
စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။
History is philosophy teaching by examples.
(Thucydides)
History is philosophy teaching by examples.
(Thucydides)
အရင်ဆောင်းပါးတစ်ခု ဖြစ်တဲ့... “မြန်မာအင်းများ စီစဉ်ပုံ (၃)” မှာ အဘယ ဇာတကအင်းအကြောင်း ဖော်ပြခဲ့ပါတယ်။ ခု ဒီမှာတော့ အဲဒီအင်းကိုပဲ “အာယုခက်အင်း (ဝါ) မဏိဇောတရသ်အင်း” ဆိုပြီး အခြားနည်းလမ်းနဲ့ ရေးသွင်းတာကို လေ့လာကြပါမယ်။
“ကြေးမင်းအိမ်က အစကောက်သွင်း ရုပ်နံခင်း” ဆိုတဲ့ စာချိုးနဲ့ သွင်းရတဲ့ အဘယဇာတက ရုပ်အင်းကို မှတ်မိကြမယ် ထင်ပါတယ်။ ဒီလို ထည့်သွင်းသွားတဲ့အခါ နောက်ဆုံးမှာ “ဋ” အက္ခရာမှာ အဆုံးသတ်တာကို တွေ့မှာ ဖြစ်ပါတယ်။ “ဋ” ဟာ “ဋသံညှင်းကြိတ်” ဆိုတဲ့ မူလအက္ခရာ “ဋ၊ သ၊ ည၊ က” ကို ဖွားမြင်တဲ့ အက္ခရာ ဖြစ်ပါတယ်။ (ဋ၊ သ၊ ည၊ က ဆိုတဲ့ မူလအက္ခရာ တွေ ဖြစ်ပေါ်လာပုံ အကြောင်းကို နောက်လာမည့် ပို့စ်တွေမှာ အလျဉ်းသင့်သလို ရှင်းလင်းပြသွားပါမယ်။)
မူလအက္ခရာ “ဋ၊ သ၊ က၊ ည” ကို နံသင့် ဂဏန်း ကောက်ယူလိုက်လျှင် “၇၊ ၆၊ ၂၊ ၃” ရပါမည်။ ထို ဂဏန်း လေးခုကို အနုသဘောအားဖြင့် နဝင်း ၉ ဖြင့် မြှောက်ပါလျှင် “၆၃၊ ၅၄၊ ၁၈၊ ၂၇” ဆိုသော ဂဏန်းများ ရပါမည်။ ထိုဂဏန်းများကို ယောဇနာသဘော ပြောင်းပါလျှင် “သွယ်ဆံ၊ မြလေး၊ ဥရှောင်၊ ကွေးနှင့်” ဟူသော လင်္ကာကို ရမှာ ဖြစ်ပါသည်။
| ဋ | သ | က | ည |
| ၇ | ၆ | ၂ | ၃ |
| x ၉ | x ၉ | x ၉ | x ၉ |
| ၆၃ | ၅၄ | ၁၈ | ၂၇ |
| သွယ်ဆံ | မြလေး | ဥရှောင် | ကွေးနှင့် |
သျှင်ကလျာဏဓဇ မထေရ်မြတ် ရေးသားစီရင်အပ်သော စွယ်စုံကျော်ထင် အဖြေကျမ်း တွင်လည်း... “ဆံသွယ် မြတ်လေး၊ ဥရှောင် ကွေးနှင့် တွင် ဆံသွယ်၌ ၉ ပါး၊ မြတ်လေး၌ ၉ ပါး၊ ဥရှောင်၌ ၉ ပါး၊ ကွေးနှင့်၌ ၉ ပါး...” ရှိကြောင်းကို ထပ်မံ ပြဆိုထားပါသေးသည်။
ပြီးခဲ့တဲ့ အဘယဇာတက အင်းအကြောင်း ပြောတဲ့အခါ “မျက်နှာပွင့် သူရဿတီအင်း” အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒီအင်းဟာ အဘယ ဇာတက အင်းကို ၁ ကနေ ၈ အထိ ဂဏန်းတွေ မပြောင်းလဲဘဲ ကျန်တဲ့ ၉ ကနေ ၁၆ အထိ ဂဏန်းတွေကို ပြောင်းလဲပြီး ရေသွင်းသွားတာမျိုးပါ။
အဲဒီမှာ မပြောင်းလဲဘဲ ထားတဲ့ ၁ ကနေ ၈ အထိ ဂဏန်းတွေကိုပဲ လေ့လာကြည့်ရင် အထက်က “သွယ်ဆံ မြလေး ဥရှောင် ကွေးနှင့်” လင်္ကာနဲ့ ကိုက်ညီနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီလင်္ကာကို ၄ x ၄ အင်းကွက်မှာ သွင်းကြည့်မယ်ဆိုရင် အောက်ကအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
အထက်က “၆၃၊ ၅၄၊ ၁၈၊ ၂၇” တို့မှာ အင်းစောင့် ဂဏန်းများ ဖြစ်ပြီး ယောဇနာသဘော ဆိုလျှင် “သွယ်ဆံ၊ မြလေး၊ ဥရှောင်၊ ကွေးနှင့်” ဖြစ်ပါသည်။ ပြီးလျှင် ၁၇ ရအောင် “ပုဏ္ဏကမျက်စောင်း (ဝါ) ဇာပျံလေးသွားနည်း” နဲ့ ရေးသွင်းပါမည်။ “ပုဏ္ဏကမျက်စောင်း” ဟု ဆိုသည့်အတိုင်း အင်းစောင့် ဂဏန်းနှင့် မျက်စောင်းထိုး ထောင့်ဖြတ်နေရာတွင် ရေးသွင်းရခြင်း ဖြစ်ပါသည်။ ဥပမာ အင်းစောင့် ဂဏန်း ၁ နှင့် မျက်နှာချင်းဆိုင် ထောင့်ဖြတ် နေရာတွင် ၁၆ ဂဏန်းကို ရေးသွင်းပြီး (၁ + ၁၆ = ၁၇) ၂ ဂဏန်း နှင့် ထောင့်ဖြတ်တွင် ၁၅ ဂဏန်း (၂ + ၁၅ = ၁၇) ကို ရေးသွင်းရပါမည်။
၁၇ ဖြစ်အောင် ရေးသွင်းရသည်ကို ဆရာ ရန်နိုင်ဘုန်းမြင့်ရေးသော ကပ္ပလင်္ကာရကျမ်း၌... “၃၅ နှစ် ဘုရားဖြစ်ကို ဧက တစ်နှုတ်၊ ဒွေးနှစ်နဲ့စား...” ဆိုသော လင်္ကာဖြင့် ဖော်ပြထားပါသည်။ (၃၅ - ၁ = ၃၄ ÷ ၂ = ၁၇) အထက်ကအတိုင်း ၁ ကနေ ၈ အထိ ဂဏန်းအားလုံးကို ဇာပျံလေးရေးသွင်းနည်းဖြင့် ထည့်သွင်းပြီးပါလျှင် ယခင်ပို့စ်တွင် “အစကြိုးကြာ ဆယ့်ခြောက်ခါတည့်...” လင်္ကာဖြင့် ရထားပြေးနည်း ရေးသွင်းရသော အဘယဇာတက အင်းကိုပင် ထပ်မံရရှိမည် ဖြစ်ပါသည်။
အထက်ပါ အင်းစောင့်ဂဏန်း “သွယ်ဆံ၊ မြလေး၊ ဥရှောင်၊ ကွေးနှင့်” ကို မူလအက္ခရာ “ဋ၊ သ၊ ည၊ က” မှ မယူဘဲ အခြားနည်းဖြင့်လည်း ယူ၍ ရပါသေးသည်။ ၎င်းကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရဲ့ စွယ်စုံကျော်ထင်ကျမ်းမှာ... “အာယုခက်ဝယ်၊ အင်းလေးသွယ်၊ ဘယ့်နှယ်ဂဏန်း စသနည်း” ၌ ဖော်ပြထားသည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ဒွါရ ၉ ပါး x ခန္ဓာ ၅ ပါး = ၄၅ (မြလေး)
- ဒွါရ ၉ ပါး x ဓါတ် ၄ ပါး = ၃၆ (ဆံသွယ်)
- ဒွါရ ၉ ပါး x ဘဝ ၃ ပါး = ၂၇ (ကွေးနှင့်)
- ဒွါရ ၉ ပါး x သုခ၊ ဒုက္ခ ၂ ပါး = ၁၈ (ဥသျှောင်)
အင်းစောင့်ဂဏန်း “သွယ်ဆံ၊ မြလေး၊ ဥရှောင်၊ ကွေးနှင့်” ကို သိထားလျှင် “အာယုခက်အင်း (ဝါ) မဏိဇောတရသ်အင်း” ၆၄ အင်းကို အလွယ်တကူ ဖန်တီးယူနိုင်ပါမည်။ ၆၄ အင်းကို အမျိုးအစားအားဖြင့် ၄မျိုး ထပ်မံ ခွဲခြားနိုင်ပါမည်။ ၎င်းတို့မှာ...
- ပေါင်လဲအဆင်း ၁၆ အင်း
- ပေါင်လဲအတက် ၁၆ အင်း
- ရပ်စောက်အဆင်း ၁၆ အင်း
- ရပ်စောက်အတက် ၁၆ အင်း
ထိုကဲ့သို့ ၆၄ အင်းအထိ များပြားစွာ ကွဲပြားရခြင်းမှာ အင်းစောင့် ဂဏန်းများ ဖြစ်သည့် “သွယ်ဆံ၊ မြလေး၊ ဥရှောင်၊ ကွေးနှင့်” စသည်တို့ကို “ဆံသွယ်၊ လေးမြ၊ ရှောင်ဥ၊ နှင့်ကွေး” စသည်ဖြင့် အမျိုးမျိုး ပြောင်းလဲပြီး ရေသွင်းခြင်းသာ ဖြစ်လေသည်။ ပေါင်လဲအင်းများကို အလျားလိုက် ထည့်သွင်းပြီး၊ ရပ်စောက် အင်းများကိုမူ ဒေါင်လိုက်ထည့်သွင်း လေသည်။
အထက်က နမူနာပုံများကို လေ့လာကြည့်လျှင် ပြောင်းလဲရေးသွင်းပုံကို သဘောပေါက်မည် ဖြစ်လေသည်။ နမူနာပုံများတွင် ၁ မှ ၈ အထိသာ ထည့်သွင်းပြထားရာ ကျန်ရှိသော ၉ မှ ၁၆ အထိကို ပုဏ္ဏကမျက်စောင်း (ဝါ) ဇာပျံလေး ရေးသွင်းနည်းဖြင့် ရေးသွင်းရမည် ဖြစ်လေသည်။ ရေသွင်းပြီးသော အင်းများကို အနောက်တိုင်း သင်္ချာသဘောဖြင့် သုံးသပ်သည့်အခါ အချို့အင်းများသည် မှန်ပုံ၊ လည်ပုံ (Mirror/ Rotational Image) များ ဖြစ်သဖြင့် အနှစ်ချုပ်လျှင် အင်း ၁၆ ခုသာ ကျန်ပါလိမ့်မည်။
4th Order Magic Square (စတုတ္ထအဆင့် အင်းကွက်) ဖြစ်သည့် ၄ x ၄ အင်းကွက်များကို အနောက်တိုင်း သင်္ချာမှ စုစုပေါင်း ၈၈၀ ရှိကြောင်း တွက်ထုတ်ထားပြီး ဖြစ်လေသည်။ ထို ၈၈၀ လုံးသည် မှန်ပုံ၊ လည်ပုံများ မဟုတ်ဘဲ ကွဲပြားသော အင်းများ ဖြစ်လေသည်။ အဘယဇာတကအင်း အပါအဝင် အာယုခက်အင်း စသည်တို့မှာလည်း ထို ၈၈၀ ထဲတွင် ပါဝင်သော အင်းများဖြစ်လေသည်။ ထို ၈၈၀ သော စတုတ္ထအဆင့် အင်းအားလုံးတို့သည် ရလာဒ်အဖြေ ၃၄ ထွက်သည်ကိုလည်း ယခင်က လေ့လာတင်ပြ ခဲ့ဖူးပါသည်။ ထို ၈၈၀ ကို လေ့လာလိုလျှင် ဤနေရာတွင် တွေ့နိုင်ပါသည်။
စတုတ္ထအဆင့်အင်း (၄ x ၄ ကွက်အင်း) တွေနဲ့ ပတ်သက်လို့တော့ ဒီနေရာမှာပဲ နားပါတော့မည်။ နောက်လာမည့် ပို့စ်တွင် မြင်းခုန်နည်းကို အခြေခံသော အင်းကွက်များ အကြောင်းကို ရေးသား တင်ဆက်သွားပါဦးမည်။ မြန်မာအင်းပညာသည် အင်မတန်မှ ကျယ်ပြော နက်ရှိုင်းသော ပညာရပ်ဖြစ်တာကြောင့် နှုတ်တစ်ရာ စာတစ်လုံးမက စနစ်တကျ လေ့လာသုံးသပ်သင့်သော ပညာရပ်လည်း ဖြစ်ပေသည်။ အင်းကြောင့် ဘဝတိုးတက်သွားသူများ၊ အဆင်ပြေသွားသူများ ရှိသလို၊ အင်းကြောင့် ဒုက္ခဖြစ်ရသူများ၊ ထိတ်လန့်ရသူများလည်း ရှိပါသည်။ ထို့ကြောင့် ယုံကြည်ခြင်း၊ မယုံကြည်ခြင်းဟူသော အစွန်းနှစ်ဘက်ကို စွဲကိုင်ပြီး အရမ်းကာရော ခေါင်းညိမ့်၊ ခေါင်းခါ မလုပ်မိကြစေဖို့ သတိပြုသင့်လှကြောင်း ပြောချင်ပါတော့သည်။
ယခုဆောင်းပါးများကို ကျွန်တော့်တွင် ရှိသော စာအုပ်များ၊ စုဆောင်းထားသည်များမှ ကောက်နှုတ် ရေးသား ဖော်ပြခြင်းဖြစ်၍ ပြီးပြည့်စုံပြီဟု မဆိုနိုင်ချေ။ ထို့ကြောင့် လိုအပ်သည်များ၊ မရှင်းလင်းသည်များ၊ လွဲချော်နေသည်များ၊ ကွဲလွဲမှုများ ရှိခဲ့ပါမူ လွတ်လပ်ပွင့်လင်းစွာဖြင့် အကြံပြု ရေးသား သွားနိုင်ပါကြောင်း ပြောချင်ပါသည်။
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
References:
- ဆရာဦးစိုးမင်း အင်းသင်တန်း လက်ရေးမူ
- လက်တွေ့ မဟာဒီပံ အင်းသိုက်ကြီး။ ဆရာကြီး ဦးသက်ရှည်
- အင်းစမပညာ အခေါင်အချုပ်၊ ကပ္ပလင်္ကာရကျမ်း။ ဆရာရန်နိုင်ဘုန်းမြင့်
- မြန်မာနိုင်ငံ သူနာပရန္တတိုင်း အနောက်ဘက်တိုက်အ၀င် ကုခန်းမြို့ အနောက်ဘက် ပိုက်သင်ဆရာတော် အသျှင်ကလျာဏဓဇ မထေရ်မြတ် ရေးသားစီရင်အပ်သော စွယ်စုံကျော်ထင် အဖြေကျမ်း။ ဦးနန်းလှိုင်၊ ပုရိသ
- http://web.archive.org/web/20011203085534/www.aks.de/heimbach/quadrate/jupiter/880.htm














0 comments:
Post a Comment
ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။