Saturday, September 18, 2010

မြန်မာအင်းများ စီစဉ်ပုံ (၆)


(Source: http://www.amazon.com/Knights-Move-Brain-Teaser-Puzzle/dp/B000A32OUG)

စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။

And so I am become a knight of the Kingdom of Dreams and Shadows!
(Mark Twain)

မြန်မာအင်းတွေ စီစဉ်ပုံ အကြောင်း ရေးလာတာ အခုဆိုရင် ဆဌမပိုင်းအထိပင် ရောက်လာပါပြီ။ ရေးခဲ့သမျှတွေကို ပြန်လည် သုံးသပ်ရမည်ဆိုလျှင်...


ဒီဆောင်းပါးမှာတော့ “မြန်မာ့ အင်းခုန်နည်း” လို့တောင် တချို့က တင်စားကြတဲ့ မြင်းကွက်ခုန်နည်းနဲ့ ပတ်သက်တဲ့ အင်းတွေ အကြောင်းကို ပြောပြသွားပါမယ်။ “မြင်းခုန်မပိုင် အင်းခုန်မပိုင်” လို့ ဆိုရလောက်အောင်ကို မြင်းခုန်နည်းက မြန်မာ့ အင်းပညာမှာ အခြေခံကျကျ ပါဝင်နေပါတယ်။ မြင်းကွက်ခုန်နည်းကို မြန်မာ၊ တရုတ်၊ အနောက်တိုင်း ဘယ်စစ်တုရင်ပဲ ဖြစ်ဖြစ် ထိုးဖူးတဲ့သူ ဆိုရင်တော့ သိပြီးသား ဖြစ်ပါလိမ့်မယ်။ အနောက်တိုင်း စစ်တုရင် ကစားတဲ့ခုံပေါ်မှာ မြင်းသည်တော် ရုပ်တစ်ရုပ်ကို ချလိုက်မယ် ဆိုရင် သူ့အတွက် စုစုပေါင်း ရွှေ့ကွက် ၈ ကွက် ရှိမှာ ဖြစ်ပါတယ်။

(Source: http://www.chess-poster.com/english/laws_of_chess.htm)

မြင်းခုန်နည်းနဲ့ ပတ်သက်ပြီး မင်းခိုက်စိုးစန်ရဲ့ “သူရဲဘောကြောင်တဲ့ လူညံ့” ဆိုတဲ့ ဝတ္ထုထဲက ဉာဏ်စမ်းလေး တစ်ခုကို ဖော်ပြချင်ပါတယ်။ မြန်မာရှေးအိမ်များ ပန္နက်ချသော ခိုနန်းချိုး ဆန်ဆန် အကွက် ၃၃ ကွက် ရှိတဲ့ ဇယားပုံလေးတစ်ခုပါ။ ပုံရဲ့ အလယ်တည့်တည့်မှာ “အ” အက္ခရာ ကို ထည့်သွင်းထားပါတယ်။ အဲဒီတော့ အကွက်လွတ် ၃၂ ခု ကျန်ပါတယ်။ ပုစ္ဆာကတော့ “က” အက္ခရာကို မိမိကြိုက်နှစ်သက်ရာ အကွက်လွတ်မှာ ထည့်သွင်းလိုက်ပါ။ ပြီးရင် “က” ကနေ ဗျည်းအက္ခရာတွေ တစ်လုံးပြီးတစ်လုံး မြင်းခုန်နည်းနဲ့ ဖြည့်သွားရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အကွက်တွေ အကုန်လုံး စေ့အောင်ခုန်ပြီးတဲ့အခါ “အ” မှာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

ဆိုဖီယာ၏ ပထမ ပဟေဠိ ပုစ္ဆာ (၁၀၁၊ သူရဲဘောကြောင်တဲ့ လူညံ့)

အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ပုစ္ဆာတစ်ခုပါပဲ။ မြင်းခုန်နည်းကို စိတ်ဝင်စားလေတာကြောင့် အဲဒီပုံလေးကို မိတ္တူဆွဲပြီး ရထားစီးစီး၊ ကားစီးစီး သွားလေရာ အားလပ်တဲ့အခါမှာ ကျွန်တော် ဆွဲကြည့်ပါတယ်။ မိတ္တူစာရွက်တွေ အတော်များများ အမှိုက်ပုံးထဲ ထည့်အပြီး ၂ ပတ်လောက် အကြာမှာတော့ အဖြေကို ကျွန်တော် ရလာပါတယ်။ ကျွန်တော့် အဖြေနဲ့ မတူတဲ့ အင်းကို ဗားမဲ့လက်တွေ့အင်းကျမ်းထဲမှာ ဖော်ပြထားတာကို နောက်မှ တွေ့ပါတယ်။ အလယ်ဝင်သော အက္ခရာကို လိုက်ပြီး အစွမ်းအာနိသင်တွေ ပြောင်းလဲပါတယ်လို့ ဆိုပါတယ်။



မြင်းခုန်တာကို အင်္ဂလိပ်လို Knight Tour လို့ သုံးပါတယ်။ မြင်းခုန်နည်းနဲ့ ပတ်သက်ပြီး နောက်ထပ် သိထားရမှာ တစ်ခုကတော့ Closed Knight Tour နဲ့ Open Knight Tour ဆိုပြီး နှစ်မျိုး ရှိတာပါ။ Closed Tour ဆိုတာက အကွက်တွေ အကုန်လုံး ခုန်ပြီးတဲ့အခါ နောက်ဆုံးအကွက်က ပထမဆုံးအကွက်ကို မြင်းသွားနည်းနဲ့ပဲ ပြန်ခုန်လို့ ရတာကို ဆိုလိုတာပါ။ အဲလို ခုန်ပြီး ရေးသွင်းထားတဲ့ အင်းတွေကို မြန်မာလိုတော့ “မြင်းသေမြင်းကိုက်အင်း” လို့ ခေါ်ပါတယ်။

Open Knight Tour ကတော့ အကွက်တွေ အားလုံး တစ်ကွက်မကျန် စေ့အောင် ခုန်နိုင်ပေမယ့် နောက်ဆုံးကွက်ကနေ စထွက်တဲ့ အကွက်ကို ပြန်မခုန်နိုင်ပါဘူး။ အထက်က ဆိုဖီယာရဲ့ ပုစ္ဆာအဖြေကို ကြည့်မယ်ဆိုရင် နောက်ဆုံး အမှတ်စဉ် ၃၃ နေရာကနေ အမှတ်စဉ် ၁ ကို မြင်းခုန်နည်းနဲ့ ပြန်မရောက်တာကို တွေ့မှာပါ။ ဒါကြောင့် သူဟာ Open Knight Tour ဖြစ်ပါတယ်။

၃ x ၃ အင်းကွက်တစ်ခုကို ကြည့်ရအောင်ပါ။ ဒီအင်းမှာ အလယ်ခေါင်က ဆိုင်ရာ မွေးနံ ထည့်ရမယ့် အကွက်ကို ဖယ်ပြီး ကျန်တဲ့ ၈ ကွက်တည်းကို မြင်းခုန်နည်းနဲ့ သွင်းလို့ ရပါတယ်။ “ပီယဝါယေ ပီယေသွားဟုံ” ဆိုတဲ့ ဂါထာကို သွင်းထားတာပါ။ ဒီအင်းမှာ အစသွင်းတဲ့ “ပီ” ဆိုတဲ့ အင်းဆန်ရှိတဲ့ နေရာကို နောက်ဆုံး “ဟုံ” ဆိုတာကနေ ပြန်ခုန်လို့ ရတာကြောင့် ဒီအင်းကို မြင်းသေမြင်းကိုက်အင်း လို့ ဆိုရပါမယ်။

ပီယနှုတ်ငုံ အင်းအစီအရင် (၂၂၊ ဗားမဲ့ - ဒု)

နောက်ထပ် အင်းတစ်ခုကို ကြည့်ရအောင်။ “ဒုသနိမ၊ သနမဒု၊ နိမဒုသ” ဆိုတဲ့ အင်းဆန်တွေကို မြင်းခုန်နည်း ရေးသွင်းထားတဲ့ အင်းကို ကြည့်ပါမယ်။ အဲဒီအင်းမှာ နောက်ဆုံး အင်းဆန်ဖြစ်တဲ့ “သ” ကနေ ပထမဆုံး အင်းဆန် “ဒု” ကို မြင်းခုန်နည်းနဲ့ ပြန်သွားလို့ မရပါဘူး။ ဒါကြောင့် ဒီအင်းက မြင်းသေမြင်းကိုက် အင်းမဟုတ်တဲ့ Open Tour အမျိုးအစား ဖြစ်ပါတယ်။

ဣစ္ဆာသယ အင်းတော် (၅၁၊ မဟာဒီပံ)

Magic Square ဆိုတဲ့ မှော်အင်းကွက်တွေက 3rd Order ဆိုတဲ့ တတိယအဆင့် (၃ x ၃ ကွက်) ကနေ စရှိပါတယ်။ ဒီတော့ မြင်းခုန်နည်းနဲ့ သွားတဲ့ အင်းတွေက အသေးဆုံး ဘယ်ကနေ စမယ် ဆိုတာကို လေ့လာကြည့်ပါဦးမယ်။ အထက်က ပီယနှုတ်ငုံ ၃ x ၃ အင်းကွက်က မြင်းသေမြင်းကိုက်ဖြစ်ပေမယ့် အလယ်က နံသင့်ဂဏန်းကို ခုန်လို့ မရတဲ့အတွက် ၉ ကွက်စလုံး အကွက်စေ့အောင် ခုန်နိုင်တာ မဟုတ်ပါဘူး။

အကွက်အားလုံးစေ့အောင် အသေးဆုံး မြင်းခုန်လို့ ရတာကတော့... ၃ x ၄ ထောင့်မှန်စတုဂံပုံ အင်းကွက်တွေပါပဲ။ အားလုံး ဖြစ်နိုင်ချေ နည်းလမ်း ၃ ခုနဲ့ ခုန်လို့ ရပါမယ်။ အထက်က ဣစ္ဆာသယ အင်းတော်က ဒီထဲက နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အကွက်စေ့အောင် ခုန်နိုင်ပေမယ့် ၃ x ၄ အင်းတွေဟာ မြင်းသေမြင်းကိုက် Closed Tour လမ်းကြောင်းကို မပေးပါဘူး။ ဒီအင်းဟာ ၁၂ ကွက် ရှိတာကြောင့် ၁၂ လုံးရှိတဲ့ ဂါထာ တစ်ပုဒ်ကို အင်းဆန်အဖြစ် ရေးသွင်းနိုင်ပါလိမ့်မယ်။


(Source: http://www.ktn.freeuk.com/index.htm)


၎ x ၇ အင်းကွက်ထဲမှာ “ဣန္နောစသ အပိဂဏဒ္ဓေါတံ တလောမ္ပာဇ္ဇာမ္မာ ဝါတိသုရမ္ဗု ရသောတော သဝိသဂတ” ဆိုတဲ့ ၂၈ လုံးရှိတဲ့ ဂါထာရေးသွင်းထားတာလေးကို နမူနာကြည့်ကြည့်ပါဦး။ မြင်းသေမြင်းကိုက်ဖြစ်အောင်တော့ ခုန်လို့ မရပါဘူး။

ပယောဂလက်စက်မီးထွန်းအင်း (၁၄၄၊ လက်တွေ့ပယောဂ ကုထုံးကျမ်း)

မြင်းသေမြင်းကိုက် အင်းကိုပေးတဲ့ ကွက်ရေအနည်းဆုံး ထောင့်မှန်စတုဂံပုံ အင်းတွေက အကွက် ၃၀ ရှိတဲ့ (၃ x ၁၀) အင်းနဲ့ (၅ x ၆) အင်းတွေပဲ ဖြစ်တယ်။ ၃ x ၁၀ အင်းကွက်တွေကို ခုန်ရာမှာ မြင်းသေမြင်းကိုက် ဖြစ်တဲ့ ဖြစ်နိုင်ချေ နည်းလမ်း ၆ ခု ရှိပါတယ်။ ၅ x ၆ မြင်းသေမြင်းကိုက် အင်းအတွက် ဖြစ်နိုင်ချေကတော့ ၃ မျိုး ရှိပါတယ်။ စုစုပေါင်း အကွက် ၃၀ ရှိတာကြောင့် အလုံး ၃၀ ရှိတဲ့ ဂါထာတစ်ပုဒ်ကို အင်းဆန်အနေနဲ့ ရေးသွင်းနိုင်မှာ ဖြစ်ပါတယ်။


(Source: http://www.ktn.freeuk.com/index.htm)

Rudrata circa 900AD ရဲ့ လက်ရေးစာမူတွေမှာ ၄ x ၈ အင်းကွက်မှာ မြင်းခုန်နည်းတွေကို ဖော်ပြထားတာ ရှိပါတယ်။ ၁၉၁၇ မှာ H. J. R. Murray က အဲဒီအင်းကိုပဲ အခြားခုန်နည်းနဲ့ ကြိုးပမ်းတာကို တွေ့ရပါတယ်။ သိပ်မကြာသေးတဲ့ ၂၀၀၃ မှာ မြင်းခုန် ဝါသနာပါတဲ့ George Jelliss က နောက်ထပ် မတူတဲ့ လမ်းကြောင်းတစ်ခုကို ဖော်ထုတ်ခဲ့ပြန်ပါတယ်။ သုံးကွက်စလုံးက မြင်းသေ မြင်းကိုက် အင်းတွေ မဟုတ်ပါဘူး။


(Source: http://www.ktn.freeuk.com/index.htm)

ထောင့်မှန်စတုဂံ မဟုတ်ဘဲ စတုရန်းပုံဖြစ်တဲ့ (n x n) အရွယ် အင်းကွက်တွေကို ကြည့်ပါဦးမယ်။ ၃ x ၃ အင်းကွက်ကိုတော့ အကွက်စေ့အောင် ခုန်လို့ မရပါဘူး။ စတုတ္ထအဆင့် ၄ x ၄ အင်းကွက်ကိုလည်း မြင်းခုန်နည်းနဲ့ အကွက်စေ့အောင် ခုန်လို့ မရပါဘူး။ ဒါကြောင့် မြင်းခုန်နည်းနဲ့ အကွက်စေ့အောင်ခုန်လို့ ရတဲ့ ကွက်ရေအနည်းဆုံး စတုရန်းအင်းကတော့ ၅ x ၅ ကွက်မှာ စပါတယ်။

၅ x ၅ ကွက် ဖြစ်လေတာကြောင့် ၂၅ လုံးတိတိရှိတဲ့ အင်းဆန်ကို ထည့်သွင်းနိုင်ပါတယ်။ အကွက်စေ့အောင် ခုန်ဖို့အတွက် ဖြစ်နိုင်ချေ နည်းလမ်းတွေက ရာဂဏန်း အထက်မှာ ရှိပါတယ်။ ရှေးပညာရှင်တွေက အင်းဆန်သွင်းတဲ့အခါ နောက်ဆုံးအလုံးကို အလယ်တည့်တည့်မှာ ကျအောင် ဖန်တီးတာမျိုးကို ကြိုက်နှစ်သက်ကြပါတယ်။ နမူနာကတော့ “ဇယန္တော ဗောဓိမူလေ၊ သကျာ နန္ဒိယ ၀ဍ္ဎနော၊ ဇယမေ၀ ဇယော ဟောတု၊ မင်္ဂလံ” ဆိုတဲ့ ၂၅ လုံးရှိတဲ့ အင်းဆန်ကို ထည့်သွင်းထားတဲ့ အင်းပါပဲ။

နံနှိမ်အင်း (၄၉၊ မဟာဒီပံ)


၅ x ၅ အင်းကွက်ကို အင်းဆံ ၂၅ လုံးအပြည့် မသွင်းဘဲ ၂၄ လုံးသာသွင်းပြီး အလယ်မှာ နံသင့်ဂဏန်း သွင်းတာမျိုးလည်း ရှိပါသေးတယ်။ နမူနာအဖြစ် အဘယဇာတကအင်းကို ၅ ကွက် မြင်းသွားအင်းသို့ ပြောင်ထားတဲ့ ပုံမှာ တွေ့နိုင်ပါတယ်။ ရထားပြေးနည်းနဲ့ သွင်းရတဲ့ အဘယဇာတက အင်းရဲ့လင်္ကာ အစကြိုးကြာ ဆယ့်ခြောက်ခါတည့် ဆိုတဲ့အတိုင်း ၁၆၊ ၉၊ ၆၊ ၃၊ ၅၊ ၄... စတာတွေကို အစဉ်အလိုက် မြင်းကွက်ခုန်ပြီး သွင်းရပါမယ်။ (၂၄ - ၁၆ = ၈) ကျန်တဲ့ အင်းဆန် ၈ ခုကို “သဗ္ဗေတယာ ဝိနာဿန္တု” ဆိုတဲ့ ဂါထာကို ထည့်ပါတယ်။
အဘယဇာတက မီးထွန်းဆောင်အင်း (၃၀၊ ဦးစိုးမင်း၊ လက်ရေးမူ)

၇ x ၅ ကွက် အင်းမှာဆိုရင် စုစုပေါင်း အင်းဆန် ၃၅ လုံးထည့်သွင်းနိုင်ပါတယ်။ ဒါကို မထည့်သွင်းဘဲ နံသင့်ဂဏန်းအတွက် ၂ ကွက်ချန်လိုက်မယ် ဆိုရင် ၃၃ လုံး ကျန်ပါလိမ့်မယ်။ ၃၃ ဟာ မဂဏန်း ဖြစ်တဲ့အတွက် မြင်းသေမြင်းကိုက် ဖြစ်အောင်တော့ ခုန်လို့ မဖြစ်နိုင်ပါဘူး။ နမူနာအနေနဲ့ “မဟာအတုလ အစိန္တေယျ သရဏဂုံ အင်းတော်” ကို လေ့လာကြည့်ပါမယ်။

အဲဒီအင်းမှာ နှစ်ပိုင်း တွေ့နိုင်ပါတယ်။ အလျားလိုက်အနေနဲ့ ၇ x ၅ ကွက်အင်းကို တွေ့ရမှာဖြစ်ပြီး “ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ၊ အစိန္တိယေ ပသိန္နာနံ၊ ဝိပကောဟောတု အစိန္နယော” ဆိုတဲ့ ၃၃ လုံးရှိတဲ့ ဂါထာကို သွင်းထားတာ တွေ့ပါမယ်။ ထောင်လျက်အနေအထားမှာ “ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ သရဏံ ဂစ္ဆာမိ” စတာကိုပဲ မြင်းခုန်နည်းနဲ့ ထည့်သွင်းထားတဲ့ အင်း ၃ ခုကို တွေ့ရမှာ ဖြစ်ပါတယ်။


မဟာအတုလ အစိန္တေယျ သရဏဂုံအင်းတော် (၁၅၂၊ ပင်မအနှစ်ချုပ် မဟာအင်းမြတ်ကြီး)

ကွက်ရေအနည်းဆုံး မြင်းသေမြင်းကိုက် စတုရန်းကွက်အင်း ကတော့ ၆ x ၆ ကွက် ရှိတဲ့ ဆဌမအဆင့် အင်းပါ။ ၃၆ လုံး ရှိတဲ့ အင်းဆန်ကို ထည့်သွင်းစီရင်နိုင်ပါတယ်။ မြင်းသေမြင်းကိုက် ဖြစ်အောင် ရေးဆွဲဖို့ နည်းလမ်းအမျိုးမျိုးက ထောင်ဂဏန်း အထက်မှာ ရှိပါတယ်။ နမူနာ အနည်းငယ်ကို အောက်မှာ တွေ့နိုင်ပါတယ်။


(Source: http://www.ktn.freeuk.com/6b03.gif)

ဒီတော့ မြင်းသေမြင်းကိုက် ဖြစ်ဖို့အတွက် ဘယ်လိုမျိုး အခြေအနေတွေနဲ့ ပြည့်စုံရပါမလဲ။ ဘယ်လို အင်းကွက်ဆိုရင် မြင်းသေမြင်းကိုက် ဖန်တီးနိုင်မလဲဆိုတာကို Schwenk’s Theorem က အောက်ပါအတိုင်း ဖွင့်ဆိုပါတယ်။

အလျား m ကွက် နဲ့ အနံ n ကွက် ရှိတဲ့ စတုဂံတစ်ခု (m x n ကွက်) မှာ Closed Knight Tour ဆိုတဲ့ မြင်းသေမြင်းကိုက် အင်းကွက်တစ်ခု ဖြစ်ဖို့ဆိုရင် အောက်ပါ အချက်၃ ချက်ထဲက တစ်ခုခုဖြစ်မနေရပါဘူး။

  • ၁) m နှင့် n နှစ်ခုစလုံး မဂဏန်း ဖြစ်ရင်
  • ၂) m = ၁၊ ၂ (သို့) ၎
  • ၃) m = ၃ နှင့် n = ၄၊ ၆ (သို့) ၈

၅ x ၅၊ ၇ x ၇၊ ၉ x ၉... စတဲ့ အင်းကွက်တွေမှာ မြင်းသေမြင်းကိုက် ခုန်လို့ မရဘူး ဆိုတာကို သီအိုရမ် အချက် (၁) အရ သိနိုင်ပါတယ်။ ဒီအောက်မှာ ၇ x ၇ အင်းကွက် တစ်ခုကို ဖော်ပြထားပါတယ်။ မြင်းသေ မြင်းကိုက် ခုန်လို့ မရတာကြောင့် အလယ်ခေါင်က အကွက်ကို ချန်လှပ်ထားပြီး နံသင့် ဂဏန်း ရေးသွင်းပါတယ်။ ဒါကြောင့် ၄၈ လုံးရှိတဲ့ အင်းဆန်ကို မြင်းသေမြင်းကိုက် ခုန်ပြီး ရေးသွင်းလို့ ရသွားပြန်ပါတယ်။ ဗုဒ္ဓရဲ့ ဂါထာတော်တွေက ၈ လုံး တစ်ပါဒ ဖြစ်တဲ့အတွက် ၆ ပါဒ ဆိုရင် ၄၈ လုံး ရှိသွားတာကြောင့် ၆ ပါဒ ရှိတဲ့ ဂါထာတစ်ခုကို ထည့်သွင်းနိုင်ပါတယ်။ ဒီနမူနာမှာတော့ အင်းဆန်အတွက် “သဗ္ဗဇယ မင်္ဂလာ ဂါထာတော်” ကို သွင်းပါမယ်။

ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိံယော ဘာတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ။


သဗ္ဗမင်္ဂလာ အင်းတော်ကြီး (၁၁၂ - ၁၁၃၊ ဗားမဲ့လက်တွေ့ကျမ်း ပေါင်းချုပ်)

၆ x ၆ အင်းကွက်ကို မြင်းသေမြင်းကိုက် ထည့်ထားတဲ့ အင်းအနေနဲ့ သူရဿတီ ဗျည်းစမ မှော်အင်းကို နမူနာ ပြချင်ပါတယ်။ အင်းဆန် ၃၆ လုံး ထည့်သွင်းလို့ ရတဲ့ နေရာမှာ က မှ အ အထိ မြန်မာဗျည်း ၃၃ လုံးကို ပထမ ထည့်သွင်းပြီး ကျန်တဲ့ ၃ ကွက်မှာတော့ ဗုဒ္ဓရဲ့ ဉာဏ်စဉ်သုံးပါး ဖြစ်တဲ့ “ပု၊ ဒိ၊ အာ” ဆိုတဲ့ အင်းဆန်တွေကို သွင်းပါတယ်။

သူရဿတီ ဗျည်းစမ မှော်အင်း (၁၃၀၊ မဟာဂါထာ မန္တာန်။ ၄၈၊ သူရဿတီ အဖွင့်ကျမ်း)

၆ x ၆ အရွယ် အင်းကွက်ကို အစအဆုံး မြင်းသေမြင်းကိုက် မခုန်ဘဲ ၃ x ၃ အရွယ် အင်းကွက် လေးခု ပေါင်းစပ်ပြီး ဖန်တီးတာမျိုးလည်း ရှိပါတယ်။ နမူနာအနေနဲ့ “လိုရာသုံး သရဏဂုံအင်း” ဆိုတာကို လေ့လာကြည့်ပါမယ်။ အင်းဆန်တွေအနေနဲ့ “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ၊ အနိစ္စ ဒုက္ခ အနတ္တ” စတာတွေကို ရေးသွင်းပါတယ်။ တွေ့နေကျ နံသင့်ဂဏန်း ရေးသွင်းတဲ့ လွတ်နေတဲ့ အကွက် ၄ ကွက် မှာတော့ လိုရာကိစ္စနှင့် သက်ဆိုင်တဲ့ စမလေးလုံးကို ရေးသွင်းရပါတယ်။ ဒီနမူနာမှာတော့ “ဋ၊ သ၊ ဉ၊ က” ဆိုတဲ့ မူလ စမလေးလုံးကို ရေးသွင်း ထားပါတယ်။


လိုရာသုံး သရဏဂုံအင်း (၂၂၁၊ ပယောဂအင်း)


နိုင်ငံတကာ စစ်တုရင်ကစားတဲ့ အရွယ်ဖြစ်တဲ့ ၈ x ၈ အင်းကွက်မှာဆိုရင် မြင်းသေမြင်းကိုက် ဖြစ်အောင် ရေးဆွဲနိုင်တဲ့ ဖြစ်နိုင်ချေ 26,534,728,821,064 ရှိပါတယ်လို့ ဆိုထားပါတယ်။ ဆက်လက်ပြီး အင်းဆန် စုစုပေါင်း ၈၁ လုံး ထည့်သွင်းလို့ ရတဲ့ ၉ x ၉ အင်းကွက်ကို လေ့လာကြည့်ပါမယ်။ အင်းရဲ့ အလယ်တည့်တည့်မှာ နံသင့်ဂဏန်း ရေးသွင်းပြီး ကျန်တဲ့ အကွက် ၈၀ ကို အင်းဆန် ဂါထာ ရေးသွင်းတာမျိုးပဲ ဖြစ်ပါတယ်။ နမူနာအနေနဲ့ “သံမ္ဗုဒ္ဓေ ဂါထာတော်ကြီး” ကို ထည့်သွင်းထားတဲ့ အင်းကို ကြည့်ပါမယ်။

“သံမ္ဗုဒ္ဓေ ဂါထာတော်ကြီး”

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။


သမ္ဗုဒ္ဓေဂါထာက ၁၂ ပါဒ ရှိတဲ့အတွက် စုစုပေါင်း အလုံးရေ ၉၆ လုံးဖြစ်နေပါတယ်။ ဒါကို အကွက် ၈၀ ရှိတဲ့ အင်းထဲမှာ ဘယ်လိုများ သွင်းမှာလဲ ဆိုပြီး လေ့လာကြည့်တဲ့အခါ အထက်က အနီရောင်ပြထားတဲ့ ၂ ပါဒကို ချန်လှပ်ပြီး ထည့်သွင်းထားတာကို တွေ့ရပါတယ်။


ဘယသိဒ္ဓိ မီးထွန်းအင်း (၁၁၁၊ ရတနာဒီပံ)

ခုလောက်ဆိုရင် မြင်းခုန်နည်းနဲ့ ပတ်သက်တဲ့ စတုဂံပုံ၊ စတုရန်းပုံ အင်းတွေရဲ့ သဘောကို ရိပ်စားမိမယ် ထင်ပါတယ်။ မြင်းခုန်နည်းတွေကို ကျွန်တော် လေ့လာတဲ့အခါမှာ တချို့ စာအုပ်တွေမှာ စာရိုက်မှားတာ၊ မြင်းခုန်မမှန်တာတွေ စသဖြင့် တွေ့ရပါတယ်။ သာမန် ၃ x ၃ အင်းကွက်လောက်ကို မိမိဘာသာ အလွယ်ထည့်သွင်းနိုင်ပေမယ့် ၇ x ၇ လောက် အင်းကွက်မျိုးကိုတော့ နမူနာ ထည့်သွင်းပြထားတာ မရှိရင် စမ်းသပ်ပြီး မြင်းခုန်နေတာနဲ့တင် အင်းစီရင်တဲ့ ကဏ္ဍကို မရောက်တော့ဘဲ အတော်လေး စိတ်ပျက်စရာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စနစ်တကျလေး ဖြစ်အောင် မြင်းကွက်ခုန်တဲ့ လမ်းကြောင်းတွေကို ပုံတိုင်းမှာ အမှတ်စဉ်တတ်ပြီး သေချာလေး ဆွဲပြခြင်းဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေ အတွက် အသုံးတည့်မယ့် Application Software အသေးစားလေး တစ်ခုကိုပါ မျှဝေချင်ပါတယ်။ http://dmitrybrant.com/knights-tour ဆိုတဲ့ စာမျက်နှာမှာ ရှိပါတယ်။ အဲဒီစာမျက်နှာ အလယ်လောက်မှာ Download the application ဆိုတာ ရှိပါတယ်။ ရလာတဲ့ Software လေးကို စက်ထဲမှာ Run ပြီးသွားရင် မိမိလိုသလောက် (အလျား x အနံ) ရှိတဲ့ အင်းကွက်တွေကို ရေးဆွဲခိုင်းလို့ ရသွားပါပြီ။ Trials ဆိုတဲ့ နေရာမှာတော့ မိမိလိုသောက် ပုံတွေ စမ်းဆွဲခိုင်းလို့ ရပါတယ်။ ၃ ခုထဲ ပေးထားရင် ၃ ပုံတည်း ရေးဆွဲပြမှာ ဖြစ်ပါတယ်။


(28 x 28 knight’s tour. Source: http://dmitrybrant.com/images/knights/28.png)

အထက်က ပုံကတော့ ၂၈ x ၂၈ မြင်းသေမြင်းကိုက် အင်းကွက်ကို အဲဒီ Software လေးက ရေးဆွဲပေးထားတဲ့ ပုံပါ။ မိမိကြိုက်သလောက် အရွယ်အစားကို ဆွဲခိုင်းလို့ ရပါတယ်။ ဒီတော့ ပရိတ်ကြီး ၁၁ သုတ်လုံးကိုပဲ အင်းဆန်သွင်းပြီး မြင်းကွက် ခုန်ချင်ပါသလား။ မခက်တော့ပါဘူးလို့ပဲ ဆိုချင်ပါတယ်။

နောက်လာမယ့် အပိုင်းမှာတော့ ပဆစ်အိမ်၊ ခိုနန်းချိုး စတဲ့ စတုဂံ မဟုတ်တဲ့ ပုံသဏ္ဍာန်တွေထဲမှာ မြင်းခုန်နည်းနဲ့ ရေးသွင်းတဲ့ အင်းတွေ အကြောင်းကို လေ့လာပါမယ်။ ဒီဆောင်းပါးထဲက မြင်းခုန်နည်းနဲ့ ပတ်သက်တဲ့ အင်းတွေကို ကျွန်တော် စုဆောင်းရမိသလောက် စာအုပ်၊ စာတန်းတွေကနေ ပြန်လည်တင်ပြခြင်း ဖြစ်တဲ့အတွက် လိုအပ်သည်များ၊ လွဲချော်နေသည်များ ရှိခဲ့ပါလျှင် အကြံပြု ဝေဖန်သွားနိုင်ကြပါသည်။ ဒီဆောင်းပါးတွေ ဖြစ်မြောက်ဖို့ လိုအပ်တဲ့ အင်းတွေ၊ စာမူတွေကို ဓာတ်ပုံရိုက်ပြီး စိတ်ရှည်လက်ရှည်ပို့ပေးတဲ့ မိတ်ဆွေကြီး ကိုစိုင်းအောင်၊ ကိုကေ တို့ကို ကျေးဇူးတင်ကြောင်းလည်း ပြောချင်ပါသေးသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

References:
  • သူရဲဘောကြောင်တဲ့ လူညံ့၊ မင်းခိုက်စိုးစန်
  • သူရဿတီ အဖွင့်ကျမ်း၊ မြစလွယ်
  • ရတနာဒီပံ၊ ယတြာဓာတ်ရိုက်ကျမ်း။ ဆရာကြည်
  • လက်တွေ့ ပယောဂ အင်းကျမ်းကြီး။ အရှင်ရေဝတ
  • လက်တွေ့ ပယောဂ ကုထုံးကျမ်း။ မြစလွယ်
  • လက်တွေ့ မဟာဒီပံ အင်းသိုက်ကြီး။ ဆရာကြီး ဦးသက်ရှည်
  • ဗားမဲ့ - ဗားတမော့ လက်တွေ့အစီအရင်ကျမ်း (ပ၊ ဒု၊ တ)။ ဆရာညို
  • အခြေခံ အင်းပညာသင်တန်းအတွက် သင်ရိုးညွှန်းတမ်းမူ။ ဇေယျသိဒ္ဓိ ဆရာကြီး ဦးစိုးမင်း
  • ပင်မအနှစ်ချုပ် မဟာအင်းမြတ်ကြီး။ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်
  • ဗားမဲ့ လက်တွေ့ကျမ်း ပေါင်းချုပ်။ သံလျှက်မှော် ဆရာတော် ဘုရားကြီး
  • http://en.wikipedia.org/wiki/Knight's_tour
  • http://www.ktn.freeuk.com/index.htm
  • http://www.chess-poster.com/english/laws_of_chess.htm
  • http://dmitrybrant.com/knights-tour

4 comments:

  1. ကိုအုပ်စိုးရေ-
    ၁၉၉၀-လောက်က ဝေဒ မဂ္ဂဇင်းမှာ- ဆရာမြိုင် (ကလောင်အမည် တောသားကြီး ချစ်မြိုင်) က ကိုအုပ်စိုး အခုဖေါ်ပြထားတဲ့ အ- အလယ်သေ ဗျည်း ၃၃-လုံးအင်းကို ဖေါ်ပြလို့- ကျွန်တော် နေ့ကော၊ ညပါ ကြိုးစားခဲ့ဘူးပါတယ်။ ကျွန်တော်က လူလယ်ကျပြီး- အ-ကနေ နောက်ပြန်ချတာပေါ့- ဘာရမလဲ။ ဒါပေမယ့် နောက်ဆုံး တကွက်ကျယင်- မြင်းခုန် မရတော့ပဲ- ထောင့်ဖြတ်ပဲ ရတော့တယ်။ ဖြစ်နိုင်တဲ့ အဖြေတွေက လည်း အများကြီးပါပဲ- အားလုံး မြင်းခုန် စစ်စစ်ကျဘို့က တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဆရာ နျူမာန် (မိုးတား)

    ReplyDelete
  2. အင်းတွေတော့ .. ဗဟုသုတလောက်ပဲ လျှောက်ဖတ်တယ်. .. အခွင့်ရရင် စမအကြောင်း ဖတ်ချင်တယ်ဗျာ။ အင်းကွက်က သင်္ချာဆန်ဆန် လှသလို စမကလည်း အက္ခရာနဲ့ အနုပညာနဲ့ ပေါင်းစပ်ထားသလို လှနေတယ်။ အဲဒါလေးတွေ လုပ်ပါဦး။

    ReplyDelete
  3. Saya,
    Which computer program do you use to create the အင်း for this website?

    ReplyDelete
  4. အင်းပညာရဲ့အနှစ်သာရကဘာလဲ အခုပြထားပေးတာတွေက အကုန်မပါပါဘူး လေ့လာချင်သူတွေကို လမ်းပြပေးတာလောက်ပဲရှိပါသေးတယ်

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။