Progress)
  • ကွာဟာမှုကို ဆက်စပ်ပေးခြင်း (Spanning the Gap)

နောက်ဆုံး သင်္ကေတ အဓိပ္ပာယ်ဖြစ်တဲ့ ကွာဟမှုကို ချိတ်ဆက်ပေးခြင်း ဆိုတဲ့အချက်က အတော်လေး စဉ်းစားစရာပါပဲ။ လူတိုင်းဟာ ဘဝမှာ ကွာဟမှဲုတွေ၊ ပြတ်လပ်မှုတွေ ရှိတတ်တာပါပဲ။ ဒီအခါမှာ တံတားနဲ့ သရုပ်သကန်တူစွာပဲ ကွာဟချက်တွေကို ဖြည့်ဆည်းတတ်ကြပါတယ်။

တားရော့မှာရှိတဲ့ တံတားသင်္ကေတဟာ အခက်အခဲများကို ကျော်လွှားနိုင်ခြင်း ကိုလည်း ပြဆိုပါတယ်။ ပြဿနာရေပြင်ကျယ်ကြီးကို တံတားကဲ့သို့ ကိရိယာတွေနဲ့ ကျွန်ုပ်တို့ လွန်မြောက်ခြင်းကိုလည်း ပြဆိုပါတယ်။ ဒီကိရိယာတန်ဆာပလာတွေက ကျွန်ုပ်တို့ရဲ့ တစ်ဆင့်မြင့်တဲ့ အတွေးအခေါ်တွေ၊ စိတ်ဝိဉာဉ်ဆိုင်ရာ ရင့်ကျက်မှုတွေနဲ့ သက်ဆိုင်နေပါတယ်။

ဒါကြောင့် တံတားတွေဟာ မြင့်မြတ်မှုဖြင့် ဝင်ရောက်လာခြင်းရဲ့ သင်္ကေတလို့ ဆိုရပါမယ်။ ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို ဖြတ်ကျော်သွားနိုင်တဲ့ အရည်အချင်းရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်ုပ်တို့ဟာ နေရာသစ်ကို ရှာဖွေလိုတဲ့ အမြင်ကျယ်မှု ရှိဖို့ လိုပါတယ်။ အဲဒီအခါ အခက်အခဲတွေ၊ တိုက်ခိုက်မှုတွေ အထက်ကနေ ဖြတ်ကျော်သွားမယ့် တံတားတွေကို တွေ့လာပါလိမ့်မယ်။

လူတိုင်းကတော့ ပြဿနာ၊ ဒုက္ခ ရှိကြတာချည်းပါပဲ။ ဒါကိုက လူ့သဘာဝပါပဲ။ ဒါပေမယ့် (အခွင့်အလမ်း၊ ဖြေရှင်းချက်၊ သဘောထားအမြင်၊ အခြားဘက်မှ ရှုမြင်ခြင်း) စတဲ့ တခြားသော နေရာသစ်တွေကို မြင်ချင်စိတ်လေး ရှိရင်ဖြင့် ဘဝရဲ့ ဒုက္ခ၊ ပူလောင်မှုတွေ ဆိုတဲ့ ချောက်ကမ်းပါးကြီးမှာ တံတားထိုးလိုက်သလို အခြေတကျ ဖြတ်သန်းနိုင်မှာပါပဲ။

နောင် အလျဉ်းသင့်လို့ တားရော့ရဲ့ ရုပ်ပုံ သင်္ကေတတွေကို ထည့်တွက်မယ်ဆိုရင် တံတားတွေကို အတွေ့အကြုံ၊ အစွန်းရောက်တဲ့ နေရာဒေသတွေကို မြင့်မြတ်စွာ ဆက်နွှယ်ပေးတဲ့အရာအဖြစ် စဉ်းစားသင့်ပါတယ်။ အစွန်းရောက်တဲ့ နေရာတွေဆိုတာက ငြိမ်းချမ်းခြင်းနဲ့ ပူလောင်ခြင်း စတဲ့ ဆန့်ကျင်ဘက်နေရာတွေပါပဲ။

ဒါကြောင့် တံတားရဲ့ ဘယ်လမ်းကြောင်းကို သင် ဦးတည်နေတာလဲ၊ ဘဝမှာ တိုးတက်မှုတွေ ဘယ်လောက် ရှိနေပြီလဲ၊ သင်သွားနေတဲ့ လမ်းကြောင်းဟာ ပျော်ရွှင်မှု ပန်းတိုင်ဆီကိုလား အခြားတစ်ဘက် ဆီကိုလား ဆိုတာကို သုံးသပ်သင့်လှပါတယ်။

တံတားပုံပါတဲ့ ရိုင်ဒါဝိတ် တားရော့ကတ်ကတော့... Five of Cups ပဲ ဖြစ်ပါတယ်။



+ + + + + + +

Bull


Bull ဆိုတဲ့ နွားသိုး (ဝါ) နွား ရုပ်ပုံ သင်္ကေတဟာ စွမ်းအား၊ တည်ငြိမ်မှု၊ သစ္စာစောင့်သိမှု၊ အင်အား၊ အစွမ်း တို့ကို ပြဆိုတာ ဖြစ်ပါတယ်။ ဟောကြားတဲ့ ကတ်တွေထဲမှာ နွားသိုးရုပ်ပုံ တွေ့မြင်ခြင်းဖြင့် ကျွန်ုပ်တို့ဟာ စွမ်းအားကြီးတဲ့ အင်အားတစ်ရပ်နဲ့ တွေ့ကြုံနေရပြီ ဆိုတာကို ပြဆိုပါတယ်။ The World နဲ့ Wheel ကတ်တွေမှာ နွားသိုးပုံကို တွေ့ရပါမယ် ဘာလို့လဲ ဆိုတော့ နွားသိုးပုံဟာ ရာသီခွင်တွေထဲက ပြိဿရာသီ (Taurus) ကို ကိုယ်စားပြုလို့ပါပဲ။ နွားသိုးပုံကော၊ ပြိဿာရာသီရုပ်ပုံနှစ်ခုလုံးဟာ ပြောင်းလဲဖို့ တောင့်ခံခြင်း၊ ခေါင်းမာခြင်း၊ မလိုက်လျောခြင်း ဆိုတဲ့ သင်္ကေတသဘောကို ဖွင့်ဆိုပါတယ်။

တားရော့မှာ ရှိတဲ့ နွားသိုးသင်္ကေတနဲ့ သက်ဆိုင်တာတွေကတော့...

  • တည်ငြိမ်မှု (Stability)
  • အထောက်အပံ့ (Provision)
  • တိကျသေချာမှု (Assurance)
  • စွမ်းရည် (Virility)
  • ချုပ်ကိုင်မှု (Domain)
  • အခြေခံကျမှု (Grounding)

ပြိဿရာသီရဲ့ လက္ခာရှိခြင်းကြောင့် နွားသိုးရုပ်ပုံဟာ အသိုက်အမြုံ၊ နေအိမ်၊ တည်ငြိမ်မှု၊ အထောက်အကူ စတာတွေကို ကိုယ်စားပြုပြီး ခေါင်းမာတဲ့ သဘောအနည်းငယ်လည်း ရှိပါတယ်။ ခေါင်းမာတယ် ဆိုတဲ့ အဆိုးယူဆချက်ထက် အပြုသဘောဖြစ်တဲ့ သစ္စာစောင့်သိ ခိုင်မာခြင်း ဆိုတဲ့ ပြိဿရာသီခွင်သဘောကို ယူရင် ပိုပြီး နှစ်လိုဖွယ်ရာ ရှိပါတယ်။

သစ္စာစောင့်သိခြင်းအာဖြင့် နွားသိုးတွေဟာ အခြေအနေကိစ္စရပ်တိုင်းမှာ ဆုံးခန်းတိုင်အောင် ဖောက်ထွက်မြင်နိုင်ခြင်း ကိုလည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဟောကြားတဲ့ ကတ်တွေထဲမှာ နွားသိုးရုပ်ပုံ ကျလာခဲ့ရင် ဗေဒင်မေးသူဟာ ဆုံးခန်းတိုင်သည်ထိ ဆုံးဖြတ်ချက် ခိုင်မာတဲ့သူလို့ ဆိုရပါမယ်။

ရှေးထုံး အယူအဆနဲ့ ဆိုရင်တော့ နွားသိုးသင်္ကေတဟာ အကူအညီ အထောက်အပံ့ကို ရည်ညွှန်းပါတယ်။ အဲဒီခေတ်တုန်းက နွားတွေဟာ လူတွေအတွက် အစားအသောက်၊ အဝတ်အထည်၊ သွားရေးလာရေးက စလို့ လယ်ယာစိုက်ပျိုးရေးအတွက်ပါ အသုံးကျတဲ့ သတ္တဝါဖြစ်နေတယ်အတွက် သမိုင်းပုံရိပ်တွေထဲမှာ နွားသိုးတွေဟာ ကူညီထောက်ပံ့သူအနေနဲ့ နာမည်တွင်နေတာ ဖြစ်ပါတယ်။

နွားတွေဟာ အခြေအနေကြောင့်သာ ရန်လို၊ ဒေါသထွက်ရသာ ဖြစ်ပေမယ့် အေးဆေးသိမ်မွေ့တဲ့ သဘာဝရှိတဲ့ သတ္တဝါတွေ ဖြစ်တာ ကြောင့်လည်း လူသားတွေ နားလည်စွာနဲ့ လက်ခံထားကြတဲ့ တိရစ္ဆာန်တွေလို ဖြစ်နေရတာပါပဲ။

တကယ်လို့ နွားသိုးပုံကို တည်ငြိမ်အေးဆေးတဲ့ သင်္ကေတအဖြစ် ယူဆမယ်ဆိုရင် အောက်ပါ သဘောတရားတွေကို ထည့်စဉ်းစားသင့်ပါတယ်။

  • သင့်အတွက် မြေနေရာရှိခြင်း
  • သင့်မျိုးနွယ်အတွက် ထောက့်ပံ့ခြင်း
  • ကိုယ်ပိုင် ယုံကြည်မှု
  • အတားဆီးများအား ဖောက်ထွက်နိုင်ခြင်း
  • ငြိမ်သက် အမိန့်နာခံတတ်ခြင်း
  • သဘာဝတရား၌ အမြစ်တွယ်စေခြင်း
  • မိမိထင်မြင်ချက်ကို မှန်ကန်စေခြင်း

ရိုင်ဒါဝိတ် တားရော့မှာ နွားသိုးပုံ ပါတဲ့ ကတ်တွေကတော့... The Wheel of Fortune, The World, King of Pentacles ကတ်တွေပဲ ဖြစ်ပါတယ်။



+ + + + + + +

Butterfly


လိပ်ပြာသင်္ကေတဟာ နိုင်ငံတကာက လက်ခံထားတဲ့ ပြောင်းလဲခြင်းရဲ့ နိမိတ်သကန်ပါပဲ။ ဓားဘုရင်နဲ့ ဘုရင်မ ကတ်တွေမှာ ပါတဲ့ လိပ်ပြာပုံဟာ ဗေဒင်မေးသူ (သို့) မေးသူနဲ့ အတော်လေး နီးနီးစပ်စပ် ကြုံတွေ့နေသူ တွေမှာ အတွေးအခေါ် အပြောင်းအလဲတွေ ဖြစ်မယ်လို့ ဆိုလိုတာပါ။ လိပ်ပြာတွေဟာ သူတို့ရဲ့ နောက်ဆုံး လှပတဲ့ အခြေအနေကို မရခင် အဆင့်တော်တော်များများ ပြောင်းလဲ ခဲ့ရပါတယ်။ ကျွန်ုပ်တို့ လူသားတွေမှာလည်း ဒီသဘောအတိုင်းပါပဲ ပိုပြီးကောင်းတဲ့ စိတ်ကူးတွေနဲ့ ဘဝရဲ့ ပန်းတိုင်ကို ဦးတည်နေကြတာပဲ မဟုတ်ပါလား။

တားရော့မှာ ရှိတဲ့ လိပ်ပြာသင်္ကေတဟာ သဘာဝရဲ့ သင်္ကေတပါပဲ။ ဒီသင်္ကေတက ဆိုလိုတာတွေက...

  • ပြီးပြည့်စုံသော ပြောင်းလဲမှု (metamorphosis)
  • ပြောင်းလဲဖြစ်တည်ခြင်း (Transformation)
  • ဖွင့်ထုတ်ခြင်း (Unfolding)
  • နူးညံ့ခြင်း (Delicate)
  • အလှအပ (Beauty)
  • စက်ဝန်း (Cycles)
  • စိတ်နယ်လွန် (Psyche)

ဥကောင်လေးကနေ တဆင့် ပိုးတုံးလုံး အဲဒီကနေ လှပတဲ့ လိပ်ပြာဖြစ်သွားတဲ့ အသေးစိတ် ဆန်လှတဲ့ ပြောင်းလဲခြင်းတွေနဲ့ ဆိုင်တဲ့ လိပ်ပြာတွေကို ခေတ်အဆက်ဆက် ယဉ်ကျေးမှု အဆက်ဆက်မှာ Complete Metamorphosis ဆိုတဲ့ ပြီးစီးပြည့်စုံတဲ့ သဘာဝရဲ့ ပြောင်းလဲခြင်း သရုပ်သကန်အဖြစ် ကိုယ်စားပြုကြပါတယ်။

ဒီလို အံ့သြမင်သက်လောက်အောင် လှပတဲ့ လိပ်ပြာတစ်ကောင် ဖြစ်တည်ဖို့ ရှည်လျားလှတဲ့ ဖြစ်စဉ်တွေကို ဖြတ်သန်းရတာပါ။ ဒါဟာ စိတ်ဝိဉာဉ်ရဲ့ ဆင့်ကဲ ဖြစ်စဉ်တွေကို ပုံပြင်တစ်ပုဒ်လို ပြောပြနေခြင်းပါပဲ။ တခါတရံ စိတ်တင်းကြပ်မှုတွေ၊ ဘာမှန်းမသိဘဲ လက်ခံလိုက်ရတဲ့ ကိစ္စမျိုးတွေမှာ ကျွန်ုပ်တို့ရဲ့ လိပ်ပြာစိတ်အစဉ်ဟာ လိပ်ပြာတစ်ကောင်ရဲ့ ဆင့်ကဲဖြစ်စဉ်လိုပဲ ပြောင်းလဲ သွားရတာပါပဲ။ လိပ်ပြာတစ်ကောင် ဖြစ်သွားတဲ့အခါမှာ ပိုးတုံးလုံးနဲ့ ဘာမှ မဆိုင်တော့သလို ထင်ရပါတယ်။ လူသားတွေရဲ့ စိတ်အစဉ်ဟာလည်း ဒီသဘောသဘာဝ နည်းတူ တဖြည်ဖြည်းချင်း ဆင့်ကဲ ဖြတ်သန်းသွားတာပါပဲ။

လိပ်ပြာတွေဟာ မတည်မြဲခြင်း ဆိုတဲ့ အနိစ္စသဘောကိုလည်း ပြောပြနေပြီး စဉ်ဆက်မပြတ်၊ အဟုန်မပြတ် ရွေ့လျားနေတဲ့ ဘဝကိုလည်း ကိုယ်စားပြုပါတယ်။ အရာရာတိုင်းဟာ ကြီးထွားတယ်၊ ဆင့်ကဲ ပြောင်းလဲလာတယ် ဆိုတဲ့ ရှောင်လွဲမရတဲ့ ဘဝရဲ့ စက်ဝန်းကို လိပ်ပြာသင်္ကေတက ကိုယ်စားပြုနေပါတယ်။

တားရော့နဲ့ လိပ်ပြာတွေကို ဆက်စပ်စဉ်းစားမယ်ဆိုရင် အိပ်မက်ဆန်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ စိတ်ဝိဉာဉ် စာတာတွေကို ကိုယ်စားပြုတဲ့ Suit of Cups ဆိုတဲ့ ခွက်ပုံကတ်တွေနဲ့ ပထမဆုံး ဆက်စပ်သင့်ပါတယ်။ သည့်တိုင်အောင် ရိုင်ဒါဖဲထုပ်မှာက Swords ဓားကတ်တွေမှာ လိပ်ပြာပုံတွေ ရှိနေပါတယ်။

ဒါဘာကြောင့်ဆိုတာကို ရှင်းလင်းရရင်ဖြင့် လေဓာတ်ကို ကိုယ်စားပြုတဲ့ ဓားကတ်တွေဟာ စဉ်းစားတွေခေါ်ခြင်ရဲ့ သင်္ကေတဖြစ်နေလို့ပါပဲ။ လိပ်ပြာတွေဟာ လေထုထဲမှာ တောင်ပံခတ်သူတွေ ဖြစ်တာကြောင့် ဓားရုပ်ပုံတွေနဲ့ ဆက်စပ်တာက သဘာဝကျတဲ့ ချိတ်ဆက်မှုပါပဲ။

တကယ်လို့ ဟောကြားနေရင်းနဲ့ လိပ်ပြာသင်္ကေတတွေကို သတိပြုမိတယ် ဆိုရင်ဖြင့် စက်ဝန်းတစ်ပတ်လို ပြည့်စုံတဲ့ ပြောင်းလဲခြင်းတွေ ဖြစ်တော့မယ့် နိမိတ်လက္ခဏာကို ပြဆိုနေပါတယ်။ ဒီရှုထောင့်ကဆိုရင် လိပ်ပြာတွေဟာ ပြောင်းလဲနေတဲ့ အတွေးအခေါ်တွေကို ကိုယ်စားပြုနေပါတယ်။ ဒါမှမဟုတ် လိပ်ပြာသင်္ကေတတွေက အတွေးအခေါ်ပိုင်းမှာ ကြီးမားတဲ့ အဇ္ဈတသုံးသပ်မှု (ဝါ) စိတ်တွင်း နားလည်မှု ကနေ ပေါက်ဖွားလာတဲ့ အပြောင်းအလဲတွေ ဖြစ်မယ်လို့ ဆိုလိုတာပါ။

ထပ်ရှင်းလင်းရရင်ဖြင့် တားရော့ဖတ်ကြားခြင်းမှာ ရှိတဲ့ လိပ်ပြာရုပ်ပုံတွေဟာ ဒီသတင်းစကားတွေကို တီးတိုး သယ်ဆောင်လာတာပါ။

  • ကျွန်တော်ဟာ ကိုယ့်ရဲ့ စိတ်ကူး၊ ယုံကြည်ချက်တွေကို မိမိဘာသာ ပြန်ကြည့်နေမိပါတယ်။
  • ရည်ရွယ်ချက် ရှိစွာနဲ့ အရာရာမှာ ရှိတဲ့ ကျွန်တော့် စိတ်ကူးစိတ်သန်းတွေကို ပြောင်းနေပါပြီ။
  • ကျွန်တော်ဟာ ဘဝနဲ့ ပတ်ဝန်းကျင်အပေါ် သက်ဆိုင်တဲ့ သဘောထားအမြင်တွေမှာ ရင့်ကျက်စ ပြုနေပါပြီ။
  • ကျွန်တော်ဟာ ပြင်ပပြောင်းလဲမှုတွေ အပြီးမှာ အတွင်းစိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်ဖို့ စဉ်းစားနေပါတယ်။

ရိုင်ဒါတားရော့မှာ လိပ်ပြာရုပ်ပုံ ပါတာတွေက Queen of Swords, King of Swords ကတ်တွေပဲ ဖြစ်ပါတယ်။



+ + + + + + +

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။