Sunday, June 27, 2010

STAR+GATE



မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုလက်ဆောင်ပေးတာပါ။ STAR+GATE: A Tool for Intuition လို့ နာမည်ရပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ Since Game (သိပ္ပံကစားနည်း) တစ်ခုလိုလို ဖြစ်နေပါတယ်။ ဗူးရဲ့ ဒီဇိုင်းကလည်း အဲလို ဖြစ်နေပါတယ်။ သေချာကြည့်တော့ မဟုတ်ပါဘူး။ တားရော့၊ လီနော်မန် တို့လိုပဲ ကံကြမ္မာဖတ်ရာမှာ အသုံးချလို့ရတဲ့ ကတ်တွေ ဖြစ်နေတာပါ။ အားလုံးကတ်ပြား စုစုပေါင်း ၉၆ ခု ပါပါတယ်။ စာအုပ်ထဲမှာ ရေးထားတာလေး တချို့ကို မျှချင်ပါတယ်။

STAR+GATE ဆိုတာဟာ ကစာနည်း၊ ကိရိယာ၊ စနစ်၊ လမ်းစဉ်၊ အတွေ့အကြုံ ကြိုက်သလို ခေါ်လို့ရပါတယ်။ အကုန်လုံးဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ STAR+GATE ကို စကားလုံး တစ်လုံးတည်းနဲ့ တိတိကျကျ ဖော်ပြလို့မရလို့ပါပဲ။

အတိုချုံးပြောရရင် STAR+GATE ဆိုတာဟာ Symbolic Cards ဆိုတဲ့ အထူးသင်္ကေတတွေ ရိုက်ထားတဲ့ ကတ်တွေကို ဆွဲထုတ်ပြီး အဖြေရှာသုံးသပ်တဲ့နည်းပါပဲ။ တဆင့်ချင်း အဖြေထုတ်သွားမယ်ဆိုရင် STAR+GATE ကို သင့်ရဲ့ နေ့စဉ်ဘဝမှာ တကယ့်အရေးကိစ္စတွေကို ရှင်းလင်းအဖြေရှာတဲ့နေရာမှာ အသုံးချနိုင်ပါလိမ့်မယ်။

Wednesday, June 23, 2010

လီနော်မန် တားရော့

(Source: http://file1.carookee.com/forum/Magieschule-Lenk/3/file/3625280/lenormand-tarot401.jpg?w)

“လီနော်မန် တားရော့” တဲ့ဗျာ။ စိတ်ဝင်စားစရာပါပဲ။ တားရော့က ၇၈ ချပ် ရှိတယ်။ လီနော်မန်က ၃၆ ချပ်ရှိတယ်။ အဲဒါကို ပေါင်းပြီးတော့ ၁၁၄ ချပ်များ လုပ်ထားလေသလား။ အသစ်များ ပေါ်လေသလား ဆိုပြီး လေ့လာကြည့်တော့ မဟုတ်ပါဘူး။ တားရော့ဖဲထုပ် ဖြစ်နေတာပါ။ ၇၈ ချပ်ပဲ ရှိပါတယ်။ တားရော့ကို လီနော်မန် ကတ်တွေနဲ့ ဆင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

တားရော့ကို လီနော်မန် ဖဲချပ်တွေရဲ့ Feeling ကို ယူပြီး ဖန်တီးထားတာဆိုပဲ။ ပြင်သစ်ပြည်ရဲ့ နောက်ခံသဘာဝတွေ ပါအောင် ဖန်တီးထားတဲ့အပြင် လီနော်မန် ကတ်တွေရဲ့ ပန်းချီပုံတွေနဲ့ပါ ခပ်ဆင်ဆင် တူအောင် ဆွဲထားလေတော့ ရုတ်တရက် ကြည့်လိုက်ရင် လီနော်မန်နဲ့ ဆင်တဲ့ တားရော့တွေပါပဲ။ သဘောကျပါတယ်။ တားရော့ ဆရာ၊ ဆရာမကြီးတွေတော့ ကြိုက်မယ့်ပုံ မပေါ်ဘူး။ ပိုက်ဆံရှိတဲ့အခါဖြင့် အင်တာနက်က မှာပြီးဝယ်ထားဦးမှလို့ စိတ်ကူးမိပါတယ်။

Thursday, June 10, 2010

ရိုင်ဒါ ကလုန်းများ

(Source: http://79.170.40.183/celticjems.co.uk/images/products/tar1413.jpg)

ကတ်ဗေဒင်တွေကို စိတ်ဝင်စားတဲ့ ကျွန်တော်ဟာ လီနော်မန်အပြင် တားရော့ကိုလည်း လေ့လာပါတယ်။ ရန်ကုန်မှာ ပထမဆုံး တားရော့ကတ်တွေကို စသုံးတဲ့အခါမှာ ဆရာမင်းသိင်္ခစာအုပ်ထဲမှာ ပါတဲ့ Mythic Tarot ဆိုတာပါ။ နောက်ပိုင်း ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဟောပေးတော့ သူတို့က လက်ဆောင်အနေနဲ့ ဖဲထုပ်တွေ ပေးတယ်။ ကျွန်တော်ကလည်း စုဆောင်းရေးသမားဆိုတော့ အရူးအမဲသားကျွေးသလို ဖြစ်နေတော့တာပေါ့ဗျာ။

ဒီလိုနဲ့ အင်တာနက် လောကရောက်လာတော့ ခင်မင်ရတဲ့ တားရော့ ဆရာဆရာမတွေဖြစ်တဲ့ ကိုချမ်းမြေ့ဦး၊ မမိုးသူတို့နဲ့ ဆုံပါတယ်။ နောက် မိတ်ဆွေတွေဖြစ်တဲ့ ကိုရန်းဂန်း၊ ကိုစိုင်းအောင်... သူတို့တွေကို မေးကြည့်တယ်။ ဘယ်ဖဲထုပ်ကို အသုံးပြုတာ များသလဲ ဆိုတော့... ရိုင်ဒါလို့ ပြောကြတယ်။ တားရော့နဲ့ ပတ်သက်လာရင် ရိုင်ဒါမှ ရိုင်ဒါဆိုပဲ။ အဲဒီတုန်းက ဖဲထုပ်တွေ အတွဲလိုက်နဲ့ ကျွန်တော်အမောင် အုပ်စိုးက သူတို့ ပြောတာကို သိပ်ဘဝင်မကျမိတာ အမှန်ပါပဲ။ ဒါနဲ့ သူတို့ အော်အော်နေကြတဲ့ အဲဒီ Rider Waite ဆိုတာကို အင်တာနက် တစ်ခွင်မှာ ခြေဆန့် ရှာမယ်လို့ စဉ်းစားမိတော့တယ်။

ရိုင်ဒါဖဲထုပ်ကို တရားဝင်မဟုတ်ဘဲနဲ့ တားရော့ပညာရှင်တော်တော်များများက ဘာကြောင့် အသုံးပြုကြတာပါလဲ။ နောက်ပြီးတော့ တားရော့သင်တဲ့ စာအုပ်၊ ဆိုက်ဒ်တော်တော်များများကလည်း စသင်တဲ့ လူတွေဟာ ရိုင်ဒါဖဲထုပ်ကို အသုံးပြုသင့်တယ်လို့ ဆိုကြတယ်။ ဒါကကော ဘာကြောင့်ဘာလဲ။ ဒီ ရိုင်ဒါဝိတ် ဆိုတဲ့ ဖဲထုပ်ဟာ အင်မတန်မှ ရှေးကျတဲ့ တားရော့ ဘိုးဘိုးကြီးဖြစ်နေလို့လားလို့ စဉ်းစားမိတယ်။ ဒါနဲ့ လိုက်ရှာကြည့်တော့လည်း မဟုတ်ဘူးဆိုတာ သိရတယ်။ အဲဒီ ဖဲထုပ်ဟာ ၁၉၁၀ ခု ပတ်ဝန်းကျင်လောက်ကမှ ထွင်ထားတာ ဆိုပဲ။ (Ref: http://en.wikipedia.org/wiki/Rider-Waite-Smith_deck)





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။