စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။
A true knight is fuller of bravery in the midst, than in the beginning of danger.
(Sir Philip Sidney)
A true knight is fuller of bravery in the midst, than in the beginning of danger.
(Sir Philip Sidney)
အရင်တစ်ခေါက်တုန်းက စတုရန်းကွက်၊ ထောင့်မှန်စတုဂံကွက်တွေမှာ မြင်းခုန်တာကို ပြောပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ပဆစ်အိမ် ခိုနန်းချိုး စတဲ့ စတုဂံပုံစံ မဟုတ်တဲ့ အင်းကွက်တွေအကြောင်းကို ပြောပြသွားပါမယ်။ အရင်တစ်ခေါက်တုန်းက မင်းခိုက်စိုးစန်ရဲ့ စာအုပ်ထဲက “အ” အလယ်သေ အင်းကို ဖော်ပြခဲ့ပါတယ်။ အဲဒီအင်းကို အကွက်စေ့အောင် မြင်းခုန်ပြီး သွားနိုင်ပေမယ့် မြင်းသေမြင်းကိုက် ခုန်ဖို့ မဖြစ်နိုင်ပါဘူး။
အင်းကွက်တစ်ခု မြင်းသေမြင်းကိုက် ခုန်နိုင်ဖို့ ဆိုရင် အကွက်အရေအတွက်က “စုံ ဂဏန်း” ဖြစ်နေရပါမယ်။ မြန်မာဗျည်းက ၃၃ လုံး ရှိတဲ့အတွက် ဘယ်လိုနည်းမျိုးနဲ့မှ မြင်းသေ မြင်းကိုက် (Closed Tour) ခုန်လို့ မရပါဘူး။ မြင်းသေမြင်းကိုက် မရပေမယ့် အက္ခရာအားလုံးကို စေ့အောင် ခုန်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အကွက်တွေကို တစ်ကွက်ခြားစီ အရောင်ခြယ်ကြည့်တဲ့အခါမှာ မီးခိုးရောင် ၁၇ကွက် နဲ့ အဖြူ ၁၆ ကွက်ဖြစ်နေလို့ပါ။ ထက်ဝက်နီးပါး အရေအတွက် တူပါတယ်။ ဒါကြောင့် Open Tour ခုန်လို့ရမယ်လို့ ယူဆနိုင်ပါတယ်။ အောက်က အဖြူ၊ အမဲ ခြယ်ထားတဲ့ ပုံကို ကြည့်ပါ။

အနောက်တိုင်း စစ်တုရင် ကစားတဲ့ အရုပ်တွေကို လေ့လာကြည့်မယ် ဆိုရင် မြင်းရုပ်ရဲ့ ရွေ့လျားပုံ ထူးခြားတာကို တွေ့ပါလိမ့်မယ်။ ပထမဆုံး စစ်တုရင် ကစားတဲ့ခုံကို မျက်စိထဲ မြင်ကြည့်မယ် ဆိုရင် အဖြူနဲ့ အနက်နဲ့ တစ်လှည့်စီ ခြယ်ထားတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ ပြီးရင် မြင်းရုပ်လေးတစ်ရုပ်ကို စစ်တုရင် ခုံရဲ့ ကြိုက်ရာ (အဖြူဖြစ်စေ၊ အနက်ဖြစ်စေ) အကွက်တစ်ကွက်မှာ ချကြည့်လိုက်ပါ။
တကယ်လို့ သင်က အရုပ်လေးကို အနက်ကွက်ပေါ်မှာ ချထားတယ်ဆိုရင် မြင်းကွက်နဲ့ တစ်ခါ ခုန်လိုက်တဲ့အခါ မြင်းရုပ်ဟာ ပတ်ပတ်လည်မှာ ရှိတဲ့ အဖြူရောင် အကွက်တစ်ခုပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ အနက်ကွက်ကနေ တစ်ခါရွှေ့ရုံနဲ့ အနက်ကို ပြန်ခုန်လို့ မရပါဘူး။ ဒါဟာ မြင်းသည်တော်ရုပ်တစ်ခုရဲ့ ထူးခြားတဲ့ သွားပုံပါပဲ။ စစ်တုရင် အရုပ်တွေထဲမှာ ဒီလိုမျိုး သွားပုံမျိုး ဘယ်အရုပ်မှာမှ မရှိပါဘူး။ တကယ်လို့ မြင်းသည်တော်ရုပ်ဟာ အဖြူကွက်မှာ ရပ်နေခဲ့တယ်ဆိုရင် သူတစ်ခါ ခုန်ပြီးတဲ့အခါမှာ အနက်ရောင် အကွက်ပေါ်ကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။
မြင်းသည်တော်ရုပ်ဟာ ဒီလို အဖြူအနက် တစ်လှည့်စီ သွားနေတာကြောင့် မြင်းသေမြင်းကိုက် ဖြစ်ဖို့ဆိုရင် အကွက်အရေအတွက်က စုံဂဏန်း ဖြစ်နေရပါမယ်။ ဒါ့အပြင် အကွက်စေ့အောင် မြင်းကွက်ခုန်ဖို့အတွက် အဖြူနဲ့ အနက်အကွက်အရေအတွက်ဟာ ထက်ဝက်နီးပါး တူညီနေရပါမယ်။ (ဥပမာ။ ။ ၃၃ ကွက် ရှိတဲ့ အင်းမှာ အဖြူ ၁၇၊ အနက် ၁၆။ ၄၉ ကွက်ရှိတဲ့ အင်းမှာ အဖြူ ၂၄ အနက် ၂၅ ကွက် စသဖြင့်ပါ)
ပိုရှင်းသွားအောင် ဒီအောက်က ၂၅ ကွက် ရှိတဲ့ အင်းကို နမူနာ အနေနဲ့ ကြည့်ပါမယ်။ အင်းကွက်ရေက မဂဏန်း ဖြစ်တာကြောင့် မြင်းသေမြင်းကိုက် ခုန်လို့ မရတာ သေချာသွားပါပြီ။ ပြီးတော့ အကွက်စေ့အောင် ခုန်လို့ ဖြစ်နိုင် မဖြစ်နိုင် ကြည့်ပါမယ်။ အရောင်ခြယ်ကြည့်တဲ့အခါ မီးခိုးရောင် ၁၆ကွက် ရပြီး အဖြူရောင်က ၉ ကွက်ရပါတယ်။ ဒါဆိုရင် အကွက်စေ့အောင် ခုန်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ၁၃ ကွက်နဲ့ ၁၂ ကွက် ဖြစ်နေမှသာ အကွက်စေ့အောင် ခုန်ဖို့ လမ်းကြောင်းရှိဖို့ ဖြစ်နိုင်ချေရှိမှာပါ။

အရင် တစ်ခေါက် မြင်းခုန်နည်းအကြောင်း ဆောင်းပါးမှာ ပြောပြပြီး ဖြစ်ပါတယ်။ မြင်းသေမြင်းကိုက်ကို ပေးတဲ့ ကွက်ရေအနည်းဆုံး စတုဂံအင်းက အကွက် ၃၀ ရှိတဲ့ (၃ x ၁၀) နဲ့ (၅ x ၆) အင်းကွက်တွေဖြစ်ပြီး မြင်းသေမြင်းကိုက်ရတဲ့ စတုရန်းပုံ အင်းကတော့ (၆ x ၆) ကွက်က စတင်ပါတယ်။ အခုတစ်ခါမှာ ပုံသဏ္ဍာန် အတိအကျ မရှိတဲ့ (Irregular Shape) တွေကို လေ့လာကြည့်ပါမယ်။ ကွက်ရေအနည်းဆုံး ဘယ်နှကွက်မှာမှ စပြီး မြင်းသွားလမ်းကြောင်း ရှိသလဲ ဆိုရင် ၇ ကွက်ကနေ စတင်ပါတယ်။ နမူနာ ပုံအနည်းငယ်ကို လေ့လာကြည့်ကြပါစို့။
၇ ကွက်
၈ ကွက်

၉ ကွက်
မြင်းကွက် ခုန်နည်းတွေအကြောင်း လေ့လာပြီးတဲ့အခါမှာ ပဆစ်အိမ်၊ ခိုနန်းချိုး စတဲ့ ရှေးမြန်မာ အခေါ်အဝေါ်လေးတွေကို အရင်ဆုံး လေ့လာကြည့်ပါမယ်။ “ပဆစ်အိမ်” ဆိုတာကဖြင့် Pachisi Board (အင်္ဂလိပ် အခေါ်အဝေါ်က Solitaire Board) လို့ ခေါ်ပါတယ်။ ဟိန္ဒီဝေါဟာရ “ပစိသ်” ဆိုတာကနေ ဆင်းသက်လာတာ ဖြစ်ပြီး ကြွေစေ့ခြောက်စေ့ကို ပစ်ပြီး အကွက်ရွှေ့ကစားရတဲ့ နည်းကို ခေါ်တာပါ။
ပဆစ်အိမ်နဲ့ ခပ်ဆင်ဆင်ရှိတဲ့ ပုံတွေကို ခေါ်တာက “ခိုနန်းချိုး” ဆိုတဲ့ ဝေါဟာရပါ။ ရှေးမြန်မာ အဆောက်အဦ အတတ်ပညာတွေမှာ အသုံးပြုတာဖြစ်ပါတယ်။ ထောင့်ချိုးချိုးပြီး ဆောက်လုပ်တဲ့ ပုံစံကို ခိုနန်းချိုး ချိုးတယ်လို့ ဆိုကြပါတယ်။ တစ်ဆစ်ချိုး၊ နှစ်ဆစ်ချိုး စသည်ဖြင့် ရှိပါတယ်။ တကယ်လို့ ချိုးတဲ့ အနားတွေ မတူညီရင်တော့ “တင်း” လို့ ခေါ်ဝေါ်သုံးနှုန်းပါတယ်။
အင်းတွေကို အထက်ကလို ပုဆစ်အိမ်၊ ခိုနန်းချိုး စတဲ့ ပုံစံတွေနဲ့ တွေ့ရပြီဆိုရင် အပေါ်ယံ အကြမ်းဖျင်း ဆုံးဖြတ်နိုင်တဲ့ အချက်တစ်ခုက မြင်းကွက်နဲ့ ခုန်ပြီး ရေးသွင်းထားဖို့ များတယ် ဆိုတာပါ။ ဘာလို့ ဒီလို ဆိုရသလဲဆိုရင်ဖြင့် ဒီလိုပုံစံတွေမှာ ခရုရစ်ပုံစံ၊ ရထားပြေးပုံစံ၊ သင်္ချာဆန်ဆန် ရေးသွင်းကြတာ နည်းလို့ပါ။ သို့တိုင်အောင် အမြဲတမ်း မြင်းခုန်နည်းနဲ့ ရေးသွင်းတာတော့ မဟုတ်ပါဘူး။ ခရုရစ်၊ ရထားပြေးသွင်းတဲ့ အင်းတွေလည်း ရှိပါတယ်။
မြန်မာအင်းတွေကို လေ့လာတဲ့အခါမှာ ဗားမဲ့ဆရာတော်ကနေ အစချီလို့ အင်းစာအုပ်လောက်နီးနီး ပါတတ်တဲ့ ကွက်ရေ ၁၂ ကွက်ရှိတဲ့အင်းကို တွေ့ဖူးကြမှာပါ။ ဒီအင်းဟာ ၄ x ၄ ရှိတဲ့ စတုရန်းပုံ အင်းကို ထောင့်လေးထောင့်မှာရှိတဲ့ အကွက်တွေ ဖြုတ်ထားတာမျိုး ဖြစ်ပါတယ်။ အကွက်စေ့အောင် မြင်းသေမြင်းကိုက် ခုန်နိုင်တဲ့အတွက် လောကီပညာရှင်တွေ အသုံးများကြတာလည်း မဆန်းပါဘူး။ ဒီလိုအင်းမှာ စ၊ ဓ၊ ဗ၊ ဝ အစရှိသော ဗျည်းစမများကို ရေးသွင်းကြသလို ၁၂လုံးရှိတဲ့ ဂါထာတွေကိုလည်း ရေးသွင်းတတ်ကြပါတယ်။ တခါတရံ အင်းဆန်အနေနဲ့ ဂဏန်းများကိုလည်း ရေးသွင်းကြတာ ရှိပါတယ်။
ဒီအောက်မှာ ဖော်ပြထားတဲ့ အင်းကတော့... “ဥုံ ရာဇာဣတ္ထိ၊ စိတ္တံပီယံ နုပ္ပတ္တိ” ဆိုတဲ့ ၁၂ လုံးရှိတဲ့ ဂါထာကို သွင်းထားတဲ့ ပီယသျှိုအင်းပဲ ဖြစ်ပါတယ်။
၁၂ ကွက်အင်းထက် အနည်းငယ်ကြီးတဲ့ ၁၆ ကွက်ပါတဲ့ အင်းအနေနဲ့ “ရန်အောင်အင်း” ကို လေ့လာကြည့်ပါမယ်။ ဒီအင်းဟာ ၅ x ၄ အင်းကွက်ကို ထောင့်လေးထောင့် ဖြုတ်ပြီး အသုံးပြုတဲ့ ခိုနန်းချိုးပုံစံ အင်းပါပဲ။ အကွက်စေ့အောင် မြင်းသေမြင်းကိုက် ခုန်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အကွက် ၁၆ ကွက်မှာ အလယ်ရှိ ကွက်လပ်နှစ်ခုမှာ ဆိုင်ရာ နံနှစ်ခုကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါ ကျန်ရှိတဲ့ ၁၄ ကွက်မှာ “နပရောပရံနိ ကုဗ္ဗေထနာတိ မညေထ” ဆိုတဲ့ ၁၄ လုံးပါ ဂါထာကို ထည့်သွင်းပါတယ်။ ထောင့်လေးဘက်မှာတော့ “မာတာ၊ ယထာ၊ ပုတ္တံ၊ နိယံ” ဆိုတာကို ရံပြီး ရေးဆွဲပါတယ်။
၅ x ၅ အင်းကွက်ကို ထောင့်လေးထောင့် ဖြုတ်လိုက်တဲ့အခါ ၂၁ ကွက်ရှိတဲ့ အင်းကို ရရှိပါတယ်။ အကွက်ရေ မဂဏန်း ရှိတာကြောင့် မြင်းသေမြင်းကိုက် ဖန်တီးလို့ မရပါဘူး။ ဆက်လက်ပြီး ဒီအင်းကို အဖြူနဲ့ အနက် တစ်ကွက်ခြားစီ ခြယ်ကြည့်တဲ့အခါ အနက်က ၁၂ ကွက်ရှိပြီး၊ အဖြူက ၉ ကွက် ရှိတာကြောင့် အကွက်စေ့အောင်လည်း မြင်းသွားနဲ့ ရေးသွင်းလို့ မရပါဘူး။

ဒီလိုမရသည့်တိုင် မြင်းခုန်နည်းကို ရသလောက် ရေးသွင်းကြပါသေးတယ်။ ရေးသွင်းပုံကတော့ အလယ်မှာ ကြက်ခြေခတ်သဘောမျိုး ချန်ပြီး ဆိုင်ရာနံနဲ့ အင်းဆန်များကို အခြားနည်းနဲ့ ရေးသွင်းတာမျိုးပါ။ နမူနာအနေနဲ့ သက်တော်ရှစ်ဆယ် ရုပ်အင်းကို လောကီသုံးအတွက် ပြောင်းပြီး ရေးသွင်းထားတာကို ကြည့်ပါ။ “န၊ ဠ၊ ဋ၊ ဂ... ယ” အစရှိတဲ့ အင်းဆန် ၁၆ လုံးကို မြင်းသွားသဘောဖြင့် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှ... “အန္တော၊ ဂမ္ဘေ၊ စရေ၊ ဝံသေ” ရဲ့ နံသင့်ဂဏန်းတွေ ဖြစ်တဲ့ “၁၇၊ ၂၅၊ ၃၈၊ ၄၆” ကို ရေးသွင်းပါတယ်။ အလယ်မှာတော့ သက်ဆိုင်ရာ နံသင့်ဂဏန်းကို ရေးသွင်းပါတယ်။ နမူနာအင်းကို လေ့လာကြည့်ပါ။

၆ x ၆ အင်းကွက်ကို ထောင့်လေးထောင့်ဖြုတ်ပြီး ခိုနန်းချိုး ပုံစံမျိုးရေးတာကတော့ အတွေ့များတဲ့ အင်းပဲ ဖြစ်ပါတယ်။ ၃၂ လုံးရှိတဲ့ ဂါထာတစ်ပုဒ်ကို ရေးသွင်းနိုင်တဲ့အပြင် မြင်းသေမြင်းကိုက် အကွက်စေ့အောင် ခုန်နိုင်တာကြောင့် လောကီပညာရှင်တွေ အင်မတန် နှစ်သက်ကြတဲ့ အင်းပါပဲ။ အင်းစာအုပ်တွေထဲမှာ ဒီအင်းပုံစံကို အတွေ့ရ အများဆုံး ဖြစ်ပါလိမ့်မယ်။ နမူနာအနေနဲ့ “ရှင်သီဝလိအင်း” ကိုကြည့်ပါမယ်။ ဒီမှာ ၃၂ လုံးရှိတဲ့... “သီဝလိစမဟာနာမံ ဣန္ဒာဒေဝါသဗြဟ္မဏ၊ ရာဇာမနုဿပူရိသော ဣတ္ထိလာဘံ ဘဝိသတိ” ဆိုတဲ့ ဂါထာကို ရေးသွင်းပါတယ်။

တစ်ဆစ်ချိုး ခိုနန်းချိုးတွေ ပြီးတဲ့အခါ နှစ်ဆစ်ချိုး အင်းတစ်ခုလောက် လေ့လာကြည့်ပါမယ်။ ဒီအင်းမှာ အင်းဆန် ၂၄ လုံးထည့်သွင်းနိုင်ပါတယ်။ နမူနာအနေနဲ့ “ဉာဏ်တော်သုံးပါး အင်း” ကို ကြည့်ပါမယ်။ အင်းဆန်အဖြစ်... “ဂစ္ဆာနိယ ဒါယမတံ သောဥတ္တိ သပ္ပဒါယ ဥဒ္ဓံယာဝ ဝရန္တာမှိ” ဆိုတဲ့ ဂါထာကို သွင်းပါတယ်။

အင်းဆန် ၂၄ လုံးကို အထက်ကလို ဂါထာမသွင်းဘဲ ဂဏန်းတွေပဲ ရေးသွင်းတာ ရှိပါသေးတယ်။ “၂၄ ပစ္စည်း ကိုယ်ခံ မှော်အင်းကြီး” လို့ ဆိုကြပါတယ်။ အထက်ကနဲ့ ပုံစံတူပဲ မို့ မဖော်ပြတော့ပါဘူး။ ဒီအင်းကို မဟာဂါထာ မန္တာန်ပေါင်းချုပ် စာမျက်နှာ ၁၀၆ မှာ တွေ့ရှိနိုင်ပါတယ်။ ဂဏန်းတွေ ရေးသွင်းတဲ့အခါ ဟေတုပစ္စယော စတဲ့ ၂၄ ပစ္စည်းဂါထာကို ရွတ်ဆိုပြီး ရေးသွင်းပါတယ်။
နောက်လာမယ့် ဆောင်းပါးမှာတော့ နည်းလမ်း အဖုံဖုံအသုံးချနိုင်တဲ့ မြန်မာဗျည်း ၃၃ လုံးကို မြင်းခုန်နည်းနဲ့ ရေးသွင်းတဲ့ အင်းကွက်တွေ အကြောင်း ဆက်လက်ဆွေးနွေးပါဦးမည်။ ယခု ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး လိုအပ်သည်များ၊ အကြံပြုလိုသည်များကို ဆွေးနွေး ဝေဖန်သွားနိုင်ကြပါသည်။
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
References:
- သူရဿတီ အဖွင့်ကျမ်း၊ မြစလွယ်
- သူရဲဘောကြောင်တဲ့ လူညံ့၊ မင်းခိုက်စိုးစန်
- မြန်မာ၊ အင်္ဂလိပ် အဘိဓာန်။ မြန်မာစာအဖွဲ့
- လက်တွေ့ ပယောဂ ကုထုံးကျမ်း။ မြစလွယ်
- ပထမံ စမ ဝိဇ္ဇာ၊ သိဒ္ဓိပေါက်ကျင့်စဉ်။ ဆရာအောင်
- လက်တွေ့ မဟာဒီပံ အင်းသိုက်ကြီး။ ဆရာကြီး ဦးသက်ရှည်
- ဗားမဲ့လက်တွေ့ကျမ်း (ပ၊ ဒု၊ တ) သံလျှက်မှော် ဆရာတော် ဘုရားကြီး
- အခြေခံ အင်းပညာသင်တန်းအတွက် သင်ရိုးညွှန်းတမ်းမူ။ ဇေယျသိဒ္ဓိ ဆရာကြီး ဦးစိုးမင်း
- http://www.mychesspieces.com/rules_of_chess.html
- http://www.mayhematics.com/t/smallest/smallest.htm

















0 comments:
Post a Comment
ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။