Wednesday, September 15, 2010

ဗေဒင်ဆရာဆိုတာ (၃)



The crisis of today is the joke of tomorrow.
(H. G. Wells)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



လူကျွံဘော

တစ်ချိန်တုန်းကပေါ့ အိမ်တစ်အိမ်မှာ လင်မယားနစ်ယောက်ရယ်၊ မိန်းမလုပ်သူရဲ့  အဖေနဲ့ အမေရယ် မိသားစု လေးဦးနေကြတယ်။ မိန်းမလုပ်သူက တနေ့ သားလေးတစ်ဦး မွေးလာတော့ သူတို့က ရှေ့ဖြစ်ဟောတဲ့ ဗေဒင်ဆရာ တစ်ဦးဆီမှာ ကလေးလေးကို ဇာတာဖွဲ့၊ ကြီးလာရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့ မေးတာ။ အဲဒီမှာ ဗေဒင်ဆရာက “အင်း... ဒီကလေးဟာ သူ စကားစပြောတဲ့ အချိန်မှာ လူသုံးယောက်ရဲ့  နာမည် ကို စပြောလိမ့် မယ်။ ဒီနာမည် ပြောပြီ မကြာခင်မှာ အဲဒီ သုံးယောက်က သေလိမ့်မယ်” လို့ ပြောတယ်။

အဲဒီလိုနဲ့ ကလေးလေး စကားပြောတဲ့ အရွယ်ရောက်တော့ “အဖိုး” ဆိုပြီးစခေါ်ပြီး သိပ်မကြာဘူး အဖိုးဖြစ်သူ သေသွားရော။ ဒုတိယ အကြိမ်ကျတော့ “အဖွား” ဆိုပြီး ခေါ် ရော အဖွားဖြစ်သူလည်း မကြာပါဘူး၊ ဆုံးရော တတိယ အကြိမ်ကျတော့ “အဖေ” လို့ ခေါ်ရော...။ အဲဒီမှာ အဖေလုပ်တဲ့ သူ က “အင်း... ငါတော့ သေတော့မယ်၊ အိမ်မှာလည်း ဘယ်သူမှမရှိဘူး၊ မိန်းမ ကလည်းဈေးသွားတယ်၊ ဒီအတိုင်းကြီး ညစ်ညစ်ပတ်ပတ်တော့ မသေနိုင်ဘူး၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် သေမှပဲ ဆိုပြီး ရေမိုးချိုး အ၀တ်အစား သပ်သပ်ရပ်ရပ်ဝတ် သနပ်ခါးတွေဘာတွေ လိမ်းပြီး ကုတင်ပေါ် ဆန့်ဆန့်ကြီး တက်အိပ်နေတာပေါ့။

အဲဒီအချိန်မှာ မိန်းမ ဖြစ်သူ ဈေးက ပြန်ရောက်လာတော့... “ဟဲ့... တော်ကဘာဖြစ်နေတာလဲ၊ သနပ်ခါးတွေဘာတွေ လိမ်းပြီး ကုတင်ပေါ်တောင် တက်အိပ်နေသေးတယ်။ ဟိုဘက်အိမ်က ကိုအောင်ဘုကြီး ဆုံးသွားပြီတဲ့တော်... ရှင် မသိဘူးလား......” တဲ့။ အင်း.... အဲဒီအခါကျမှ ယောက်ျား လုပ်တဲ့သူက သူမသေလို့ဘဲ ရယ်ရမလို ဟိုဒင်းမဟုတ်လို့ဘဲ ငိုရမလို....။

++++++++++++++++++++++++++++++++++++



ဆရာမတွက်မိဘူးလား

ဗေဒင်ဆရာ “ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး”

ဗေဒင်မေးသူ “ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ ခုနတုန်းက ဆရာမတွက်မိဘူးလား”

++++++++++++++++++++++++++++++++++++



မမှန်ဘူး

အီဗန်သည် စိန့်ပီတာစဘတ် (လီနင်ဂရက်) မြို့မှ မော်စကိုသို့ ကားမောင်းပြန်လာသည်။ လမ်းတွင် ဂျစ်ပစီမတစ်ဦး လက်ပြနေသည်ကို တွေ့ရသည်။ ဂျစ်ပစီများ စကားများလေ့ရှိသည်ကို သိသော်လည်း သနားသည်နှင့် ကားရပ်ကာ လမ်းကြုံအဖြစ် ခေါ်တင်ခဲ့သည်။ ကားပေါ် ရောက်သည်နှင့် ဂျစ်ပစီမက ပြောသည်။

“ကျေးဇူးတင်တဲ့အနေနှင့် ရှင့်ကို ဗေဒင်ကြည့်ပေးမယ်”

“မကြည့်နှင့်၊ အတိတ်အကြောင်းကို ငါသိပြီးသား၊ အနာဂတ်ကိုလည်း နောင်မှာ ငါသိရမှာပဲ”

“မကြည့်စေချင်ရင်လည်း မကြည့်ပါဘူးတော်၊ ဒါပေမယ့် အမှန်တရားသုံးခုအကြောင်းတော့ ပြောပါရစေ”

တစ်ခုခုမပြောရရင် ဂျစ်ပစီမ နေမည်မဟုတ်ဟု သဘောပေါက်လိုက်သော အီဗန်သည်

“ကိုင်း ပြောပြ” ဟု ခွင့်ပြုလိုက်သည်။

“ပထမ အမှန်တရားက လမင်းဟာ အလင်းရောင်ကိုသာ ပေးတယ်။ အနွေးဓာတ်ကိုတော့ မပေးဘူးတဲ့”

“အေး၊ မှန်သားပဲ”

“နောက်အမှန်တရားတစ်ခုကတော့ ဆိတ်ဆိုတဲ့ အမျိုးဟာ ကိုယ့်မုတ်ဆိတ်ကို ဘယ်တော့မှ မရိတ်ဘူးတဲ့”

“အေး ဒါလဲ မှန်သားပဲ”

“တတိယ အမှန်တရားကတော့ ရှင့်မိန်းမ မာရီယာ ဘေးအိမ်က လူပျိုကြီး နီကိုလိုင်နဲ့ ဖောက်ပြားနေသတဲ့”

“ဟေ့ ဒါတော့ မဖြစ်နိုင်ဘူး၊ မယုံနိုင်ဘူးကွာ”

“ရှင့်သဘောပဲ၊ ယုံချင်ယုံ မယုံချင်နေ၊ ကျွန်မကတော့ ကျွန်မ မြင်တာကို ပြောတာ”

အီဗန် အိမ်သို့ ပြန်ရောက်လာသည်။ ဇနီးသည် မာရီယာက ကြိုဆိုပြီး နေ့လည်စာ စားရန် ပြင်ပေးသည်။ ထမင်းဝိုင်းတွင် ၀ိုင်အရက်သောက်ရန် ငှဲ့ပေးသည်။ အီဗန်သည် လမ်းတွင် တွေ့ခဲ့သော ဂျစ်ပစီမ အကြောင်းကို မာရီယာအား ပြောပြသည်။ ပထမအမှန်တရားကို ပြောပြသောအခါ မာရီယာက မှန်တယ်ဟု ထောက်ခံသည်။ ဒုတိယ အမှန်တရားကို ပြောပြသောအခါလည်း မှန်ကြောင်း ထောက်ခံပြောပြန်သည်။

“တတိယ အမှန်တရားကိုတော့ မင်းကို ငါ မပြောတော့ဘူးကွာ”

“ပြောလက်စနဲ့ ဆက်သာ ပြောပါတော်၊ လူကို ဆန့်တငင်ငင်နဲ့ မထားနဲ့” ဟု မာရီယာက တောင်းပန်သည်။ သို့ဖြင့် အီဗန်က ဆက်ပြောသည်။

“တတိယ အမှန်တရားကတော့ ဒို့အိမ်နီးချင်း လူပျိုကြီး နီကိုလိုင်ရဲ့... ... ဟာ သေးသေးလေးဆိုပဲကွ”

“အဲဒါတော့ ဂျစ်ပစီမ မှားပြီရှင့်”

++++++++++++++++++++++++++++++++++++



မဖြစ်နိုင်ဘူး

ဗေဒင်ကြည့်သော ပျောက်စေဆရာထံ လူတစ်ယောက် ဖုန်းဆက်သည်။

“ဟဲလို၊ ဆရာနဲ့ ကုသမှုကို ခံယူဘို့အတွက် လာမဲ့သောကြာနေ့မှာ ဆရာဆီ လာလို့ရမလားခင်ဗျ”

“အဲဒါတော့ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ လာမဲ့ ကြာသပတေးနေ့မှာ ခင်ဗျား ခြေထောက်ကျိုးမှာ ဖြစ်လို့ပဲ”

++++++++++++++++++++++++++++++++++++



စွမ်းတဲ့ ဖယောင်းတိုင်

တစ်ခါက အင်းဖယောင်းတိုင်နဲ့ ပတ်သက်ရင် အရမ်းစွမ်းတယ်ဆိုတဲ့ ဆရာကြီး တစ်ယောက်ဆီကို အမျိုးသမီး တစ်ယောက် ရောက်လာတယ်။ ဖယောင်းတိုင်ယူရင်း...

အမျိုးသမီး။ ။ ဆရာ၊ ဆရာ့ဖယောင်းတိုင်က တစ်ခုမဟုတ် တစ်ခု စွမ်းတယ်လို့ ပြောကြတယ်။ အဲဒါ အခုလည်း စွမ်းအောင်လုပ်ပေးပါနော်။

ဆရာ။ ။ အင်း... ဒီဖယောင်းတိုင်ကို ပိုစွမ်းချင်ရင် မီးမလာတဲ့ ညမှာထွန်း၊ အဲဒါဆို ပိုစွမ်းတယ်။ စာအုပ်ပါ ဖတ်လို့ ရမယ်။

++++++++++++++++++++++++++++++++++++



လက်ဖြန့်လို့ မဖြစ်ဘူး

ဇနီးသည် မီးဖွားမည့်ရက် နီးကပ်လာသဖြင့် ကိုဘမောင် ဗေဒင် ဆရာမဆီ သွားသည်။ ဗေဒင် ဆရာမက ပြောသည်။

“လက်သီးဆုပ်ပြီး မွေးလာတယ်ဆိုရင် ကြီးလာတဲ့အခါ သူခိုး၊ဓါးပြ ဖြစ်မယ်။ လက်ဖြန့်ပြီး မွေးလာတယ်ဆိုရင် ကြီးလာရင် လူကောင်းဖြစ်မယ်”

မွေးမည့်ရက် ရောက်လာသည်။ အခန်းရှေ့တွင် ကိုဘမောင် ဂနာမငြိမ် ဖြစ်နေသည်။ မွေးပြီးဆိုသည်နှင့် သားဖွားခန်းထဲပြေးဝင်ပြီး သားငယ်ကို ငုံ့ကြည်သည်။ ကလေးမှာ လက်သီးဆုပ်ပြီး မွေးလာသည်ကို တွေ့ရသည်။ သို့နှင့် ကလေးနားကပ်ပြီး အော်သည်။

“သား၊ သား၊ လက်ကို ဖြန့်လိုက်၊ ဖြန့်လိုက်”

ချာတိတ်က ပြန်ပြောသည်။

“အဖေ . . . အော်မနေနဲ့၊ ကျွန်တော့လက်ထဲမှာ ဆရာဝန်ရဲ့ လက်စွပ်”

++++++++++++++++++++++++++++++++++++



သိချင်တာ

ဗေဒင်ဆရာ။ ။ ခင်ဗျားရဲ့ လက်ဖဝါးမှာ ကံလမ်းကြောင်းနဲ့ အာယုလမ်းကြောင်းတွေဟာ တော်တော် ထင်ရှားတာပါပဲလား။

မေးသူ။ ။ ဒါတွေ အသာထားပါဦး ဆရာရယ်၊ လောလောဆယ် ကျွန်တော့်မိန်းမ အိမ်ပေါ်က ဆင်းသွားလို့ ဘယ်လမ်းရောက်နေတယ် ဆိုတာသာ ဟောပေးစမ်းပါ။ ဖြစ်နိုင်ရင် အိမ်နံပါတ်ပါ ထည့်ဟောပေးပါ။

++++++++++++++++++++++++++++++++++++



မျက်လှည့်ဆရာနှင့် ဗေဒင်ဆရာ

ကွယ်လွန်သူ မျက်လှည့်ဆရာကြီး ဘလက်စတုန်းနှင့် နာမည်ကျော် ဗေဒင်ဆရာ ဒန်နင်းဂျားတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထိုသို့ ပြောမနာ ဆိုမနာ မိတ်ဆွေအရင်းအချာများ ဖြစ်ကြသည့်အတိုင်း သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မကြာခဏ နောက်ပြောင် ကျီစယ်လေ့ ရှိကြသည်။ တစ်နေ့တွင် ညစာစားပွဲတစ်ခုသို့ သွားရန်ရှိနေသဖြင့် နှစ်ယောက်သား အ၀တ်အစားများလဲလှယ်ဝတ် ဆင်နေကြသည်။

ထိုအခိုက် မျက်လှည့်ဆရာကြီးဘလက်စတုန်းမှာ သူ၏ လည်စီး(နက်တိုင်) အဖြူကို ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေခဲ့ရာ ဗေဒင်ဆရာကြီး ဒန်နင်းဂျားက သူ့ထံတွင် အလွယ်တကူ ရှိနေသော လည်စီးအနက်ကို လှမ်းပေးလိုက်သည်။ ဤတွင် ဘလက်စတုန်းက ဒေါပွသွားပြီး “ဒီပွဲမှာ လည်စီးအနက်နဲ့သွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ” ဟု ဖြေလိုက်ရာ ဗေဒင်ဆရာ ဒန်နင်းဂျားက “ခင်ဗျားလည်း နာမည်ကြီး မျက်လှည့်ဆရာတစ်ယောက်ပဲဗျာ။ ဒီလည်စီးအနက်ရောင်ကို အဖြူရောင်ဖြစ်အောင် လုပ်လိုက်ပေါ့ဗျ” ဟု ပြောလိုက်သည်။

ဤတွင် မျက်လှည့်ဆရာကြီးက အားကျမခံဘဲ “ဒီလိုဆိုခင်ဗျားလည်း နာမည်ကျော် ဗေဒင်ဆရာတစ် ယောက်ပဲ ကျုပ်လည်စီးအဖြူရောင် ဘယ်နားမှာရှိတယ်ဆိုတာ ဗေဒင်တွက်ပြီး ရှာပေးပါလားဗျာ” ဟု ပြန်ပြောလိုက်ရာ ဗေဒင်ဆရာကြီးမှာ အူကြောင်ကြောင် ဖြစ်သွားခဲ့ရ၏။

++++++++++++++++++++++++++++++++++++



သတ်မှတ်နှုန်းထား

တစ်ခါက ဗေဒင်ဆရာကြီး တစ်ယောက်က သူ့ရဲ့ ဗေဒင်ကြော်ငြာမှာ...

မိန်းမ - ၅ ကျပ်
ယောက်ျား - ၁၀ ကျပ်
အခြောက် - ၂၅ ကျပ်


လို့ ရေးထားသတဲ့။ ဒါကို လူတစ်ယောက်က တွေ့တော့... “ဆရာဘာလို့ ဒီလို ခွဲခြားထားရတာလဲ၊ လူချင်း အတူတူကို” လို့ ပြောတယ်။

ဒီတော့ ဗေဒင်ဆရာကြီး ပြောပုံက... “မိန်းကလေးတွေက လာအမေးများလို့ ၅ ကျပ်၊ ယောက်ျားတွေက တခါတလေမှ လာတတ်လို့ ၁၀ ကျပ်၊ အခြောက်တွေက လာခဲလို့ ၂၅ ကျပ်” တဲ့။

++++++++++++++++++++++++++++++++++++



တော်တော် တော်တဲ့ ဗေဒင်ဆရာ

ညားကာစ လင်မယားနှစ်ယောက်ကို ဗေဒင်ဆရာက အိမ်ထောင်ရေး သာယာအောင် HOME SWEET HOME စာတန်းပါ ပန်းချီကားအား နေအိမ်တွင် အဆောင်အဖြစ် ချိတ်ထားရန်ပေးလိုက်ဧ။်။ နောက်တနေ့တွင် လင်မယားနှစ်ယောက် မျက်နှာများ ဖူးယောင်ကာ ဗေဒင်ဆရာထံ ပြန်ရောက်လာ၏။ ထိုအခါ.....

ဗေဒင်ဆရာ။ ။ နင်တို့က ဘယ်လိုဖြစ်လာကြတာလဲ။

လင်မယား ။ ။ ရန်ဖြစ်လာကြတာပါ ဆရာ ။

ဗေဒင်ဆရာ။ ။ ဟေ... နင်တို့ ငါပေးတဲ့ အဆောင်ကို အိမ်မှာ မချိတ်ဘူးထင်တယ်။

လင်မယား ။ ။ မဟုတ်ပါဘူး ဆရာ။

ဗေဒင်ဆရာ။ ။ ဘာမဟုတ်ရမှာလဲ ငါပေးတဲ့ အဆောင်ကို နင်တို့ အိမ်မှာ မချိတ်လို့ အခုလို ဖြစ်ရတာပေါ့။

လင်မယား ။ ။ မဟုတ်ပါဘူးဆရာ ဆရာပေးတဲ့ အဆောင်ကို သူကဒီနေရာချိတ်မယ် ကိုယ်က ဒီနေရာ ချိတ်မယ် အငြင်းပွားရင်းနဲ့ ရန်ဖြစ်ကြတာပါ ဆရာ။

ဗေဒင်ဆရာ။ ။ ဟေ။

++++++++++++++++++++++++++++++++++++

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

6 comments:

  1. ခုတလော တဏှာတကြောထတဲ့ ဗေဒင်ဆရာအမည်ခံ ခွေးမသားကြောင့် နာမည်ပျက်ပြီးသား ဗေဒင်လောကကြီး ပုပ်စော်ပိုနံသွားတယ်.. ဗေဒင်ပညာရှင်တွေကို ဂုဏ်တက်စေမယ့် သမိုင်းစဉ်ဆက်တွေလည်း ဖော်ထုတ်ရေးသားပါဦး ဆရာအုပ်စိုးရေ.။ လောလောဆယ်တော့ ပြုံးစေ့စေ့ ဖြစ်မိပေမယ့် နောင်ဆိုရင် ..လှောင်ပြောင်စရာထက် ပီတိဖြာအားရစေမယ့် စာတွေကို ပိုဖတ်ချင်ပါသေးတယ်။

    ReplyDelete
  2. လောကမှာ အမဲရှိရင် အဖြူရှိသလို... လူဆိုးတွေ ရှိရင်လည်း လူကောင်းတွေ ရှိတာ အသေအချာပေါ့ဗျာ။ လေးစားထိုက်၊ အတုယူထိုက်တဲ့ ပညာရှင်တွေ အကြောင်းကို အလျဉ်းသင့်တဲ့အခါ ရေးသားတင်ဆက်ပါ့မယ် ကိုရန်းရေ... စုထားတာလေးတွေ ရှိပါတယ်ဗျာ။

    ReplyDelete
  3. Excellent article! From which book/magazine did you get the first cartoon?

    ReplyDelete
  4. I got it from the site: http://www.modins.net/

    You can get a lot in the cartoon section!

    ReplyDelete
  5. Great, thank you! I think the cartoonist's name is U Ba Gyan?

    ReplyDelete
  6. ယခုမှဖတ်ဖြစ်ပါသည်။ကာတွန်းများကိုပါထည့်သွင်းဖေါ်ပြသဖြင့်.
    စိတ်မောပန်းနေသူ တစ်ယောက်မှ ပျော်စရာကောင်းသောမိသားစု၏အိမ်သို့
    အလည်ရောက်သွားသကဲ့သို့..စိတ်တွင်ကြည်လင်ပေါ့ပါးသွားပါသည်။ထို့ကြောင့် ယခုထက်ပိုမို၍တိုးတက်မည်ဟူ၍ယုံကြည်ပါကြောင်းနှင့်စာဖတ်ပရိသတ်များ
    တဆင့်စကားဆင်နာကြး၍ပိုမိုကျယ်ပြန့်လာမည်ဟုပြောကြားလိုပါသည်။
    စိတ်မွန်းကျပ်နေသူများအတွက် အရိပ်လေးတခုဖြစ်သွားပါသည်။
    ခင်မင်လေးစားစွာဖြင့်
    ခင်မိုးညို

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။