Friday, September 10, 2010

မြန်မာအင်းများ စီစဉ်ပုံ (၄)



စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။

Miscellaneous is always the largest category.
(Joel Rosenberg)

မြန်မာအင်းတွေနဲ့ ပတ်သက်ပြီး စီစဉ်ပုံ နည်းစနစ် အချို့ကို သင်္ချာရှုထောင့်ကနေ ရေးသားခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်မှာတော့ ဟင်းအကြောင်း ယောင်းမ မသိရ မဖြစ်ရလေအောင်... အင်း၊ စမ စတာတွေနဲ့ ပတ်သက်တဲ့ အထွေထွေ ဗဟုသုတလေးတွေကို မျှဝေချင်ပါတယ်။ ကျွန်တော် လက်လှမ်းမီသ၍ ဖတ်ရှုလေ့လာမိသလောက် စာအုပ်တွေကနေ ကိုးကားရေးသားတာ ဖြစ်တဲ့အတွက် လိုအပ်သည်များ လစ်ဟာမှုများ ရှိပါက ခင်မင်စွာဖြင့် အကြံပြု ဝေဖန်နိုင်ကြပါသည်။

========================================

အင်း၊ လက်ဖွဲ့ စသည်တို့နှင့် ပတ်သက်ပြီး သုတေသန ရုပ်ပြအဘိဓာန်မှ အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရားမျိုး ၇-ပါး။ ။ ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ်
တစ်စောင်မှ၊ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်း
ရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။
(၅) မန္တရား - သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊ ဥပမာ "သြောင်း ဒူရေ ဒူရေ သွာဟ"စသည်မျိုး။
(၆) မန္တန် - ဥုံ အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊ ဥပမာ- "ဥုံ စွာရတီကျ မေ မာတာ" စသည်မျိုး။
(၇) ဂါထာ - ဥုံ သြောင်း မပါသော ရွတ်ဆိုမှုမျိုး၊ ပရိတ်ကြီး-စသည်။

(သုပြအဘိဓာန်၊ http://thupya2008a.blogspot.com/2008/11/blog-post_9679.html)

========================================

ခရီးဆောင် မြန်မာအဘိဓာန်ကတော့ အောက်ပါအတိုင်း ဖွင့်ဆိုပါတယ်။

အင်း - လောကီပညာအရ ဂဏန်း အက္ခရာများကို ရေးသားစီရင်ထားသော ဇယားကွက်။
အင်းကန်း - အင်းအစီအရင် မအောင်မြင် ဖြစ်သည်။
အင်းကျိုး - အင်းအစီအရင် ချွတ်ယွင်းသည်။ အင်းအစွမ်း ပျက်ပြယ်သည်။
အင်းချ - လောကီပညာအရ ဂဏန်း၊ အက္ခရာများကို အင်းကွက်တွင် စီရင် ရေးသွင်းသည်။
အင်းဆန် - အင်းကွက်အတွင်း၌ ရေးသားသော ဂဏန်း၊ အက္ခရာ။
စမ - အင်း စသည်တို့တွင် သွတ်သွင်း အသုံးပြုလေ့ရှိသော စ၊ ဓ၊ ဗ၊ ဝ စသည့် အက္ခရာစု
ခရာ - အက္ခရာ။
ခရာစောက်အင်း - မျဉ်းမတ် ဇယားကွက်။
ခါးလှည့် - ခါးတွင် ကြိုးဖြင့် ရစ်ပတ် ဆောင်ထားရသော လက်ဖွဲ့။
လက်ဖွဲ့ - ဘေးရန် ကာဆီးရန် ရွှေပြား၊ ငွေပြား စသည်၌ အင်းချကာ လိပ်၍ ချည်ဖြင့် ထုံးဖွဲ့ထားသော အဆောင်ပစ္စည်း။
မန္တရား - မန္တန် (သက္ကတ၊ မန္တြ )
မန္တန် - မန်းမှုတ်ရွတ်ဆိုရသော စကားစု (သက္ကတ၊ မန္တြ)
မန်း - ဘေးအန္တာရယ် ပျောက်ပြယ်စေရန် မန္တန်ကို ရွတ်ဆိုသည်။
ဂါထာ - ၁။ ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစီသော ပါဠိကဗျာ။
ဂါထာ - ၂။ လိုအင်ဆန္ဒ ပြည့်ဝစေကြောင်း သြောင်း၊ ဥုံခံ၍ ရွတ်ရသော စာ (ပါဠိ၊ ဂါထာ)
သိဒ္ဓိ - ပြီးမြောက်ခြင်း
သိဒ္ဓိတင် - လက်ဖွဲ့စသည်ကို အစွမ်းထက်အောင် ဆောင်ရွက်သည်။
ယတြာ - ဖြစ်ပေါ်လာနိုင်သော မကောင်းကျိုးကို ပျက်ပြယ်စေရန် ဗေဒင်ပညာအရ ဆောင်ရွက်သော အစီအရင်။ (သက္ကတ၊ ယာတြာ)
ယတြာချေ - ယတြာ အစီအရင် ပြုလုပ်သည်။

(ခရီးဆောင် မြန်မာအဘိဓာန်)

========================================

ပထမံ စမဝိဇ္ဇာ စာအုပ်တွင် ဆရာအောင်နှင့် ဆရာတော် ဦးသုဇာတတို့၏ အမေးအဖြေခန်းမှာ ဂါထာ၊ မန္တန် စသည်တို့နှင့် ပတ်သက်ပြီး

အရှင်ဘုရား...
ဂါထာ၊ မန္တန်၊ မန္တရားတို့သည် မည်သို့ ကွဲပြား ခြားနားပါသနည်း ဘုရား

ဒကာ...
ပါဠိ၊ အဋ္ဌကထာ ဋီကာကျမ်းတို့ လာသမျှကို ဂါထာခေါ်သည်။

ဥုံ - ပါသည်ကို မန္တန်ခေါ်သည်

သြောင်း - ပါသည်ကို မန္တရား ခေါ်သည်။

(၉၆၊ ပထမံ စမဝိဇ္ဇာ)

========================================

အင်းကျိုးခြင်း၊ အင်းကန်းခြင်း၊ အင်းပေါက်ခြင်းတို့နှင့် ပတ်သက်ပြီး သုတေသန ရုပ်ပြအဘိဓာန်နှင့် ပထမံ စမဝိဇ္ဇာ စာအုပ်တွေမှာတော့ ဒီအတိုင်း ပြဆိုပါတယ်။

အင်းကန်းခြင်း ၇-ပါး။ ။ အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့် ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။

အင်းကျိုးခြင်း ၇-ပါး။ ။ အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီလေချွန်ခြင်း၊
(၃) လူးလည်း၍စီစဉ်ခြင်း၊
(၄) စီရင်မပြီးမီ ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမသားမီ အတွင်းမျဉ်းများကိုသားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။

အင်းပေါက်ခြင်း ၇-ပါး။ ။ ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိဟူ၏၊
(၁) အင်းပေါင်ချင်းမထိစပ်ခြင်း၊
(၂) အင်းပေါင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချမမှန်ခြင်း၊
(၄) အင်းပေါင်နှင့် အင်းဆန်ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့်မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချမညီခြင်း။
မှတ်ချက်။ ။ အင်းကွက်ကို ၀က်ခေါင်းထိုးလျှင်ကိုက်နေရမည်ဟူ၏။

အင်းကျိုးခြင်း ၇ပါး၊ အင်းကန်းခြင်း ၇ပါး၊ အင်းပေါက်ခြင်း ၇ပါး စသောအားဖြင့် မအောင်မြင်ခြင်း ပျက်စီးခြင်း အင်္ဂါရပ် ၂၁ပါး ရှိလေသည်။

(၈ - ၁၀၊ ပထမံ စမဝိဇ္ဇာ။ သုပြ အဘိဓာန်၊ http://thupya2008a.blogspot.com/2008/11/blog-post_9679.html)

========================================

ပယောဂအင်းနှင့် ရတနာ ဒီပံ စာအုပ်များမှာတော့


အင်းပေါက်ခြင်း လက္ခဏာ ရှစ်ပါး
(၁) အင်းဘောင်ခြင်း မထိဆက်မိ၍ ပေါက်ခြင်း
(၂) အင်းကွက် မညီညွတ်၍ ပေါက်ခြင်း
(၃) အင်းဘောင်လေးထေါင့်၊ တဘက်တိုရှည် ဖြစ်နေ၍ ပေါက်ခြင်း
(၄) အင်းဘောင်တားစဉ် စိတ်မငြိမ်၍ ပေါက်ခြင်း
(၅) အင်းချစဉ် မန္တန်မစုတ်မိ၍ ပေါက်ခြင်း
(၆) ဂဏန်း အက္ခရာများ အင်းဘောင်ကို ထိ၍ ပေါက်ခြင်း
(၇) အင်းအတွင်းမျဉ်းများ၊ အစွန်းပိုလွန်၍ ပေါက်ခြင်း
(၈) ဂဏန်း ခေါင်းငိုက် တိုရှည်ဖြစ်နေသဖြင့် ပေါက်ခြင်း
ဤရှစ်ပါးတည်း။

အင်းကန်းခြင်း လက္ခဏာ ရှစ်ပါး
(၁) အက္ခရာ သွင်းရာဝယ် အင်းသွားမမှန်၍ ကန်းခြင်း
(၂) နက္ခတ်မမှန်၍ ကန်းခြင်း
(၃) အက္ခရာ ဂဏန်းမှစ၍ အကြီးအငယ်၊ အတိုအရှည် မသင့်၍ ကန်းခြင်း
(၄) အက္ခရာ ဂဏန်းမှစ၍ အထားအသို အကျောက်အကန် မမှန်၍ ကန်းခြင်း
(၅) မသိုးမသန့်သော နေရာဝယ် စီရင်မိ၍ ကန်းခြင်း
(၆) ကိုယ်မသန့်စင်၊ သီလမစင်ကြယ်၍ ကန်းခြင်း
(၇) စီရင်ထားရာဝယ် မစင်ကြယ်သူ ကိုင်မိ၍ ကန်းခြင်း
(၈) ဂါထာစုတ်ရာဝယ် ရွတ်ဘတ်သည့် အသံချွတ်ယွင်း၍ ကန်းခြင်း
ဤရှစ်ပါးတည်း။

အင်းကျိုးခြင်း လက္ခဏာ ရှစ်ပါး
(၁) အင်းစီရင်ရာဝယ် နေရာမသန့်ရှင်း၍ ကျိုးခြင်း
(၂) အင်းဘောင် အထားအသို စောင်းငဲ့၍ ကျိုးခြင်း
(၃) စီရင်စဉ် စကားဆိုမိ၍ ကျိုးခြင်း
(၄) စီရင်စဉ် တံတွေးမျိုမိ၍ ကျိုးခြင်း
(၅) ကိုယ်ကို တွန့်လိမ် လူးလဲခြင်း၊ အနေအထားပြင်ခြင်း၊ ထိတ်လန့်ခြင်းများကြောင့် ကျိုးခြင်း
(၆) မပြီးခင် နေရာပြောင်းလွှဲစီရင်မိ၍ ကျိုးခြင်း
(၇) အလုံးစုံ စီရင်ရာ၌ ဥုံပြတ်၍ ကျိုးခြင်း
(၈) မဟာရံ မခတ်မီ အစဉ်အတိုင်းထား၍ ကျိုးခြင်း
ဤရှစ်ပါးတည်း။

(၈၇ - ၈၉၊ ရတနာဒီပံ။ ၅ - ၇၊ ပယောဂအင်း)

========================================

အင်းချသူ၏ အင်္ဂါနှင့် ပတ်သက်ပြီး သုပြအဘိဓာန်မှာ ဆိုထားတာက...

အင်းချသူအင်္ဂါ ၈-ပါး။ ။ ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည်ဟူ၏၊
(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒ၀ီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဥာဏ်ရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခမျှ ထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကို
မအောက်မေ့ မတွေးတောရခြင်း။

(သုပြ အဘိဓာန်၊ http://thupya2008a.blogspot.com/2008/11/blog-post_9679.html)

========================================

အစီအရင် အထမမြောက်ခြင်းနှင့် ပတ်သက်ပြီး ပထမံ စမဝိဇ္ဇာ စာအုပ်မှာတော့...

အစီအရင် ဟူသမျှ အထမမြောက်၊ မအောင်မြင်ခြင်း အကြောင်း

(၁) စီရင်သူ၏ ဉာဏ် ဝီရိယ ညံ့ဖျင်း၍ မအောင်မြင်ခြင်း
(၂) စီရင်သူ၏ အကုသိုလ်ကံကြောင့် မအောင်မြင်ခြင်း
(၃) နတ်တို့နှောင့်ယှက်ဖျက်ဆီးသဖြင့် မအောင်မြင်ခြင်း
(၄) နည်းမှန်လမ်းကျ မဟုတ်၍ မအောင်မြင်ခြင်းဟူ၍ လေးပါးရှိသည်။

(၁) အချက်မှာ...
မိမိ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖန်ဖန်စိစစ်ရခြင်း၊ ပညာရှိတို့နှင့် နှီးနှောတိုင်ပင်ခြင်း၊ စာပေကျမ်းဂန်သဘောကို စစ်ကြောသုတ်သင်၍ ထက်မြက်သော ဝီရိယဖြင့် သမာဓိစသော တရားတို့ကို ပူးပေါင်း၍ အောင်မြင်စေရမည်။

(၂) အချက်မှာ...
အကုသိုလ်ကံကို ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်ပြုခြင်း၊ ရတနာ သုံးပါး၊ အနန္တောအနန္တငါးပါးတို့အား ရှိခိုးပူဇော်ခြင်း စသော အစီအရင်ဖြင့် အောင်မြင်စေရမည်။

(၃) အချက်မှာ...
နတ်တို့ကို မေတ္တာပြုခြင်း၊ ပူဇော်ပသခြင်း စသည်ဖြင့် အောင်မြင်စေရမည်။

(၄) အချက်မှာ...
ဆရာကောင်းတို့၏ နည်းမှန်လမ်းမှန်ကိုသာ လေ့လာဆည်းပူး၍ လုပ်ဆောင်စေရမည်။

များစွာကုန်သော လေ့လာလိုက်စားသည့် ပုဂ္ဂိုလ်အပေါင်းတို့သည် ပြုမူစီမံပုံ နေရာမကျ၍သာ လိုသလောက် မပြီးစီးကြပေ။

အချို့ကား...
လောကီပညာ မှန်သမျှ နည်းကိုသာ မရ-ရအောင် စုဆောင်း ရှာဖွေကြသည်။ “နည်းကမခက်၊ လုပ်ပုံခက်သည်”။ ထို့ကြောင့် အင်္ဂါ ပယောဂနှင့် လုပ်ပုံလုပ်နည်း လုပ်ထုံးများကို ဂရုပြု လုပ်ဆောင်ရပေမည်။

(၆၃ - ၆၅၊ ပထမံ စမဝိဇ္ဇာ)

========================================

မြန်မာပြည်လို အရှေ့တိုင်းနိုင်ငံတွေမှာပဲ အထက်ကလို စည်းမျဉ်းတွေ လုပ်ထုံးလုပ်နည်းတွေ ရှိတာ မဟုတ်ပါဘူး။ ဆော်လမွန်ရဲ့ အဆောင်များနဲ့ စီရင်ပုံအကြောင်းကို အသေးစိတ် ရေးသားထားတဲ့ The Greater Key of Solomon ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်မယ်ဆိုရင် အဲဒီထဲက အစီအရင်တွေကို စီရင်မယ့် အချိန်တွေ၊ နေရာတွေကိုပါ သေချာ ညွှန်းဆိုထားပါတယ်။ ဒါ့အပြင် စီရင်မယ့် ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ဥပုသ်စောင့်ရမှာတွေ၊ လိုက်နာရမှာတွေကိုပါ သေချာပြဆိုထားပါတယ်။ ဒါကြောင့် ယုံကြည်မှုတစ်ခုပေါ် အရင်းတည်တဲ့ ဂမ္ဘီရပညာရပ်တိုင်းကို အရှေ့အနောက်ရယ် ခွဲခြားလို့ ပေါ့တန်တန် မယူဆမိဖို့ ပြောဆိုချင်ပါတယ်။

နောက်လာမယ့် ပို့စ်တွေမှာတော့ ယခင်ရေးခဲ့တဲ့ အဘယဇာတကအင်းရဲ့ အဆက်ဖြစ်တဲ့ “အာယုခက်အင်း (ဝါ) မဏိဇောတရသ်အင်း” အကြောင်းရယ်၊ မြန်မာအင်းပညာမှာ မရှိမဖြစ် လေ့လာသင့်တဲ့ မြင်းခုန်နည်းနဲ့ ပတ်သက်တဲ့ အင်းကွက်တွေကို လေ့လာတင်ဆက် ရေးသားသွားပါဦးမည်။ ယခုပို့စ်နဲ့ ပတ်သက်ပြီး လိုအပ်သည်များ လစ်ဟင်းမှုများကို လွတ်လပ်စွာဖြင့် အကြံပြု ဝေဖန်သွားနိုင် ကြပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး


ရည်ညွှန်းစာအုပ်များ
  • ပထမံ စမ ဝိဇ္ဇာ၊ သိဒ္ဓိပေါက်ကျင့်စဉ်။ ဆရာအောင်
  • လက်တွေ့ ပယောဂ အင်းကျမ်းကြီး။ အရှင်ရေဝတ
  • လက်တွေ့ မဟာဒီပံ အင်းသိုက်ကြီး။ ဆရာကြီး ဦးသက်ရှည်
  • ရတနာဒီပံ၊ ယတြာဓာတ်ရိုက်ကျမ်း။ ဆရာကြည်
  • သုတေသန ရုပ်ပြအဘိဓာန်၊ http://thupya2008a.blogspot.com/
  • The Greater Key of Solomon, S. Liddell MacGregor Mathers

0 comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။