Monday, March 8, 2010

Tarot နှင့် သူ၏ရုပ်ပုံများ (၂)

(Source: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4IHQUAlgZ2b4uvQMU9s5iKBgqzyulz3turN93cSXWhz9hwWON1ukB4t4PSw1wL0rfDE7_wIAipSvcjN9W7mXnrOWiWkoY0GSwbtvuVlqKV4vow2UuxEEraki1ehB25AphaITtQLYKKQ/s1600-h/img+tarot+18166.jpg)

ကိုအုပ်စိုးလို တစ်ရက်ကို တစ်ခုလောက် မရေးနိုင်သော်လည်း အရည်အတွက်ထက် အရည်အချင်းကို ရလိုရငြား တစ်ပတ်ကို သင်္ကေတ တစ်ခုလောက် ကြိုးစားပြီး ရေးကြည့်ပါတယ်။ ရေးဖို့ ဖတ်ရတော့ ကိုယ့်အတွက် အသိပညာ တိုးပေမယ့် ဘာသာပြန် အလုပ်ဟာ အင်မတန်မှ ပျင်းရဖို့ကောင်းပြီး စိတ်မရှည်စရာ ကောင်းပါတယ်။ တချို့ စကားလုံးတွေကို အဘိဓာန်မှာရှာတွေ့ပေမယ့် ကိုယ်တိုင်တောင် အဓိပ္ပါယ်ကို ရှင်းရှင်း လင်းလင်း မကွဲပြားတာမို့ အမှားအယွင်း မရှိစေရန် မူရင်း အင်္ဂလိပ်လိုကိုပါ တွဲထဲ့ ပေးထားပါတယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အချိန်ယူပြီး ဆက်လက် ရေးသားသွားပါ့မယ်။

+ + + + + + +

Bench


ခုံတန်းလျား ပါတဲ့ တားရော့ကတ်တွေဟာ အသေးစိတ်ပြန်လည် စိစစ်ရမယ့် အချိန်လို့ ဆိုလိုတာပါ။ ထိုင်ခုံရဲ့သဘောသဘာဝအရ မေးခွန်းမေးမြန်းသူအား ထိုင်ခိုင်းခြင်း၊ အနားယူခိုင်းခြင်း၊ ပြန်လည် သုံးသပ်စေခြင်း တို့ကို ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။

ခုံတန်းလျား ပါတဲ့ တားရော့ကတ်တွေရဲ့ စိတ်ဝင်စားစရာ ဆက်သွယ်မှုကတော့...

  • အနားယူခြင်း (Rest)
  • စဉ်းစားချင့်ချိန်ခြင်း (Contemplation)
  • တရားထိုင်ခြင်း (Meditation)
  • ပြန်လည်စုစည်းခြင်း (Regrouping)
  • လှုံခြုံမှု (Safety)
  • အကူအညီ၊ ထောက်အပံ့ (Assistance)
  • အခြေခံအုတ်မြစ် (Foundation)
  • စောင့်ဆိုင်းခြင်း (Waiting)
  • စိတ်ရှည်သီးခံခြင်း (Patience)

သိပ်မထူးခြားတဲ့ ခုံတန်းလျားကို တားရော့ရဲ့ သင်္ကေတတစ်ခုအနေနဲ့ ဖွင့်ဆိုတာက ထူးခြားနေပါလိမ့်မယ်။ ခုံတန်းလျားတွေဟာ ထူးခြားပါတယ်။ ကျွန်ုပ်တို့ရဲ့ အသိစိတ်ကို “ဒိန်း” ဆိုပြီး ရိုက်ခတ်သွားလောက်အောင်ကို သတိပြုသင့်တဲ့ သင်္ကေတပါ။

ခုံတန်းလျား သင်္ကေတာကို တားရော့ဖတ်ကြားခြင်းမှာတွေ့ မြင်တဲ့အခါ နံဘေးပတ်လည်က ကဒ်တွေနဲ့ ဆက်စပ်ပြီးတော့ ဗေဒင်မေးသူ အတွက် အနားယူဖို့ အပန်းဖြေဖို့ (ဒါမှမဟုတ်) ချင့်ချိန် စဉ်းစားသင့်တဲ့အချိန် အခါကို ညွန်ပြတာလို့ ယူဆရပါမယ်။

ခုံတန်းလျားသင်္ကေတရဲ့ သဘောကျစရာ ကောင်းတဲ့ အချက်ကတော့ အနားယူခြင်းနှင့် သီးခံခြင်းပဲဖြစ်ပါတယ်။ ဆိုလိုတာက ခက်ခဲကြမ်းတမ်းတဲ့ခရီးကို လျှောက်လာခဲ့တဲ့ ကျွန်ုပ်တို့ အားလုံး နီးပါးဟာ မိမိကိုယ်ကိုယ် စိတ်သက်သာရာ ရဖို့ လုပ်သင့်တယ်၊ လမ်းခရီးတစ်နေရာမှာ အနားယူဖို့ လိုအပ်နေတယ် စတာတွေကို သတိပေးခြင်းပဲ ဖြစ်ပါတယ်။

ခုံတန်းလျား သင်္ကေတဟာ စိတ်သက်သာရာ ရစေတယ်ဆိုတဲ့ အဓိပ္ပါယ်လဲဖြစ်ပါတယ်။ ကြမ်းတမ်း ခက်ခဲတဲ့ ခရီးလမ်းကို ဖြတ်သန်းလာတဲ့ ဗေဒင်မေးမြန်းသူအတွက် ဘယ်ခရီးလမ်းကို ရွေးခြယ်သင့်တယ် ဆိုတာ ဒီအချိန်မှာ ပြန်လည်ချင့်ချိန် စဉ်းစားသင့်တယ်လို့လည်း ဆိုလိုပါတယ်။

ခုံတန်းလျား သင်္ကေတရဲ့ နောက် အဓိပ္ပါယ်တခုကတော့ Regrouping ဆိုတဲ့ ပြန်လည်စုစည်းခြင်းပါ။ ရေပြင်ညီ တည်ရှိနေတဲ့ ထိုင်ခုံမျက်နှာပြင်ဟာ ဗေဒင်မေးမြန်းသူသည် တည့်မတ်တဲ့ အနေအထားမှာ ရပ်တည်နေတယ်လို့လည်း ဆိုလိုပါတယ်။ ခုံတန်းလျား သင်္ကေတကို တိုက်ရိုက်ဖွင့်ဆိုရလျှင်... “ကျွန်ုပ်သည် ငြိမ်သက်သော မျက်နှာပြင်တွင် ရပ်တည်နေသည်... အရုဏ်ဟူသော စအပျိုးခြင်း ကို လက်ခံရမည်လော... ဆည်းဆာဟူသော အဆုံးသတ်ခြင်းကို လက်ခံရမည်လော...” ဟု နားလည်နိုင်ပေမည်။

ထိုင်ခုံတန်းလျား သင်္ကေတဟာ ဂဏန်းဗေဒင်နဲ့  လည်း ပတ်သက်ပါတယ်။ တားရော့ဖဲထုပ်ကို လိုက်ပြီး ခုံတန်းလျားမှာ ခြေ ၂ချောင်း (သို့) ၄ချောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ ခြေထောက် ၄ချောင်းဆိုရင်... “အခြေခံ အုတ်မြစ်၊ ဖွဲ့စည်းမှု၊ တည်ငြိမ်မှု၊ အခြေကျသော စွမ်းအင်များ” စတာတွေကို ကိုယ်စားပြုပါတယ်။ ထိုင်ခုံခြေထောက် ၂ချောင်းဆိုရင်ဖြင့် “ဘက်ညီမျှခြင်း၊ ရွေးချယ်မှု၊ ၂ခု ၂မျိုးစသော ဒွိသဘာဝ၊ ဆန့် ကျင်ဘက် အရာနှစ်ခု” စတာတွေကို ကိုယ်စားပြုပါတယ် ။

ကျွန်ုပ်တို့ ရွေးချယ်ရမယ့် တားရော့ဖွင့်ဆိုချက်တွေက ပတ်ဝန်းကျင်က ကဒ်တွေနဲ့လည်း သက်ဆိုင်တဲ့အပြင် ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်အမြင်ပေါ်မှာလည်း မူတည်နေပါတယ်။

Rider Waite တားရော့မှာ ခုံတန်းလျားပါတဲ့ ကတ်တွေကတော့... 3 of Pentacles, 8 of Pentacles, 2 of Swords, 9 of Cups တို့ပဲဖြစ်ပါတယ်။



+ + + + + + +

Bird


တားရော့မှာ ပါတဲ့ ငှက်ကတ်ပြားကတော့ အဆင်မြင့်တွေးခေါ်မှုတွေ၊ စိတ်ဝိဉာဉ်ဆိုင်ရာတွေနဲ့ ပတ်သက်ပါတယ်။ ငှက်တွေဟာ လေထုထဲက သတ္တဝါတွေ ဖြစ်တဲ့အတွက် အဆင့်မြင့်တဲ့ စံနမူနာ ထားစရာတွေအဖြစ် ယူဆနိုင်ပြီး တားရော့ဟောကိန်းမှာ ဒီသင်္ကေတ ကျလာရင်ဖြင့် ကျွန်ုပ်တို့ရဲ့ နှလုံးသားကို အချုပ်အနှောင်များကနေ ပေါ့ပါးလွတ်လပ်စေပြီး အထက်ကို တက်ရောက်စေသင့်တယ်လို့ ဆိုလိုပါတယ်။

တားရော့ သင်္ကေတတွေထဲမှာ ငှက်ရုပ်ပုံဟာ ကျွန်ုပ်တို့ရဲ့ ဖတ်ကြားမှုကို ထူးထူးခြားခြား ဥာဏ်အလင်းရစေပါတယ်။ ငှက်ရုပ်ပုံရဲ့ ဆိုလိုချက်တွေကို ကြည့်မယ်ဆိုရင်...

  • အထက်သို့ တက်ခြင်း (Ascension)
  • မြင့်မားသော အတွေးအခေါ်(Higher Thought)
  • အတွေးအခေါ်ဖြင့် လမ်းညွှန်ခြင်း (Navigation of Thoughts)
  • အပေါ်စီးမှ အမြင် (An Aerial View)
  • မြင့်မားသော စံနမူနာ (High Ideals)
  • စိတ်ကူးဉာဏ်ကွန့် မြူးမှု (Inspiration)
  • မျှော်လင့်ချက် (Hope)
  • ကောင်းကင်ဘုံ နှင့် ဆက်သွယ်ခြင်း (Divine Communication)
  • စိတ်ပေါ့ပါး ပျော်ရွင်ခြင်း (Lightheartedness)

တားရော့ဖတ်ကြားနေဆဲမှာ အာရုံထဲကို ငှက်ရုပ်ပုံပေါ်လာခြင်းဟာ မေးမြန်းသူ ကောင်းမွန်တဲ့အနေအထား သို့ မဟုတ် မြင့်မားတဲ့ အချိတ်အဆက် ရရှိနေပြီလို့ ဆိုရပါမယ်။

ဘာကြောင့်လဲဆိုရင် ငှက်ဟာ လေထုကိုပိုင်ဆိုင်သူ ဖြစ်တဲ့အတွက် ဒီသင်္ကေတဟာ သိမ်မွေ့ အနုစိတ်တဲ့ အလွှာတွေနဲ့ ဆက်စပ်နေပါတယ်။ (လေဓာတ်ကို ကိုယ်စားပြုတဲ့ ဓားပုံသင်္ကေတ suit of sword နဲ့လည်း ပတ်သက်နေပါတယ်)

ငှက်တွေဟာ လေထုနဲ့ ကမ္ဘာမြေကြီးရဲ့သတ္တ၀ါဖြစ်တယ်ဆိုတာလည်း ကျွန်ုပ်တို့ ဖွင့်ဆိုချက်ထုတ်တဲ့အခါ မေ့ထားလို့ မရပါဘူး။ တားရော့သင်ကေတအရ ငှက်တွေဟာ နတ်မိမယ်တွေလိုပဲ သတင်းစကားတွေကို ကောင်းကင်ပြင်မှ (နတ်ပြည်၊ ကောင်းကင်ဘုံ၊ မသိစိတ်) ကမ္ဘာမြေကြီး (အရေးကိစ္စများ၊ လက်တွေ့ကျမှုများ၊ သိစိတ်) သို့ အပြန်အလှန် ဆက်သွယ်ပေးတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

သင်နဲ့ သင့်ရဲ့ဗေဒင်မေးမြန်းသူထံကို ငှက်တွေရဲ့ စိုးစိုးစီစီမြည်သံတွေနဲ့အတူ သယ်ဆောင်လာမှာကတော့ ချိုသာတဲ့ သတင်းစကားတွေ မြင့်မြတ်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင်... ကို မြင့်မြတ်တဲ့ တမန်တော်အဖြစ် ဂမ္ဘီရနယ်ပယ်တွေမှာ ယူဆလေ့ရှိပါတယ်။

ငှက်ရုပ်ပုံတွေကို major card ၂ခုဖြစ်တဲ့ the world နဲ့ the wheel of fortune တွေမှာ တွေ့ရမှာဖြစ်ပြီး... အဲဒီ ကတ်နှစ်ကတ်အရ ငှက်ပုံဟာ Four fixed sings of Zodiac (Tarus, Scorpio, Leo, Aquarius) ထဲက Scorpio ဆိုတဲ့ ဗြိစ္ဆာရာသီရုပ်ကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ ဒီငှက်ပုံကို အများအားဖြင့် လင်းယုန်ငှက်ပုံဖြင့် ရေးဆွဲလေ့ရှိပါတယ်။

Rider Waite တားရော့ထဲမှာ ငှက်ပုံပါတဲ့ ကတ်တွေကတော့... Wheel of fortune, Star, World ကတ်တွေပဲ ဖြစ်ပါတယ်။



+ + + + + + +

Blindfold


မျက်နှာတွင် အဝတ်စီးစားသော (Blindfold) သင်္ကေတကို ခန့်မှန်းကြည့်လျှင် ကိစ္စရပ်များကို ကောင်းစွာမမြင်နိုင်ခြင်းကို ပြဆိုသည်ဟု ယူဆနိုင်ပေသည်။ အမှန်တရားကို ရင်ဆိုင်ဖို့ တွန့်ဆုတ်နေခြင်း၊ လက်ရှိကို လက်ခံရန် မဖြစ်နိုင်ခြင်းစသည့် ကျွန်ုပ်တို့၏ နောက်ကွယ်မှ အတွေးစများနှင့် သက်ဆိုင်သော သင်္ကေတလည်း ဖြစ်လေသည်။ မျက်စိ အဝတ်စည်းထားခြင်း သည် ကျွန်ုပ်တို့အနေဖြင့် ရိုးသားပွင့်လင်းရန် လိုအပ်သလို အခြားသောရှုထောင့် အမြင်တို့ကိုလည်း လေ့လာ သုံးသပ်သင့်သည်ကို ပြဆိုလေသည်။

တားရော့တွင်ပါသော အဝတ်စည်းထားသော သင်္ကေတသည် ဒဲ့ဒိုးကျပြီး ရိုးစင်းသော အဓိပ္ပါယ်ကို ပေးလေသည်။

  • ကန့်သတ်သောအမြင် (Limited View)
  • ဖိနှိပ်ခံရမှုကို ခွင့်ပြုခြင်း (Allowing Victimization)
  • ပြတ်သားရှင်းလင်းခြင်းမှ ကို ဆန့်ကျင်ခုခံခြင်း (Resistance to Clarity)
  • လက်တွေ့အား ငြင်းဆန်ခြင်း (Denial of Facts)
  • အာရုံခံစားမှု ချို့တဲ့ရခြင်း (Sensory Deprivation)
  • အကန်း (ဝါ) တိမ်းချော်သော အာရုံသိမှု (Blinded or Skewed Perception)

မျက်နှာတွင်အ၀တ်စည်းထားသော သင်္ကေတသည် စိတ်ဓာတ်ကျဖွယ်၊ မျှော်လင့်အားရဖွယ်မရှိသော ပါဝင်ပတ်သက် လုပ်ဆောင် နေရခြင်းကို ပြဆိုလေသည်။ အကောင်းမြင်ဘက်မှကြည့်လျှင် “Justice is Blind... တရားမျှမှုသည် ကန်းလေသည်” ဆိုသော ဆိုရိုးကို သတိရနိုင်သည်။ ဒီဆိုရိုးရဲ့ အဓိပ္ပာယ်ကို ရုတ်တရက်ဆိုလျှင် သဘောပေါက်ရန် ခဲယဉ်းလေသည်။ ဆိုလိုသည်မှာ အမှန်တရားသည် မျက်ကန်းသဖွယ် မည်သူ့ကိုမျှ ဂရုမစိုက်၊ ဘက်မလိုက်ဘဲ စီရင်သည်ဟု (Justice is equal to all) ကို ဆိုလိုခြင်းဖြစ်လေသည်။ ဤသည်မှာ အကောင်းဘက်မှ ရှုမြင်ခြင်းဖြစ်သည်။

အချစ်မှာ မျက်စိမရှိ “Love is Blind” ဆိုသော ဆိုရိုးသည်လည်း Blindfold သင်္ကေတအား ကောင်းသော အဓိပ္ပါယ်ဖြင့် ယူဆခြင်းပင် ဖြစ်လေသည်။ ကျွန်ုပ်တို့၏ လက်တွေ့ အပြင်ပန်းသည် မည်မျှ ကြမ်းတမ်းနေစေကာမူ အဆုံးသတ်မတော့ နှလုံးသား၏ ဦးဆောင်ရာနောက်သို့ လိုက်ရသည်သာ ဖြစ်လေသည်ကို ဆိုလိုခြင်း ဖြစ်လေသည်။

တားရော့ ဟောကြားသောအခါ မျက်စိအဝတ်ဖုံးထားသူ ရုပ်ပုံ ကျလာခြင်းသည် Face Facts ဟု ဆိုသော ရင်ဆိုင်ရမည့် ကိစ္စရပ်များနှင့် သက်ဆိုင်လေသည်။ ဒီသေင်္ကတအရ ဗေဒင်မေးမြန်းသူသည် ကြုံတွေ့ခံစားနေရသော ရှုပ်ထွေးသော အခြေအနေများကို လက်ခံရန်၊ ရင်ဆိုင်ရန် ငြင်းဆန်နေသည်ဟု ယူဆနိုင်လေသည်။ လက်ရှိကြုံတွေ့နေသော စိန်ခေါ်မှုများကို ဆက်လက် ဖြေရှင်းရန်မှာ အပြုသဘောဆောင်သော အမြင်နှင့် သဘောတူလိုက်လျောခြင်းသာလျှင် ရှိလေတော့သည်။

မျက်စိအဝတ်စီးခံရခြင်းကို သိစိတ်အမြင်နှင့် မသိစိတ်အမြင် ၂ ခုစလုံးမှ ယူဆနိုင်လေသည်။

သိစိတ်အားဖြင့်... ဘဝသည် သိရှိခံစားနေသော အာရုံတို့ဖြင့် ထိန်းကြောင်းသွားနေသည်ဟု ဆိုလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် How we see ဆိုတော့ အမြင်ကိုလက်ခံခြင်းထက် How we feel ဆိုတော့ စိတ်စေရာလက်ခံသော ခံစားချက်၏ နောက်လိုက်များဟု ဆိုနိုင်ပေတော့သည်။

မသိစိတ်အားဖြင့်... ကျွန်ုပ်တို့သည် မျက်စိစုံမှိတ်လျှက် သူကန်းကဲ့သို့ ဘဝကို ဖြတ်သန်းသွားလာနေသည် ဟု ယူဆနိုင်သည်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ရှိသော မြင့်မြတ်သည့် လောကများကို သတိမမူမိ။ ထိုသို့သော လမ်းခရီးမျိုးတွင် ကျွန်ုပ်တို့၏ အဇ္ဈတ္တ- ဗဟိဒ္ဓ (အတွင်း-အပြင်) ကို လွှမ်းမိုးခြယ်လှယ်နေသော စွမ်းအားများကို သတိမမူ ဂူမမြင်ကဲ့သို့ သဲလွန်စ မဲ့ရလေသည်ဟု ဆိုနိုင်ပေတော့သည်။

မျက်နှာအဝတ်စည်း သင်္ကေတပါတဲ့ Rider Waite ကတ်တွေကတော့... 2 of Swords, 8 of Swords ကတ်တွေပဲ ဖြစ်ပါတယ်။



+ + + + + + +

Boat

Boat ဟုဆိုသော လှေသမ္ဗာန် သင်္ကေတသည် သိစိတ်၏ အောက်ခြေအလွှာတွင် ရိုက်ခတ်နေသော အတွေးများနှင့် ပတ်သက်လေသည်။ ထိုအတွေးများသည် ကျွန်ုပ်တို့ကို လှုပ်ရှားမှုဖြစ်စေမည့် အလားအလာများ ရှိလေသည်။ အဆိုပါ သင်္ကေတသည် ပိုမိုလေးနက်သော အတွေးအခေါ်များနှင့်လည်း ပတ်သက်ပြီး ထိုအတွေးအခေါ်များက ဖြစ်စေသော လှုပ်ရှားမှုများနှင့်လည်း သက်ဆိုင်ပြန်သေးသည်။ ထိုမျှမက သမ္ဗာန်သည် တခြားသော ဦးတည်ရာသို့ ခရီးသွားခြင်း အဓိပ္ပာယ်ကိုလည်း ဆောင်ပါသေးသည်။

Boat သင်္ကေတနှင့် ဆင်သော အခြား တားရော့သင်္ကေတမှာ Ship ဆိုသော ရွက်သင်္ဘော သင်္ကေတေဖြစ်ပြီး ၂ ခုစလုံးမှာ ခရီးသွား၊ ရွေ့ပြောင်းခြင်းတို့ကို ရည်ညွန်းလေသည်။ အဆိုပါသင်္ကေတများသည် ကျွန်ုပ်တို့အတွက် အောက်ပါမေးခွန်းများကို ဖြစ်စေ လေတော့သည်။

  • ကျွန်ုပ် ဘယ်ကို သွားနေတာပါလဲ။
  • ကျွန်ုပ် ဘဝရဲ့ လမ်းပြမြေပုံ (ဝါ) သံလိုက်အိမ်မြှောင်က ဘာပါလိမ့်။
  • ကျွန်ုပ်သည် ခရီးအတွက် အဆင်သင့်ဖြစ်နေပြီလား။
  • ဘဝကို ကျွန်ုပ်ဘယ်လို ရွက်လွှင့်ရမှာပါလဲ။
  • ဆိုးရွားတဲ့ အခြေအနေတွေကို ကျွန်ုပ်ဘယ်လို ထိန်းကွပ်ရမှာပါလဲ။

ရေဓာတ်သင်္ကေတဖြစ်တဲ့ ခွက်ပုံသဏ္ဍာန်ကတ်ပြား (Suit of Cups) တွေကို တားရော့မှာ အရေးပါတဲ့အနေအထားက စဉ်းစားသလို သင်္ဘောပုံတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ရေနဲ့ သင်္ဘော၊ သမ္ဗာန်တွေဟာ ယင်းနဲ့ ယန်လို ခွဲခြားမရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် သင်္ဘော၊ သမ္ဗာန် စတဲ့ သင်္ကေတတွေ ကျလာရင် အလေးထားစဉ်းစားသင့်ပါတယ်။ ဒီသင်္ကေတွေက ဆိုလိုတာတွေကတော့...

  • စိတ်ခံစားချက်များ (Emotions)
  • အိပ်မက်များ (Dreams)
  • အသိသညာ (Intuition)
  • လေးနက်သော သိခြင်း (Deeper Knowing)
  • စီးဆင်း ပြောင်းလဲခြင်း (Fluidity)
  • ပြောင်းလဲလွယ်ခြင်း (Flexibility)
  • စိတ်စွမ်းအား အမြင် (Psychic Perception)

တားရော့မှာ ရှိတဲ့ သမ္ဗာန် သင်္ကေတဟာ ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက် ဒီရေလှိုင်းတွေကို ကျော်ဖြတ်ပြီး စွန့်စားဖို့ လိုအပ်တာကို ပြဆိုပါတယ်။ ထိုမျှမက သမ္ဗာန်တွေဟာ ကျွန်ုပ်တို့ရဲ့ ဖြစ်တည်မှု စွမ်းအားပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ဖို့ ယာဉ်တစ်ခုလည်း ဖြစ်ပါတယ်။

တားရော့ ဟောတဲ့အခါ သင်္ဘော၊ သမ္ဗာန် စသည် ကျလာခြင်းဟာ ခရီးသွားခြင်း စတာတွေကို အပေါ်ယံပြဆိုပေမယ့် ဖြန့်ကျက်ပုံအရ ပတ်ဝန်းကျင်ကနီးစပ်ရာ ကတ်တွေနဲ့ ပေါင်းစပ်ပြီး Inner Vision ဆိုတဲ့ အတွင်းအနှစ်သာရ သဘောတရားကိုလည်း ရှာဖွေသင့်ပါတယ်။

“May the sails of your soul always billow with fresh winds of wisdoms... သင့်ရဲ့ စိတ်ဝိဉာဉ် ရွက်တိုင်တွေကို လတ်ဆတ်တဲ့ အသိပညာလေတွေနဲ့ အမြဲ ရွက်လွှင့်ပါ” ဆိုတဲ့ စကားလိုပါပဲ။ သင်္ဘော၊ လှေ စတဲ့ သင်္ကေတတွေဟာ ကျွန်ုပ်တို့ရဲ့ စိတ်ခွန်အားကို ယာဉ်တစ်ခု အနေနဲ့အသုံးချပြီး မုန်တိုင်းတွေ၊ လှိုင်းထန်ပြင်လယ်ပြင်တွေကို ဖြတ်ကျော်ဖို့ ပြောနေတာပဲ ဖြစ်ပါတော့တယ်။

Rider Waite တားရော့ထုပ်မှာ သမ္ဗာန်ပုံ (ရွက်လှေမဟုတ်ပါ) ပါတဲ့ ကတ်ကတော့ 6 of Swords ကတ်ပဲ ဖြစ်ပါတယ်။



မေတ္တာဖြင့်
မိုးသူ

(Reference: http://www.tarotteachings.com/index.html)

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။