Wednesday, December 30, 2009

၂၀၁၀ နှင့် မြန်မာပြည်


(Source: http://rlv.zcache.com/myanmar_2010_calendar-p1585559883725566372xqnz_400.jpg)

(မှတ်ချက်။ ။ သိလိုစိတ် အရင်းခံသက်သက်ဖြင့် တွက်ချက်ကြည့်ခြင်းသာ ဖြစ်ပါသည်။ မည်သည့်ရည်ရွယ်ချက်မှ မရှိပါ။)

၂၀၁၀ ကို ဂဏန်းဗေဒင်အားဖြင့် တစ်လုံးတည်း ကျန်အောင် ပေါင်းလိုက်သော ၂ + ၀ + ၁ + ၀ = ၃ ဂဏန်းရပါသည်။ သို့ဖြင့်၍ ၂၀၁၀ သည် ၃ ဂဏန်း ကြီးစိုးသည့် နှစ်ဟုလည်း ပြောနိုင်ပါသည်။ ယေဘုယျအားဖြင့် အနောက်တိုင်းကော အရှေ့တိုင်းအယူအဆ တော်တော်များများအရ ၃ ဂဏန်းသည် ထူးခြား ဆန်းပြားသော ဂဏန်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၃ ကို Three Times Lucky ဟု အနောက်တိုင်းတွေက အယူရှိကြသည်။ ခရစ်ယာန်ဘာသာဝင်တွေမှာ Trinity ဆိုပြီး ရှိသလို၊ ဗုဒ္ဓဘာသာမှာ ရတနာသုံးပါး ရှိပါတယ်။ MYANMAR ဆိုတဲ့ နာမည်ကို Indian Numerology နည်းအရ တွက်ကြည်ရင် ၉ ဂဏန်း ရရှိပြီး... BURMA ကတော့ ၆ ဂဏန်း ရရှိပါတယ်။

သင်္ချာနည်းအရ ၃၊ ၆၊ ၉ ဂဏန်းတွေဟာ ဆက်သွယ်မှု ရှိပါတယ်။

၃ x ၃ = ၉
၃ + ၆ = ၉

ဒီတော့ ဘာထူးခြားချက်တွေ ၂၀၁၀ မှာ ဖြစ်လာမှာလဲဆိုတာကို လီနော်မန်ကတ်နဲ့ တွက်ချက်ကြည့်ဖို့ စိတ်ကူးမိပါတယ်။ တိုက်ဆိုင်မှုလို့ ယူဆချင်လည်း ယူဆပါ။ လီနော်မန် ကတ်ပြား တစ်ထုပ်မှာ စုစုပေါင်း ကတ်ပြား ၃၆ ချပ်ပါပါတယ်။ ဒီတော့ ၃ ဂဏန်း ကျတဲ့ ခုနှစ်မှာ ၆ ဂဏန်းနဲ့ ၉ ဂဏန်းဖြစ်တဲ့ နိုင်ငံကို ၃၆ ကတ်ရှိတဲ့ ကံကြမ္မာဖတ်ဖဲထုပ်တစ်ခုနဲ့ အဖြေရှာကြည့်ကြတာကို ကျွန်တော်ကတော့ ထူးခြားတယ် လို့ ယူဆပါတယ်။ မိတ်ဆွေကြီး ကိုရမ်းဂန်း ကတော့... ဒီလူတွေ လုပ်ပြန်ပြီဟလို့ မှတ်ချက်ပြုမှာ သေချာပါတယ်။ တကယ်တမ်းက ပို့စ်ရဲ့ အစမှာ ပြောခဲ့သလိုပါပဲ ၀ါသနာကို အရင်းခံပြီး သိလိုစိတ်သက်သက်နဲ့ တွက်ချက်ကြည့်တာပါလို့ ပြောပါရစေ။

၁) ဇန်န၀ါရီလ


Tower + Stork + Lady

ဒီကတ်ပြား ၃ ခုတွဲမှာ Tower နဲ့ Stork က အခြားနိုင်ငံများနှင့် မရောနှောပဲ သီးသီးသန့်သန့် တည်ရှိနေတဲ့ မြန်မာပြည်ဟာ အပြောင်းအလဲတွေ ရင်ဆိုင်ခဲ့ရတာကို ပြဆိုတာပါ။ မြန်မာပြည်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးကတ်ဟာ အတိတ်မှာ ဖြစ်ခဲ့တာတွေကို ခုချိန်ထိ ဖြေရှင်းဖို့ လိုအပ်နေသေးတာကို ပြဆိုတာဖြစ်ပါတယ်။

၂) ဖေဖော်ဝါရီလ


Man + Scythe + Lady

Man ဆိုတဲ့ ကတ်ပြားအရ လွှမ်းမိုးနိုင်တဲ့ အမျိုးသားတစ်ဦးဟာ မြန်မာနိုင်ငံနှင့် ပတ်သက်တာကို ပြဆိုတာပါ။ အဲဒီ ကတ်ပြား ထိပ်ဆုံးမှာ ကျခြင်းအားဖြင့် သူဟာ မြန်မာအရေးကို ထိမ်းချုပ်နိုင်ခြင်းကို ပြဆိုတာပါ။ Scythe ဆိုတဲ့ ကတ်ပြားကတော့ ထိခိုက် အန္တရာယ်ကို ပြဆိုတာပါ။ ဒီတော့ ဖေဖော်ဝါရီလမှာ မြန်မာ့အရေးဟာ ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ ကြုံရမယ်လို့ ယူဆနိုင်ပါတယ်။ အမျိုးသမီးကတ် အဆုံးသတ်မှာ ရှိခြင်းဟာဖြင့် အဆိုပါ ပြဿနာတွေဟာ ဖြေရှင်းဖို့ ဆက်လက်လိုအပ်နေတာကို ပြဆိုတာပါ။

၃) မတ်လ


Tree + Crossroads + Lily

တိုးတက်မှုကို ပြဆိုတဲ့ Tree ကတ်ပြားနောက်မှာ Crossroads ဆိုတဲ့ လမ်းခွဆုံ ကတ်ပြားလိုက်ပါတယ်။ လမ်းခွဆုံကတ်ပြားဟာ ဆုံးဖြတ်ချက် ချရမယ့် အနေအထားကို ပြဆိုတာပါ။ Lily ကတ်ပြားကတော့ ငြိမ်းချမ်း သာယာခြင်းကို ပြဆိုတာပါ။ တိုးတက်တဲ့ အနေအထားကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်သွားမယ်လို့ ယူဆနိုင်ပါတယ်။

၎) ဧပြီလ


Dog + House + Anchor

ခွေးကတ်ပြားဟာ ယုံကြည်အားကိုးနိုင်တဲ့ မိတ်ဆွေကို ပြဆိုတာ ဖြစ်ပြီး House ဆိုတာက အိမ်ကို ကိုယ်စားပြုတာပါ။ Anchor ကတ်ပြားက အခြေတည်မှု၊ အမြစ်တွယ်မှုကို ပြဆိုတာပါ။ ဒါကြောင့် မြန်မာပြည်ဟာ ယုံကြည်အားကိုးရတဲ့ မိတ်ဆွေတွေနဲ့ အိမ်တွင်းရေးကို ဖြေရှင်းမှာ ဖြစ်ပြီး ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်လာမှာ မဟုတ်သေးပါဘူး။

၅) မေလ


Clover + Bouquet + Birds

ကံကောင်းခြင်းနဲ့ အခွင့်အလမ်းတွေကို ပြဆိုတာက Clover ကတ်ပြားပါ။ Bouquet ကတ်ပြားကလည်း ပျော်ရွှင်မှုကို ရည်ညွှန်းပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ရှိတဲ့ Birds ကတ်ပြားကတော့ ယာယီ ဆုံးရှုံးမှုနဲ့ နှစ်ဦးနှစ်ဘက် စေ့စပ် ဖြေရှင်းရမယ့် ပြဿနာတွေကို ပြဆိုတာပါ။ သုံးချပ်စလုံးတွဲယူရရင် ပျော်ရွှင် မှုတွေကနေ ယာယီကင်းကွာနေပြီး အပြန်အလှန် ညှိနှိုင်းရမယ့် အခြေအနေတွေ ရှိနေတယ်လို့ ပြဆိုပါတယ်။

၆) ဇွန်လ


Letter + Garden + Birds

Letter ကတ်ပြားဟာ သတင်းစကားကို ပြဆိုပြီး Garden က လူအများစု နဲ့ ပတ်သက်တာကို ပြဆိုတာပါ။ Birds က ယာယီ ဆုံးရှုံးမှု၊ အပြန်အလှန် ညှိနှိုင်း ဖြေရှင်းရမယ့် ပြဿနာတွေကို ပြဆိုတာပါ။ ဒီကတ်ပြားအရ လူအများစုနဲ့ ပတ်သက်တဲ့သတင်းဟာ သိပ်ကောင်းလှမယ်လို့ မယူဆနိုင်ပါဘူး။ ဖြေရှင်းစေ့စပ်ဖို့ လိုအပ်တာကို ပြဆိုတာပါ။

၇) ဇူလိုင်လ


Bear + Snake + Fish

Bear ကတ်ပြားက အမျိုးသားတစ်ယောက်နဲ့ ခွန်အားကြီးမှုကို ပြဆိုတာဖြစ်ပြီး မြွေကတ်ပြားကတော့ မြန်မာပြည်ကို ပြဆိုတာပါ။ Fish ကတ်ပြားဟာ ငွေကြေး၊ စီးပွားရေး စတာတွေကို ပြဆိုတာဖြစ်တယ်။ ဒီတော့ အမျိုးသားတစ်ယောက်ဟာ မြန်မာပြည်နဲ့ ငွေကြေးအပေါ်ကို လွှမ်းမိုးနိုင်တယ်ဆိုတာကို ဒီသုံးချပ်တွဲက ပြဆိုပါတယ်။

၈) သြဂုတ်လ


Mountain + Bear + Moon

ဒီနေရာမှာ Mountain က အခက်အခဲတွေ ပြဆိုတာဖြစ်ပြီး Bear က ယောက်ျားသားတစ်ယောက်ကို ပြဆိုတာပါ။ Moon ကတ်ပြားက အခြေအနေတွေ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာကို ပြဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ အခက်အခဲတွေကို အမျိုးသား တစ်ယောက်က တာဝန်ယူလိုက်ပေမယ့် အခြေအနေက စိတ်ကျေနပ်လောက်အောင် ဖြစ်မလာသေးဘူးလို့ ယူဆရပါမယ်။

၉) စက်တင်ဘာလ


Snake + Tree + Whip

Snake ကတ်ပြားက မြန်မာပြည်ကို ကိုယ်စားပြုပါတယ်။ Snake + Tree ကတော့ အခြေအနေ affairs တွေကို ပြဆိုပြီး Whip က အငြင်းအခုန် ပြုရခြင်းကို ပြဆိုတာပါ။ ဒါကြောင့် အဲဒီလမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တိုက်ခိုက်ငြင်းခုန် ရန်ဖြစ်မှုတွေ ရှိနိုင်ပါလိမ့်မယ်။

၁၀) အောက်တိုဘာလ


Key + House + Heart

Key ကတ်ပြားက အဖြေနဲ့အတူ ကြီးမားတဲ့ အပြောင်းအလဲကို ပြဆိုတာပါ။ House က တော့ အိမ်တွင်းရေးကို ပြဆိုတာပါ။ Key + Heart ကတော့ တားဆီး ပိတ်ပင်မှုတွေကို ပြဆိုတာပါ။ အဲဒီလမှာ အပြောင်းအလဲ အနေနဲ့ တားဆီးမှု၊ ဟန့်တားမှုတွေကို ရရှိမယ်လို့ ကောက်ချက် ချနိုင်ပါတယ်။

၁၁) နိုဝင်ဘာလ


Lady + Moon + Tree

ဒီနေရာမှာ Lady ကတ်ပြားက မြန်မာပြည်ကို ပြဆိုတာဖြစ်ပြီး Moon ကတ်ပြားက မရှင်းလင်းမှု မှောင်မိုက်မှုကို ပြဆိုတာပါ။ သစ်ပင်ကတ်ပြားကတော့ စောင့်စားရမယ့် အခြေအနေကို ပြဆိုတာပါ။ ဒါကြောင့် ရောင်နီအလာကို လရောင်ထဲကနေ စိတ်ရှည်ရှည် စောင့်နေရမယ့် အနေအထားမျိုး ဖြစ်ပါလိမ့်မယ်။

၁၂) ဒီဇင်ဘာလ


Dog + Fox + Cloud

ဒီနေရာမှာ Dog + Fox မယုံကြည်ရတဲ့ မိတ်ဆွေတွေကို ပြဆိုတာပါ။ Cloud ကတော့ မသေချာ မရေရာမှုကို ကိုယ်စားပြုတာပါ။ ဒါကြောင့် မြန်မာပြည်အနေနဲ့ မယုံကြည်ရလောက်တဲ့ အိမ်နီးချင်းတွေရဲ့ မရေရာတဲ့ အကူညီကိုသာ ရမယ်လို့ ယူဆနိုင်ပါတယ်။


အထက်က ၂၀၁၀ နဲ့ မြန်မာပြည်အခြေအနေဟာ လီနော်မန်ကတ်ပြားတွေကို ဆွဲထုတ်ပြီး ရရှိလာတဲ့အပေါ် ကျွန်တော်တို့ရဲ့ ကောက်ချက်ဆွဲ အဖြေထုတ်မှုပဲ ဖြစ်ပါတယ်။ လိုအပ်ချက်များ ရှိကောင်းရှိနိုင်မှာ ဖြစ်တဲ့အတွက် လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ကြပါတယ်။ ပညာရှင် အစစ်အမှန်များကလည်း ကျွန်တော်တို့ထက် ပိုမို တိကျစွာ တွက်ချက် ဆန်းစစ်ပြီးကောင်း ပြီးနေပါလိမ့်မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျှက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။