Wednesday, July 14, 2010

မြန်မာမှု တားရော့


မြန်မာမှု တားရော့ပါ။ ရန်ကုန်က မိတ်ဆွေတစ်ယောက်က ကျွန်တော့်အတွက်ဆိုပြီး တကူးတက ဝယ်လာခဲ့တာပါ။ ကြည့်လိုက်တော့ ဆရာမင်းသိင်္ခ ဖန်တီးထားတာ ဖြစ်နေပါတယ်။ မေဂျာကတ် ၂၂ ချပ်တည်း ပါပါတယ်။ မြန်မာမှု ပန်းချီဆရာကြီး ဦးအေးမြင့်ရဲ့ မြန်မာဆန်တဲ့ လက်ရာတွေနဲ့ပါ။ တော်တော်လေး မြန်မာဆန်တဲ့ တားရော့ပါ။

ဒီနေရာမှာ ပြောချင်တာက ဒီပို့စ်ကိုရေးရခြင်းက ဝေမျှလိုရင်း သက်သက်ဖြစ်ပါတယ် ဆိုတာကိုပါ။ ဖဲထုပ်ကို ကြော်ငြာတာ မဟုတ်သလို၊ ဖဲထုပ်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ဝေဖန်သွားမှာလည်း မဟုတ်ပါဘူး။ ဖဲထုပ်ကို သပ်သပ်ရပ်ရပ်ကလေး ဗူးနဲ့ ထည့်ထားပါတယ်။ ထိုစာအုပ်ရဲ့ အမှာစာ တစ်စိတ်တစ်ပိုင်းမှာ ဆရာမင်းသိင်္ခက...
လူအများ သုံးစွဲရ လွယ်ကူစေရန်နှင့် မြန်မာဆန်စေရန် မူရင်း နိမိတ်ပုံများကိုလည်း ကျွန်ုပ်ကိုယ်တိုင် အာရုဏ်ခံ စဉ်းစား စီစဉ်ကာ ကျွန်ုပ်လေးစားရသော မြန်မာမှု သုတေသီ ပန်းချီဆရာကြီး ဦးအေးမြင့်ထံတွင် ရေးဆွဲခိုင်းပြီးလျှင် သေချာစွာ စီစစ်၍ ကတ်ပြားများ ရိုက်နှိပ်ရန် စီစဉ်လေတော့၏

ဟု ဆိုထားလေသည်။

စာအုပ်ထဲမှာ တားရော့ ၂၂ ချပ်စလုံးကို နှိုးတဲ့ မန္တာန် တစ်ပုဒ်စီပါဝင်ပြီး။ ရှေးဦးရွတ်ဆိုရသော မန္တာန်ကြီး တစ်ပုဒ်အပါအဝင် စုစုပေါင်း အနှိုးမန္တာန် ၂၃ ခုပါဝင်ပါတယ်။ ဆရာမင်းသိင်္ခရဲ့တားရော့ ဟောနည်း စာအုပ်တွေမှာ ပါဝင်နေကျ မန္တာန်တွေဖြစ်လို့ အထွေအထူး ထပ်မံ မဖော်ပြတော့ပါဘူး။



ဒီမြန်မာမှု တားရော့ တွေကို ဒေါင်းလုပ် ယူချင်တယ် ဆိုရင်ဖြင့် ဒီအောက်က လင့်ခ်မှာပါ။

မြန်မာမှု တားရော့ >>> http://picasaweb.google.com/mmtarotlenormand/iQRuiE#

ကမ္ဘာအရပ်ရပ်က ပညာရှင် အသီးသီးဟာ တားရော့တွေကို ပုံစံအမျိုးမျိုး၊ နိမိတ်ပုံ အသွယ်သွယ်နဲ့ ဖန်တီးကြပါတယ်။ ဒီအထဲမှာ ဆရာမင်းသိင်္ခလည်း တစ်ဦးပါတယ်လို့ ဆိုရပါမယ်။ သူတီထွင်ခဲ့တဲ့ အထဲမှာ “စမ တားရော့” ဆိုတာလည်း တစ်ခုပါပါတယ်။ ပန်းချီဆရာကြီး ဦးအေးမြင့်ရဲ့ မြန်မာမှု လက်ရာတွေနဲ့ပဲ လီနော်မန်ကတ်တွေကိုလည်း သူဖန်တီးခဲ့ဖူးပါတယ်။



မြန်မာပြည်မှာ တားရော့ကို လူသိများထင်ရှားအောင် လုပ်ခဲ့တဲ့သူတွေထဲမှာ ဆရာမင်းသိင်္ခလည်း တစ်ဦးပါပါတယ်။ သည့်တိုင်အောင် သူထွင်ထားတဲ့ တားရော့တွေ၊ လီနော်မန်တွေကို ဘယ်သူတွေက အသုံးပြုမယ်ဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ သေချာတာကတစ်ခုတော့ ပြောနိုင်ပါတယ်... ၂၂ ချပ်၊ ၃၆ ချပ် စသည်ဖြင့် ရှိတဲ့အတွက် ဒါတွေကို တားရော့၊ လီနော်မန် စသည်ဖြင့် ရဲရဲဝံ့ဝံ့ တံဆိပ်ကပ်လို့ ရပါတယ်။ ဟုတ်ပါတယ်။ အခု “မြန်မာမှု တားရော့” ဟာလည်း မြန်မာဆန်အောင် မြန်မာမှု ပြုထားတဲ့ မေဂျာ ၂၂ ချပ်ပါတဲ့ မြန်မာမှု တားရော့ပါ။ မြန်မာ့တားရော့ မဟုတ်သလို၊ မြန်မာ့ရိုးရာ တားရော့လည်း မဟုတ်ပါဘူး။

ပြောချင်တာတွေက ဒီလောက်ပါပဲ။ စကားစပ်လို့ ဂလုဂလုနဲ့ မြန်မာမှု သိပ်လုပ်ချင်နေသူတွေကို မြန်မာဆန်ဆန် ကဗျာလေး တစ်ပုဒ်နဲ့ စောင်းချိတ်လိုက်ပါတယ်။

“အလွဲကဗျာ”

နှစ်ထောင်တန်ဖိုး
ပုဆိုးကြီးခြုံ
ပြောလိုက်ပုံမှာ
ဒို့များရိုးရာ
ဘောင်းဘီတဲ့ဗျာ။

အူလှိမ့်အောင်တက်
ခွက်ထိုးခွက်လန်
ရယ်ပြန်လေလျှင်
အမြင်စောင်းကြ လေတော့မည်။


အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။